တော်လှန်ရေးခရီးအစ


ကမ္ဘာ့အလည်မှာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတခုကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဖြစ်အောင်လုပ်ခဲ့တဲ့စစ်အာဏာရှင်တွေကို တော်လှန်ခဲ့တာ မြန်မာသမိုင်းဆက်ဆက်မှာ ၈လေးလုံးအရေးအခင်းကအကြီးမားဆုံးနဲ့ အပြောင်းလဲနိုင်ဆုံးလို့ဆိုရင်မမှားနိုင်ပါ။ စစ်တပ်ကလူထုကိုအရက်စက်ဆုံးကာလတွေဆိုရင်လည်းမမှားပါ။ ဒီအရေးအခင်းမှာ လက်တွေနဲ့ချည်းဆန္ဒပြတောင်းဆိုနေတဲ့လူအုပ်ထဲကို စက်သေနပ်တွေနဲ့ဒလကြမ်းပစ်ခပ်တာတွေလူ၁၀ယောက်၁၅ယောက်လောက်တာဆန့်တဲ့ကားထဲ ဖမ်းထားတဲ့သူတွေကို ဒဏ်ရာရတဲ့သူကောမရတဲ့သူကော အဆမတန်၄ ၅ဆလောက်ပြွတ်သိပ်တင်လို့ သေရတာတွေ၊ လူသေတွေနဲ့အတူမသေမရှင်တွေကိုပါရောနောမြေမြှုပ်ပစ်တာတွေ၊ ထောင်ဖောက်အကြပ်ကိုင်ပြီးလူထုအခြင်းခြင်းသတ်ဖြတ်ခိုင်းတာတွေစတဲ့စတဲ့ လက်နက်အားကိုးပြီးရက်စက်နည်းပေါင်းဆုံအောင် ရက်စက်ခဲ့တာတွေကို ပြည်သူတွေခံခဲ့ရတာအားလုံးအသိ။ ဒါကြောင့်လည်းကျနော်တို့ကျောင်းသားတွေအားလုံးက လက်နက်နဲ့အနိုင်ကျင့်သူကို လက်နက်နဲ့ပြန်တိုက်ခိုက်မှတရားမယ်၊ အောင်မြင်နိုင်မယ်လို့ဦးနှောက်အသိထဲမှာ အားလုံးဆုံးဖြတ်ခဲ့ကြတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့အကြီးအကျယ်ဆန္ဒပြတာတောင် လက်မခံတာကြောင့် မြို့အသီးသီးရှိလူငယ်တွေဟာ လက်နက်ကိုင်တိုက်ခိုက်ဖို နီးစပ်ရာတောခိုထွက်ခဲ့ကြပါတော့တယ်။
အဲ့ဒီ ၈၈တော်လှန်ရေးမှာ ကျနော်တို့လုပ်သားကောလိပ်ကလည်း လက်နက်ကိုင်တော်လှန်ဖို့ ဘုရား၃ဆူကိုဦးတည်ထွက်ခွာလာကြပါတယ်။ ကျနော်တို့တွေ ၄၊ ၅ယောက်တသုတ်ခွဲပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားကြပါတယ်။ ကနဦးအနေနဲ့ မော်လမြိုင်ကဘုန်းကြီးကျောင်းတခုမှာ တထောက်နားကြဖို့သတ်မှတ်ခဲ့ကြတယ်။ ဂစ်တင်ဦး၊ ဖလော်ကျော်စိုး၊ ကိုအေးကျော်နဲ့ကျနော်ပါဝင်တဲ့အဖွဲ့့က ၂၁ရက်နေ့မှာရန်ကုန်ဘူတာအဝေးပြေးကားဂိတ်ကနေ စထွက်လာခဲ့ပါတယ်။ ရန်ကုန်အကျော်စစ်သားတွေစောင့်နေတဲ့ကားဂိတ်တခုရောက်တော့ ဖလော်ပေါင်မှာ ကြိုးနဲ့ပတ်ပြီးဖွှက်ယူလာတဲ့ကျောင်းသားသမ္မဂကပ်ကို