ချစ်သူမုန်းသူ သူငယ်ချင်းများအတွက်

     ကျနော်သူငယ်ချင်းကိုဌေးကိုရှယ်ထားတဲ့ ဆရာတော်ဦးဇောတိကရဲ့အဆိုအမိန့် စိတ်ချင်းအဖော်’ soul mate ဆိုတဲ့ post ကိုဖတ်ပြီး ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ ဘဝကိုပြန်ပုံဖော်မိတယ်။ ဟုတ်တယ်ကျနော့်ဘဝတလျောက်လုံး အဲ့ဒီစိတ်ချင်းအဖော်ကိုရှာဖွေနေခဲ့တာ။ ဆရာတော်ရဲ့ဟောကြားချက်ကို အတိုချုပ်ရရင် စိတ်ချင်းအဖော်ဆိုတာ

·         ကိုယ့်ကို ကိုယ်ချင်းစာနားလည်နိုင်တဲ့သူ (အကောင်းအဆိုးကိုယ့်ရဲ့အားနည်းချက်စသဖြင့်ပေါ့)

·         ကိုယ့်ကိုအပြစ်မရှာမရှုံ့ချတဲ့သူ

·         တယောက်ကိုတယောက်ဟန်ဆောင်မှု့၊ ပြိုင်ဆိုင်မှု့လုံးဝမရှိပဲအရိုးသားဆုံးဆက်ဆံတဲ့သူ

·         တယောက်နဲ့တယောက် အထင်သေးတာအထင်ကြီးတာမရှိသူ။

·         ကိုယ့်ကြောင့်သူမလွတ်လပ်တာ၊ သူ့ရဲ့လွတ်လပ်မှု့ကိုကိုယ်ကတားဆီးထားသလိုဖြစ်နေတာမျိုးကိုရှောင်ရှားသူ။

