လောင်းရိပ်ပန်းများပွင့်လန်းစေသူ














    လောကတွင်လောင်းရိပ်ဖန်တီးသူများရှိသလို လောင်းရိပ်မိနေသူများကို ခက်ခက်ခဲခဲ ပြုစုကာ မြေထောင်မြောက် ပေးသူများလည်း ရှားရှားပါးပါး ရှိနေတက်ပါသည်၊ ထိုသူများအဖို့ လွယ်ကူ လှသည်တော့ မဟုတ်ပါ၊ ပြုစုသူ ကိုယ်တိုင် လောင်းရိပ် အောက်ကို ဝင်ရပေမည်၊ ထိုအခါ လောင်းရိပ်ဖန်တီးသူ  ထိုးနှက်ချက်များ နှင့်အတူ စိတ်သောကရောက်စရာ စိတ်ပျက်စရာများ ရှိလာရမည် မဟုတ်ပါလား၊ ကိုယ်ကျိုးစွန့်နိုင်စွမ်း အနစ်နာခံနိုင်စွမ်း ရှိမှသာ လုပ်ဆောင်နိုင်ကြပေမည၊် အမေသည် ထိုသို့သော မြင့်မြတ်လှသည့် သူတယောက် ဖြစ်ခဲ့ပါသည်၊


    အမေသည် နူးညံ့သိမ်မွေ့သော မြန်မာပီသသည့် မိန်းခလေးဖြစ်ပြီး အေးချမ်းစွာ နေထိုင်ချင်သူ ဖြစ်ပေသည်၊ သို့ပါသော်လည်း သူ့အိမ်ထောင်သည် ဘဝသည် လောင်းရိပ်ဖန်တီးသူ ထိုးနှက်ချက် များကြောင့် စိတ်ညစ်ငြူးဖွယ် အတိ ဖြစ်ခဲ့ရပေသည၊် အမေသည် စကားနဲ၍ သည်းခံခွင့်လွတ် တက်သလောက် လောင်းရိပ်ဖန်တီးသူ အဖေသည်ကား ဆန့်ကျင်ဖက်တည်း၊  အမေသည် ကားလမ်းပင် မပေါက်နိုင်သော ဇနပုပ်တောရွာ ကလေးတွင် ကြီးပြင်းလာသူ ဖြစ်ပြီး ရိုးသား ကျိုးစားသူ ဖြစ်ပေသည၊် မည်မျှပင် ကျိုးစားသူ ဖြစ်စေကာမူ ရနိုင်သည့် အခွင့်အရေး မရှိသည်ကို မည်သို့ရယူနိုင်မည်နည်း၊  တောင်ကြီးဖဝါးအောက် ဆိုသော်လည်း တောင်ရှိမှ ဖဝါးအောက် ရောက်နိုင်မည် မဟုတ်ပါ၏လော၊  ထို့ကြောင့် ထိုတောရွာကလေးနှင့် အနီးဆုံးတွင် ရှိသည့် တခုတည်းသော မူလတန်းကျောင်းကိုသာ ပြီးဆုံးအောင် တက်နိုင်ခဲ့ပေသည်

အဖေသည်ကား သူနေထိုင်သည့် နေရာနှင့်အညီ ရရှိနိုင်သော အမြင့်ဆုံး ပညာကို ရယူနိုင်ခဲ့ပေသည်၊ ထိုသို့ ကွာခြါးလှသည့် အခြေအနေများစွာ ဖန်တည်းခံထားရသော အဖေနှင့်အမေ အကြောင်းပါခဲ့ခြင်းသည် ထိုအိမ်ထောင်စုအတွက် မောဟဒေါသများ  ဖြစ်စေနိုင်သော အချက် တခုတည်း၊၊

    အမေသည် သားကိုဘုရင် လင်ကိုဖုရား ဆိုသည့် ဆိုရိုးစကား အတိုင်း ကျင့်ကြံနေထိုင် ခဲ့သူဖြစ်ပြီး၊ အဖေနှင့် ကျွန်တော်တို့ လိုအပ်ချက်များကို ဖြည့်စည်းပေးသူ တယောက်အနေ ဖြင့်သာ အသက်ရှင် ရပ်တည်ခဲ့ပေသည်၊ သို့ပေသော်လဲ အဖေ့ဒေါသများ အမြင့်မားဆုံး စုပုံကျရောက်ရာ ဖဟိုနေရာသည် အမေ့အပေါ် တည်ရှိခဲ့ယုံ သာမက၊ ကျွန်တော်တို့ မောင်နှမများ မသိ်နားမလည် တက်မူ့ကြောင့် လည်း နေ့စဉ်လိုလို စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ခဲ့ရ ပေသည်၊  ကျွန်တော်တို့ အိမ်သည် မောင်နှမ များစွာရှိသော မိသားစု ဖြစ်သော်လည်း ပျော်ရွှင်စွာ ခုန်ပေါက်ပြေးလွားသံများ ကြားရလေ့ မရှိပဲ၊ ညစဉ်လိုလို အိပ်ရာဝင်ချိန်တိုင်း အဖေ့ဒေါသကို တနည်းမဟုတ်တနည်း ဖြင့်သာ ကြားနေရလေ့ ရှိပါသည်၊ အဖေဒေါသ ထွက်တိုင်း အိပ်နေသည့်သူများ မအိပ်ရလေအောင် ထောင်ထားသော ခြင်ထောင်များ ဆွဲဖြတ်ဖြစ််ခြင်း၊ ပုခံခွက်ယောက်များ ဆွဲခွဲပြစ်ခြင်း၊ စသည့် စိတ်ညစ် ညူးဖွယ်များ ဖန်တီးရုံမက၊ မထင်ရင်မထင် သလို ရိုက်နှက်တက်သည်ပင်၊  ထိုအခါမျိုးတွင်အမေနှင့်တကွ ကျွန်တော်တို့ မောင်နှမအားလုံးသည် ထောင့်တနေရာ အသီးသီးတွင် ညိမ်ကုတ်နေရလေ့ ရှိပေသည်၊  မည်သည့် ပြသနာဖြစ်ဖြစ် သူကိုယ်တိုင်လဲ ကျိုးသင့်ကြောင်းသင့်ရှင်းမပြ ပြန်လည်ပြောဆို ခွင့်လဲမပေး၊  ပြန်ပြောသူသည် သေဒဏ်ပေးထိုက်သည်ဟု မှတ်ယူနေဟန် တူပါသည်၊ ကျွန်တော်တို့ဘက်မှ ရပ်တည်ပေးလေ့ရှိသည့် အမေသည်မူ အဆိုးဆုံးခံရသည်မှာ ပြောစရာမလိုပါ။ အမေကိုယ်တိုင် ဆဲဆိုကြိမ်းမောင်း ခံရခြင်းနှင့် ရိုက်နှက်ခံရခြင်းများ ရှိနေစေကာမူ၊ အမေသည် အဖေ့ ကောင်းချက်များကို ရှာဖွေဖန်တီးခြင်းတမျိုး၊ ဘာသာရေးနှင့် ဆုံးမခြင်း  တဖုံ၊ ကျနော်တို့အား ဖခင်ကို မုန်းတီးခြင်း မပေါ်ပေါက်စေရန် နည်းမျိုးစုံဖြင့် ကာကွယ်ပေးလေ့ ရှိပြီး၊ လောင်းရိပ်မိနေသူ ကျွန်တော်တို့အတွက် အလင်းပြသူတယောက် အဖြစ် မိသားစု မပြိုကွဲအောင် ထိမ်းသိမ်းနေထိုင်ခဲ့ပေသည်၊ သူ ကိုယ့်ကိုကိုယ် သေကြောင်းပင် ကြံစည်ခဲ့ဘူးကြောင်း၊ ကျွန်တော်တို့ မျက်နာကြောင့် အောင်မြင်အောင် မလုပ်နိုင်ကြောင်း၊ အမေ ကျွန်တော့ကိုပြေါပြဘူးပါသည်၊ ကျွန်တော် ထိုစကားကို သတိရတိုင်း ရင်နင့်စွာ ခံစားရလေ့ရှိပါသည်၊  အမေသည် ငြိမ်းချမ်းမူ့ကို တဦးတည်း ရှာဖွေနိုင်သည့်တိုင်အောင် မိသားစုတွင်းမှ ထွက်ခွာမသွားပါ၊ ကျွန်တော်တို့ မောင်နှမများသည်သာ မိသားစုကို ထိမ်းသိမ်းရန် မစဉ်းစား မိပဲ၊ ပညာမစုံခင်မှာပင် မိသားစုအတွင်းမှ အသီးသီး ထွက်ခွာ လာခဲ့ကြပါသည်၊

    အားလုံးအသီးသီး ထွက်ခွာသွားကြပြီးသည့် နောက်ဆုံး အမေသည်လည်း ထွက်ခွာသွားပါ တော့သည်၊  အမေ ထွက်ခွာသွားသည့် နေရာသည်ကား ကျွန်တော်တို့ ကဲ့သို့မဟုတ်ပါ၊  အမေ့ အတွက် ငြိမ်းချမ်းးရာကို ဦးတည် နိုင်သည့် လူ့လောကမှ ထွက်ခွာ သွားခြင်းတည်း၊  အမေရှိစဉ်က အမေ့အတွက် ကျွန်တော်မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးသော်လည်း အမေဆုံးပါးချိန် တွင်မူ မျက်ရည် မကျမိခဲ့ပါ၊ အမေ ငြိမ်းချမ်းမူ့ကိုရရှိသွားပြီဟု နားလည်ပေးလိုက်လို့လား ကျွန်တော် ကိုယ်တိုင် မစဉ်းစား တက်တော့ပါ၊၊   ၊၊

(အမေနှင့် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့သော ဘဝအနစ်နာ ခံ၍ ကိုယ်ကျိုး စွန့်သူများကို ဂုဏ်ပြုသော အားဖြင့် ထုပ်ဖော်ပါသည်)

No comments:

Post a Comment