တွေ့သွားလို့ဖမ်းဆီးခံရဖို့ ကြုံခဲ့ရပါသေးတယ်။ ကားထဲမှာ တယောက်နဲ့တယောက်နဲ့စကားမပြော၊ မသိသလိုလာခဲ့ကြပေမဲ့ အရွယ်တူလူငယ်ဆိုလို့ ကျနော်တို့၄ယောက်ပဲပါတာမို့ သိသာလွန်းတဲ့ကျနော်တို့၄ယောက်ကိုပဲဆင်းခိုင်းပြီး အမျိုးမျိုးစစ်ဆေးမေးမြန်းပါတယ်။ ကျနော်တို့လည်းကျောင်းပိတ်လို့အိမ်ပြန်ကြတာပါလို့ အကြောင်းပြပေမဲ့မင်းတို့တွေထွက်ပြေးလာကြတာမဟုတ်လား ဆိုပြီးဖမ်းမယ်တကဲကဲလုပ်နေကြပါတယ်။ အဲ့ဒီအချိန်မှာ ကံကောင်းထောက်မစွာပဲ သူတို့အထက်ကဗိုလ်မူးတယောက်ရောက်လာပြီး ကျောင်းပိတ်လို့အိမ်ပြန်တဲ့ကလေးတွေပဲလွှတ်ပေးလိုက်ပါဆိုလို့လွတ်လာခဲ့ကြတာပါ။ နောက်ပိုင်းကြမှ “မအေဖေးဖလော်” "နှမဖေးဖလော်" လို့မိုးမွန်အောင်ဆဲဆိုပြီး ဖလော်ကိုဝိုင်းထောင်းကြရပါတယ်။  မုတ္တမ ရောက်တော့ သံလွင်မြစ်ကို မော်တော်ဘုတ်လားသင်္ဘောလား(မမှတ်မိတော့ တခုခုနဲ့) မော်လမြိုင်ကိုကူးကြပါတယ်။ မြို့အဝင်မှာတော့မှောင်ရီပျိုးစပြုနေပါပြီ။ စုရပ်တခုဖြစ်တဲ့ဘုန်းကြီးကျောင်းကို လိပ်စာမသိပဲနာမည်တာသိတာကြောင့် အတော်အချိန်လင့်အောင်ကျောင်းကိုရှာပြီးမှတွေ့ရပါတယ်။ ဘုန်းကြီးကိုတိတ်တဆိတ်ဝင်တွေ့ပြီးလျှောက်တော့မှ ကျောင်းသားတချို့လည်းရောက်ရှိနေကြောင်းသိရတယ်။ ဘုန်းကြီးညွန်ပြတဲ့အခန်းကိုသွားတော့အဲ့ဒီမှာ ကိုအောင်ကြည်ဦးတို့နဲ့အခြားအဖွဲ့တွေရောက်ရှိနေနှင့်တာတွေ့ရပါတယ်။ ကျနော်တို့လည်းဝမ်းသာသွားပြီး အဲ့ဒီအခန်းထဲမှာပဲ စုပြုံပြီးအတူတူအိပ်စက်နားကြပါတယ်။ အဲ့ဒီညမှာအားလုံးပါလာတဲ့ပစ္စည်းတွေစုကြပါတယ်။ လမ်းစရိတ်အတွက်ထုတ်ရောင်းပြီးကြံဖန်ငွေရှာဖိုပါ။ ကျနော်မှာပါလာတဲ့နာရီနဲ့စစ်ခြင်ထောင်လည်းပါသွားပါတော့တယ်။ မနက်မိုးလင်းတော့ ကျနော်တို့တွေတသုတ်ပြီးတသုတ် ရထားနဲ့ဆက်လက်ထွက်ခွာလာကြပါတယ်။ ဘုရား၃ဆူကိုသွားဖို့အတွက် ယခင်သေမင်းတမာန်လို့နာမည်ကြီးခဲ့တဲ့ သံဖြူဇရပ်ဘက်ကသွားရမှာမို့ အဲ့ဒီကိုသွားနိုင်မဲ့ ကွမ်လှာ ဆိုတဲ့အရပ်မှာဆင်းကြပါတယ်။ အဲ့ဒီမှာတောလမ်းခရီးစပြီမို့ လမ်းပြတယောက်နဲ့ဆက်သွယ်ပြီး ခရီးဆက်ရပါတယ်။ ကွမ်လှာဒေသက တခါတလေ အစိုးရစစ်တပ်ကောသူပုန်တပ်တွေပါခြေရှုပ်တက်တဲ့နေရာဖြစ်ပြီးလူအသွားအလာသိပ်မရှိတဲ့ရွာငယ်လေးပါ။ ကျနော်တို့ကိုအစိုးရစစ်တပ်ကတွေ့သွားရင်တော့တောခိုလာတဲ့ကျောင်းသားတွေဆိုတာ သေချာပေါက်သိပြီးဖမ်းဆီးခံရမှာအသေအခြာပါ။ ဘူတာအဆင်းမှာအိမ်ခြေတွေမတွေ့ရပဲ တောလမ်းကလေးတာတွေ့ရပါတယ်။ ခတ်လှမ်းလှမ်းမှာတော့တောအုပ်တခုရှိနေပါတယ်။ ကျနော်တို့လည်းလူသွားလမ်းကမသွားပဲအဲ့ဒီတောစပ်နားကိုကပ်လာခဲ့ပါတယ်။ အဲ့ဒီတောစပ်နားမှာ ကားလမ်းတခုကိုတွေ့ရပါတယ်။ လူတွေ့မခံနိုင်တော့ပြီဖြစ်လို့ ကားလမ်းကိုမဖြတ်ခင် ကားအသွားအလာရှိမရှိလမ်းပြကအရင်ရှေ့ထွက်ခြောင်းမြောင်းကြည့်ပြီးမှသူညွန်ကြားတဲ့အတိုင်းအပြေးအလွှားကူးရပါတယ်။ မကြာခင်မှာပဲရွာကိုရောက်ပြီး ရွာထဲကတောင်သူဦးကြီးအိမ်တစ်အိမ်မှာကျနော်အပါအဝင်၄ယောက်တည်းခိုကြပါတယ်။ အဲ့ဒီဦးကြီးမှာအပျိုလေးအရွယ်သမီးတယောက်ရှိနေတာတောင် ကျနော်တို့ကိုယုံယုံကြည်ကြည်နားနေခွင့်ပေးပြီးအစားအစာများချကျွေးပါတယ်။ ကျနော်တို့တွေ ဆန္ဒပြအရေးအခင်းမှာကတည်းက ဘယ်အိမ်ကိုပဲဝင်ပုန်းပုန်း အားလုံးကလုံခြုံစွာဝှက်ထားပေးပြီးအစစအရာရာကူညီကြတာပါ။ ဒါဟာ စစ်အစိုးရကိုဘယ်သူကမှမလိုလားကြဘူးဆိုတာ ပြနေတာပါ။ ကျနော်စားနေတဲ့အချိန်မှာပဲ ခရီးစထွက်ဖို့အချက်ပြလို့စားလက်စထမင်းပုဂံကိုချ၊ ဦးကြီးကိုတောင်းပန်၊ ကျေးဇူးတင်စကားပြောပြီးအပြေးအလွှားထွက်ခဲ့ရပါတယ်။ ကျနော်တို့ရဲ့ဘယ်လောက်အထိကြမ်းတမ်းမယ်မှန်းမသိတဲ့ခရီးကြမ်းအတွက်အစပြုခြေလမ်းကစပြီလို့ပဲပြောရမှာပါ။ အားလုံးကအသက်ကိုပင်စတေးထားပြီးသားမို့ ဘယ်လောက်ပဲကြမ်းတမ်းခက်ခဲ ရင်ဆိုင်ဖို့ကိုယ်စီကိုယ်ငှ အားအင်အပြည့်နဲ့ရယ်။
ကျနော်တို့လမ်းပြအကူအညီနဲ့ တောလမ်းခရီးကိုလျှောက်လှမ်းလာလိုက်တာ တနေကုန်ပါပဲ။ ခြေထောက်ငုတ်ဆူးလို့်မလျှောက်နိုင်သူတွေကိုတွဲခေါ်တဲ့သူကတွဲခေါ် အူယောင်ရောဂါထလာတဲ့မြတ်ခိုင်ကိုထမ်းပိုးသူကထမ်းပိုးနဲ့ အစိုးရစစ်တပ်လိုက်မလာနိုင်တဲ့ရွာအထိရောက်အောင် မနားမနေ တက်ညီလက်ညီချီတက်ခဲ့ကြပါတယ်။ ညနေနေကွယ်သွားပြီးတောအုပ်တခုရဲ့အကျော် ဆိုင်းသံဗုံသံတွေသဲ့သဲ့ကြားလိုက်ရပါတယ်။ တောထဲမှာဘာလို့ဒီထူးထူးဆန်းဆန်းအသံတွေကြားရတာလဲလို့စုံစမ်းကြည့်တဲ့အခါ ကျနော်တို့ဦးတည်သွားနေတဲ့ လိပ်ပျော့ဆိုတဲ့မွန်လူမျိုးတို့နေထိုင်ရာရွာကိုရောက်လာလို့ဆိုတာသိလိုက်ရပါတယ်။ ငယ်ငယ်ကတည်းကသူပုန်ဆိုရင် ကြမ်းကြမ်းတမ်းတမ်းရိုင်းရိုင်းစိုင်းစိုင်း နဲ့တောချိုတောင်ကြားထဲမှာတယောက်နဲ့တယောက်သတ်ကြဖြတ်ကြနဲ့ ဖြစ်သလိုနေကြတဲ့ ရုပ်ရှင်ဇက်လမ်းတွေ လုပ်ကြံအစိုးရသတင်းတွေနဲ့ပဲကြီးပြင်းလာခဲ့ရတာဆိုတော့ ကြားရတာအထူးအဆန်းဖြစ်ပြီး ဒီလိုနေရာကို စစ်တပ်ကလာတိုက်လိုက်ရင်တော့ခက်ရချီရဲ့လို့အတွေးနုနုနဲ့တွေးလိုက်မိပါသေးတယ်။ ရွာထဲဝင်တော့ကျနော်တို့လာမယ်မှန်းသိလို့ကြိုဆိုနေကြတာဆိုတာသိရပါတယ်။ ကျနော်တို့သိခဲ့ရတဲ့ သူပုန်ဆိုတာနဲ့တခြားစီဆိုတာလက်တွေ့သိခဲ့ရပါတယ်။ သူတို့ဟာမတရားအုပ်ချုပ်တာကိုမခံနိုင်လို့ကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့သီးသန့်နေထိုင်နေကြသူတွေပါ။ ဆေးခန်း၊ ဆေးရုံ၊ ကျောင်းတွေအပြည့်အစုံနဲ့ စည်းမျဉ်းဥပဒေတွေ ချမှတ်ပြီး နိုင်ငံတနိုင်ငံအဖြစ်နေထိုင်နေကြတာပါ။ ကျနော်တို့ကို သူတို့အားလုံးကလှိုက်လှိုက်လှဲလှဲဖော်ဖော်ရွေရွေကြိုဆိုကြပြီး ဧည့်ခံကျွေးမွေးဖို့ချက်ကြ၊ ပြုတ်ကြနဲ့ပါ။ အဲ့ဒီရွာမှာ ကျောင်းသားတပ်မတော်ရဲ့ ဥက္ကဌဖြစ်လာမဲ့ ကိုထွန်းအောင်ကျော် တို့အဖွဲ့နဲ့တွေ့ပြီးပူးပေါင်းလိုက်ကြပါတယ်။ အဲ့ဒီရွာဟာကျနော်တို့ဦးတည်သွားမဲ့ ဘုရား၃ဆူရဲ့ခရီးတစ်ဝက်တောင်မရောက်သေးပါ။ အဲ့ဒီရွာကနေလမ်းပြအကူအညီနဲ့ မွန်ပြည်နယ်တလျောက်ဖြတ်သန်းပြီး ကြာအင်းဆိတ်ကြီးဆိုတဲ့ရွာကြီးကိုဦးတည် ချီတက်ခဲ့ကြပါတယ်။ အဲ့ဒီနောက်ပိုင်းတောကပိုနက်လာပြီး ကြမ်းတမ်းခက်ခဲလာပါတယ်။ ရွာတွေလယ်တွေကိုလည်းလုံးဝမတွေ့ရတော့ပါ။ တောတောင်အထပ်ထပ်ချောင်းတွေ အတွယ်တွယ်ကိုကျော်ဖြတ်ကြရပါတယ်။ ခြုံတွေတောတွေကိုကျော်ဖြတ်တိုင်း၊ ငုတ်ဆူးသူကဆူး ရှသူကရှ၊ ချောင်းတွေကိုကျော်ဖြတ်တိုင်း၊ ခန္ဓာကိုယ်တွေမှာ ကျွက်တွေမြော့တွေတွယ်နေလို့တယောက်နဲ့တယောက်ခွာပေးရနဲ့ ဒုက္ခတွေကိုမညည်းမညူပဲတယောက်နဲ့တယောက်ပြောင်ကြနောက်ကြနဲ့ခရီးဆက်ခဲ့ကြတာပါ။