ဒါမှ Soul Mate ဖြစ်မယ်လို့ဆိုထားပါတယ်။

ကျနော်ဖြတ်သန်းခဲ့ရတဲ့ခရီးတလျောက် အဲ့ဒီစိတ်အဖော်ကိုမသိစိတ်ကရှာဖွေနေခဲ့တာ။ ဘာကြောင့်ရှာဖွေနေမိသလဲဆိုတော့ ရှင်းပါတယ်၊ ကိုယ်ကိုတိုင်ကလိုအပ်ချက်၊အားနည်းချက်ရှိနေလို့ပါပဲ။ ကိုယ့်ရဲ့အားနည်းချက်ကိုဘယ်သူကနားလည်ပေးနိုင်မလဲဆိုတာကိုရှာဖွေနေခြင်းပါ။ ကျနော်ဟာကိုယ့်ကိုကိုယ်အားနည်းချက်ရှိသူအဖြစ်နဲ့ကော အရာရာကိုဆိုးရိမ်ကြောင့်ကျနေတတ်တဲ့ လူကြောက်တယောက်အဖြစ်နဲ့ကော နေထိုင်ခဲ့ဘူးပါတယ်။ တကယ်တော့ကိုယ့်ကိုကိုယ်ယုံကြည်မှု့လျော့နည်းနေခြင်းကြောင့်ပါ။ (ကိုယ့်ကိုယ်ကိုယုံကြည်မှု့ရှိအောင်တော့ အတင်းယုံကြည်ခိုင်းလို့မရနိုင်ပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကိုသိပြီးပြန်ဖြည့်တင်းပေးရပါတယ်။ ငါဟာသန်မာတယ်လို့ကိုယ့်ကိုကိုယ်ယုံကြည်မှု့ရှိအောင် သန်မာအောင်နေထိုင်ကျင့်ဆောင်ရသလို ငါဟာသိတဲ့တတ်တဲ့သူလို့ ယုံကြည်မှု့ရှိအောင် လေ့လာရပါတယ်။ ကိုယ့်ရဲ့စွမ်းဆောင်အားတွေကိုပြည့်မှီအောင်ကိုယ်တိုင်ဖြည့်တင်းပေးရပါတယ်။ ကျနော်စစ်တပ်ထဲမှာလက်ဝှေ့ထိုးတာ၊ ကိုယ်လေ့လာကြုံတွေခဲ့ရတာတွေကို မှတ်တမ်းမှတ်ရာရေးတာတွေဟာအဲ့ဒီစိတ်နဲ့လုပ်ခဲ့ခြင်းပါ။ ကိုယ်ဘယ်လောက်အထိစွမ်းရည်ရှိသလဲဆိုတာကိုယ့်ကိုကိုယ်အသိဆုံးမို့ကိုယ့်ကိုကိုယ်တော့ဘယ်တော့မှလိမ်လို့မရပါ) ကျနော်တချိန်ကစကားပြောရင်တောင် ၊ စကားထစ်ငေါ့ခြင်းတွေနဲ့ ကြောက်ရွံ့စိတ်တွေ  ဖြစ်ခဲ့ဘူးပါတယ်။ ကျနော့်အားနည်းချက်တွေကိုကြိုးစားကျော်ဖြတ်နေတဲ့အချိန်မှာ ကျနော့်ပတ်ဝန်းကျင်နဲ့ အမှုအကျင့်ကွာခြားလွန်းတဲ့ အသိုင်းအဝိုင်းမှာကြီးပြင်းလာတဲ့ ကျနော့်အမျိုးသမီး စိမ့်ကိုတွေ့ရှိခဲ့ပါတယ်။ သူကရဲတင်းသွက်လက်သူဖြစ်ပြီး ကြောက်ရွံ့မှု့ကင်းမဲ့စွာနဲ့ဘာကိုမှသိပ်ဂရုမစိုက်တက်တဲ့သူပါ။ သူနဲ့စတွေ့တဲ့အချိန်မှာ အင်းဂလိပ်စကားမပြောတတ်သေးလို့ပြောရမှာစိုးရွံ့နေရတဲ့အချိန်တွေနဲ့ လူတောသူတောထဲစကားပြောရမှာမဝံ့မရဲဖြစ်နေရတဲ့အချိန်တွေမှာ သူ့ရဲ့ဖေးမမှု့အားပေးမှု့တွေဟာ ကျနော့်ရဲ့စိတ်ကိုတွန်းအားဖြစ်ရှေ့ဆက်စေခဲ့တယ်။ သူရဲ့အသိုင်းအဝိုင်းစွန့်လွှတ်ပြီး သူရဲဝံ့စွာပဲ အားနည်းချက်တွေပြည့်ဝနေတဲ့ကျနော့်ဘဝထဲကိုဝင်လာခဲ့ပါတယ်။ ပြည့်စုံနေတဲ့သူ့ဘဝကိုကျောခိုင်းပြီး ကျနော်နဲ့အတူဘဝကိုသုံညကနေပြန်စခဲ့ကြတယ်။ အားနည်းချက်တွေများလွန်းတဲ့ကျနော့်လိုလူကို သူအထင်သေးဖို့နေနေသာသာအပြစ်ရှာတာ၊ ရှုံ့ချတာ သူဘယ်တုန်းကမှမလုပ်ဘူးခဲ့့၊ ကျနော်ကသာ သူ့ရဲ့အားနည်းချက်တွေကိုအားမလိုအားမရဖြစ်ကာ အမြဲပြောဆိုရန်များနေခဲ့ရပြီး ကျနော်တို့နှစ်ယောက်ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းရဲ့အမှုအကျင့်ကွာခြားမှု့ ဂရက်နဲ့ ကျနော်တို့အိမ်ထောင်ရေးတလျောက်လုံးအဆင်မပြေမှု့တွေဖြတ်သန်းလာခဲ့ရတာ။ အဆင်မပြေတဲ့အိမ်ထောင်ရေး တလျောက် တဖြည်းဖြည်း ခက်ခက်ခဲခဲ ညှိယူလာခဲ့ရတာနှစ်ပေါင်းများစွာ။ အဲ့ဒီအခက်အခဲတွေကြားထဲမှာမှ သူ့ရဲ့ရပ်တည်မှု့ကိုကျနော်ရှာဖွေတွေ့ရှိခဲ့ရတာ။ အထက်ကကျနော်ဖော်ပြခဲ့တဲ့ စိတ်ရဲ့အဖော် ဆိုတဲ့အတိုင်း ကျနော့်အတွက်ဆရာတော်ညွန်ပြထားတဲ့အချက်တွေနဲ့ အပြည့်ဝဆုံးသူအဖြစ်တွေ့ရှိခဲ့ရတာ။ ခုချိန်မှာကျနော်ကိုယ်တိုင် ဘဝတွေအချိန်တွေနဲ့ရင်းပြီးရယူထားခဲ့ရတဲ့အဲ့ဒီစိတ်ချင်းအဖော်ဆိုတဲ့ soul mate ကို ဘယ်အရာနဲ့မှမလဲနိုင်တော့ပါ။ ကျနော်တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေများစွာအတွေ့အကြုံအခက်အခဲများစွာကိုကျော်ဖြတ်ပြီးသင်ခန်းစာတွေရခဲ့ပြီမို့ ကျနော်ကိုယ်တိုင်လည်းသူ့ရဲ့အကောင်းဆုံး soul mate အဖော်ဖြစ်အောင်နေထိုင်နိုင်ပြီပို့ယူဆပါတယ်။ ဒီနေရာမှာတချို့သောအရာတွေဟာ အဲ့ဒီ soul mate ကိုပျောက်ဆုံးသွားအောင်အခြေအနေတွေဖြစ်ပေါ်လာနိုင်ပါတယ်။ အခါတလေမှာ အဲ့ဒီ soul mate လိုတန်ဘိုးမဖြတ်နိုင်တဲ့အရာတွေတည်ဆောက်ရာမှာသူ့လောက်အရေးမကြီးတဲ့ တချို့ကို ဆုံးရှုံးသင့်ဆုံးရှုံးရပါတယ်။ သူ့အတွက်ဆွေမျိုးအသိုင်းအဝိုင်းတွေ၊ ဒါမှမဟုတ် အချို့သူငယ်ချင်း အပေါင်းအသင်းတွေကိုလစ်လျူရှု့လိုက်ရတာ၊ ဒါမှမဟုတ်စွန့်လွှတ်ရတာတွေရှိတတ်လေ့ရှိပါတယ်။ တကယ်တမ်းကြ၊ အဝေးမှာ ရှိနေတဲ့ ဆွေမျိုးတွေသူငယ်ချင်းတွေဆိုတာအပေါ်ယံပါ။ ကိုယ်နဲ့အနီးကပ်ဆုံးရှိနေတဲ့သူသာ နားလည်နိုင်ဆုံး၊ ဖေးမကူညီပေးနိုင်ဆုံးမဟုတ်လား။ ကျနော်ကိုယ်တိုင် ညီအကိုအရင်းလိုနေထိုင်ခဲ့ဘူးတဲ့ သူငယ်ချင်းတချို့ရဲ့အလစ်လျူရူ့ခံခဲ့ရဘူးသူဖြစ်ခဲ့ရဘူးပါတယ်။ သူတို့ရဲ့ပြဿနာသူတို့တာအသိဆုံးမို့ နားလည်ပေးရမည်သာ။ တချို့အရာတွေမှာကိုယ့်အတွက်သိပ်အရေးမကြီးဘူးလို့ထင်ထားပေမဲ့လည်း သူ့အတွက်အရေးကြီးနေတတ်တာမဟုတ်လား။ ကျနော်လည်းကျနော်ရရှိပိုင်ဆိုင်ထားတဲ့ soul mate ကိုမပျောက်ပျက်စေဖို့သူငယ်ချင်းဒါမှမဟုတ်ဆွေမျိုးအချို့ကိုလစ်လျူရူ့လိုက်ရာတာမျိုးတွေဖြစ်ခဲ့တယ်ဆိုရင် ခွင့်လွတ်နားလည်ပေးပါလို့ပဲ။ အခြေအနေအရနှုတ်ဆက်သည်ဖြစ်စေ၊ နှုတ်ဆက်ခွဲခွာခဲ့သည်ဖြစ်စေ၊ ချစ်ခဲ့ဘူးသူဖြစ်စေ၊ မုန်းခဲ့ဘူးသူဖြစ်စေ၊ ခွဲခွာခဲ့ရတဲ့သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေအားလုံး၊ တနေ့ပြန်တွေ့ကြရတယ်ဆိုရင် ခင်မင်ခဲ့ဘူးတဲ့အမှတ်တရလေးအနေနဲ့ အချစ်အမုန်းကင်းကင်းပြန်ပြုံးပြနိုင်တယ်ဆိုရင်ပဲကျေနပ်လှပါပြီလို့။

အနီးအဝေးမိတ်ဆွေသူငယ်ချင်းများအားလုံး ကိုယ်နဲ့အနီးကပ်ဆုံးသူနဲ့ soul mate ဖြစ်အောင်ကျင့်ဆောင်နိုင်ကြပါစေလို့ဆန္ဒပြုရင်း။

 

No comments:

Post a Comment