ကျနော်တို့တွေမနားမနေချီတက်လာလိုက်ကြတာ ညနေစောင်းခါနီးလောက်မှာ ပျက်စီးနေတဲ့လယ်ကွင်းတချို့ကိုတွေ့ရပြီး အဲ့ဒီဘေးကတောအုပ်လေးမှာ ချောင်းတခုကိုတွေ့ရပါတယ်။ ချောင်းကသိပ်အကျယ်ကြီးမဟုတ်ပေမဲ့တဝုန်းဝုန်းနဲ့ရေစီးဆင်းနေပါတယ်။ ချောင်းကရေစီးသန်လွန်းတာကြောင့် ဆင်မျောချောင်းလို့တောင်ခေါ်ဆိုကြပါတယ်။ အဲ့ဒီချောင်းကိုကျော်ဖြတ်ပြီး ကြာအင်းဆိတ်ကြီးဆိုတဲ့ရွာကြီးကိုသွားရမှာပါ။ အဲ့ဒီချောင်းရဲ့သဘာဝအရညပိုနက်လေရေစီးသန်လေပါ။ ညမကူးခင်အားလုံးအပြီးဖြတ်နိုင်မှအဲ့ဒီအနီးနားကရွာတခုမှာနားခိုနိုင်မှာပါ။ ရေစီးအားသန်လွန်းတာကြောင့် ကျနော်တို့လိုသာမန်ရေကူးတက်ယုံလောက်နဲ့မကူးဖြတ်နိုင်ပါ။ ဒါကြောင့်သစ်ဖောင်တစ်ခုကို အမြန်ဆောက်ကြပြီး ပါလာတဲ့ပစ္စည်းများကိုသစ်ဖောင်ပေါ်တင်၊ ရေကူးကျွမ်းကျင်သူဧရာဝတီသား၄ယောက်က သစ်ဖောင်ကိုဘေးမှထိန်းကိုင်ကာ တစ်ဘက်ကမ်းကို ကူးခတ်သယ်ယူဖို့ ကြိုးစားကြပါတယ်။ လက်ကြီးဗလာကူးခတ်ရင်တောင်မလွယ်တဲ့အချိန်မှာ ပစ္စည်းအလေးတွေပါတဲ့ဖောင်ကို တစ်ဝုန်းဝုန်းစီးဆင်းနေတဲ့ရေစီးအားအတွင်းမှာထောင့်ဖြတ်သယ်ယူရတာခက်ခဲလွန်းလှပါတယ်။ လူလေးယောက်မနဲထိန်းနေတဲ့ကြားက ချောင်းလည်လောက်အရောက်မှာရေစီးနဲ့မျောပါသွားပါတယ်။ သူတို့မနဲလိုက်ထိန်းကြပါသေးတယ်။ နောက်ဆုံးလူ့အသက်ပါသွားမှာစိုးတာကြောင့် ကျနော်တို့ကြည့်နေသူအားလုံးကလွှတ်ပေးလိုက်ဖို့ ဝိုင်းအော်ဟစ်သတိပေးကြရပါတယ်။ သူတို့လည်းအသက်မနဲလုကူးခတ်ပြီး တဘက်ကမ်းကိုအရောက်သွားကြပါတယ်။ သစ်ဖောင်ကတော့ ကြိုးပဲ့ပျက်စီးပြီးကျနော်တို့ပစ္စည်းများကတော့ နစ်မြုပ်ပျောက်ဆုံးသွားရပါတယ်။ ကံကောင်းထောက်မစွာပဲ လူတွေကတော့အသက်မဆုံးရှုံးကြရပါ။ နောက်ဆုံးလူတွေကူးဖို့ချောင်းထဲမှာပေါက်နေတဲ့ သစ်ပင်ကနေတဘက်ကို မရမကမှီအောင်ကြိုးတန်းလုပ်ပြီး တစ်ယောက်စီကူးကြရပါတယ်။ ကျနော်လည်းကိုယ့်အလှည့်ကျကူးဖို့ ချောင်းစပ်ဆင်းပြီးအဆင်သင့်စောင့်နေရပါတယ်။ အမှောင်ထုကဝင်လာတာနဲ့အတူ အအေးဒဏ်ကလည်းမြင့်တက်လာပြီး ရေစီးအားကလည်းပိုမိုကြမ်းတမ်းလာပါတယ်။ အဲ့ဒီအချိန်မှာ အရင်ကရှိခဲ့ဘူးတဲ့ ကျနော့်ရဲ့ ငှက်ဖျားအစွမ်းပြလာပါတော့တယ်။ ရေထဲမှာရပ်နေရင်းတုန်တက်လာပြီး မခံမရပ်နိုင်အောင်ချမ်းစိမ့်လာပါတယ်။ ခြေထောက်တွေလည်းအေးခဲတောင့်တင်းလို့ ဟန်ချက်မပျက်အောင် မနဲကိုထိန်းထားရပါတယ်။ အမှောင်ထုကလွမ်းမိုးလာပြီးရေစီးသံကလည်းခြောက်ခြားဖွယ်ပါ။ ဒါကြောင့်လည်း ကြီးမားတဲ့ဆင်တကောင်လုံးမျောပါနိုင်အောင် ရေစီးကြမ်းတာကြောင့် ဆင်မျောချောင်းလို့နာမည်တွင်တာကိုး။ နောက်ဆုံးညတွင်းခြင်းအားလုံးကုန်အောင်ကူးနိုင်ဖို့ မဖြစ်နိုင်တော့တာကြောင့် တဖက်ကမ်းကူးတာကို လက်လျော့လိုက်ရပါတယ်။ အဲ့ဒီညမှာသာကျနော်ကူးဖြစ်တယ်ဆိုရင် ကျနော့်ငှက်ဖျားအခြေအနေနဲ့ဆို ရေထဲမျောပါမှာသေချာသလောက်ပါ။ တဘက်ကမ်းကူးသွားနိုင်တဲ့သူတွေကတော့ ခရီးဆက်လက်ထွက်ခွာသွားကြပါတယ်။ ကျနော်တို့ဒီဘက်ကမ်းမှာ ကိုထွန်းအောင်ကျော်အပါအဝင် တဘက်ကမ်းကိုမကူးရသေးတဲ့ အခြားကျောင်းသားများအယောက်၃၀လောက် ကျန်ရှိနေပါသေးတယ်။ ဒါကြောင့်ညခိုနားဖို့နေရာရှာရပါတယ်။ လယ်ကွင်းပျက်ထဲမှာ လူမနေတာကြာပြီဖြစ်တဲ့ တဲပျက်ကလေးတလုံးကို ရှာဖွေတွေ့ကြပါတယ်။ တဲပျက်ကလေးကအမိုးတာရှိပြီး အကာမရှိတော့ပါ။ ကြိုးတိုးကြဲတဲကြမ်းပေါ်အားလုံးဝိုင်းဝင်လိုက်ကြတာ ပြည့်လျှံသွားပါတယ်။ လှဲလျောင်းစရာနေရာမရှိတော့ပါ။ ထမင်းကလည်းတရက်လုံးမစားရသေးပါ။ ကံကောင်းထောက်မစွာနဲ့တယောက်သောသူမှာ ဆန်တချို့နဲ့ဆားအနည်းငယ်ရှိနေတာကြောင့် ထမင်းထဲကိုဆားထည့်ကြံဖန်ချက်ရင်းဟင်းမပါပဲထမင်းချည်းစားကြပါတယ်။ တချို့ကပါလာတဲ့ဦးထုပ်ကိုပုဂံလုပ်ပြီးစားကြ၊ တချို့ကလက်ခုံထဲထည့်ပြီးစားကြနဲ့ပါ။ ကျနော်လည်းလက်ခုံထဲ ထမင်းအနည်းငယ်ထည့်လိုက်စားလိုက်နဲ့ ဆာလောင်မွတ်သိပ်နေတဲ့ဗိုက်ကို ဖြေသိမ့်ပေးရပါတယ်။ ပြီးတော့လေတဖြူးဖြူးဖြတ်တိုက်နေတဲ့ညကို အကာဟင်းလင်းတဲနဲ့ တညလုံးငုတ်တုတ်ထိုင်ငိုက်မြည်းကာ ကျော်ဖြတ်ကြပါတယ်။ တယောက်ကိုတယောက်ကျောခြင်းကပ် အနွေးဓာတ်ပေးလို့နဲ့တူပါတယ်၊ အနွေးဓာတ်နဲ့အတူ အားလုံးဟာစိတ်ဓာတ်ခွန်အားတွေ ဆက်နွယ်ရရှိကြပါတယ်။ ကိုထွန်းအောင်ကျော်ကလည်း ကျနော်တို့ကို အားမာန်ရှိစေတဲ့စကားတွေနဲ့ အားပေးပြောဆိုပြီးဘုရားစာရွတ်ပေးပါတယ်။ ကျနော့်ရဲ့ငှက်ဖျားလည်း ကျနော်တို့ရဲ့စိတ်ဓာတ်ခွန်အားကိုမခံနိုင်လို့နဲ့တူပါတယ်၊ လုံးဝကိုပေါ်မလာတော့ပါ။ ဘယ်သူမှလည်းမဖျားမနာကြပါ။ အမှန်တရားအတွက်တိုက်ခိုက်ခြင်းနဲ့ လေးနက်တဲ့ယုံကြည်မှု့က ကျနော်တို့အတွက်အောင်မြင်နိုင်ခြင်းကို ပေးစွမ်းစေခြင်းပါ။ နောက်နေ့မနက်မိုးလင်းတော့အားလုံးကလန်းဆန်းတက်ကြွနေကြပြီး ရေစီးသိပ်မသန်တော့တဲ့ချောင်းကို လွယ်ကူစွာပဲကူးခက်ပြီး ရှေ့သွားနှင့်တဲ့သူတွေဆီ အမှီခရီးဆက်ခဲ့ကြပါတယ်။ အဲ့ဒီနားကရွာတရွာမှာအားလုံးပြန်လည်ပေါင်းစည်းမိကြပြီး ဆက်လက်ခရီးဆက်ကြပါတယ်။ ဒီလိုနဲ့ရွာတရွာဝင်လိုက် တောခရီးလမ်းထွင်လိုက်နဲ့ ခရီးဆက်လာလိုက်တာ ကျနော်တို့ကျောင်းသားလူအုပ်ကြီးက တဖြည်းဖြည်းရာထောင်ချီအောင် ကြီးထွားလာပါတယ်။ ရွာတရွာကိုရောက်တိုင်း လူငယ်တွေတော်တော်များများ ဝင်ရောက်ပူးပေါင်းပြီးလိုက်ပါလာလို့ပါ။ ရွာသားတွေကလည်းကျနော်တို့လာတော့ ဝိုင်းဝန်းကြိုဆိုကြ၊ ရွာတွေမှာမွေးမြုထားတဲ့ ဝတ်တွေနွားတွေကိုသတ်ပြီးကျွေးကြနဲ့ပါ။  အဆီတဝင်းဝင်းနဲ့နူးနပ်ချက်ထားတဲ့ ဆီပြန်အသားတွေကို အငမ်းမရစားကြတဲ့ ကျနော်တို့ကိုရွာသားတွေက “ကြက်ပုံးညိညိ၊ ကြက်ကျိကလိုင်ကလိုင်”လို့စနောက်ကြပါတယ်။ အဲ့ဒါဘာလဲလို့မေးတော့မပြောပဲရီကြပါတယ်။ နောက်မှသိရတာက “အသားနည်းနည်းစား(ဟိုဟာ)များများစား”လို့ဆိုလိုကြောင်းသိရပါတယ်။ ဟိုဟာဆိုတာတော့ကျနော်လည်းခုထိအသိအကျမသိပါ။  ရွာတွေအားလုံးလိုလိုလောက်မှာ အသီးကြီးတွေပြွတ်သိပ်သီးနေတဲ့ ကျွဲကောပင် တော်တော်များများကိုတွေ့ရလေ့ရှိပါတယ်။ ရွာသားတွေပြောအရ အဲ့ဒီအသီးတွေမှာငှက်ဖျားပိုးတွေပါတက်တယ် ဆိုတာကြောင့် သူတို့တွေမစားကြဘူးလို့သိရပါတယ်။ ကျနော်တို့ကျောင်းသားတွေကတော့၊ ဘယ်ရွာရောက်ရောက် ငှက်ဖျားပိုးတွေရှိတယ်ဆိုတဲ့ကျွဲကောသီးတွေပဲဖြစ်ဖြစ်၊ ဘယ်ချောင်းကငှက်ဖျားပိုးရှိတဲ့ ရေပဲဖြစ်ဖြစ် ဂရုမစိုက်နိုင်တော့ပဲငတ်ပြတ်လာတာတွေ အတိုးချပြီးစားကြသောက်ကြနဲ့ပါ။  ဒီလိုနဲ့ခရီးဆက်ရင်း တရက် ရွာတရွာကိုမရောက်ခင် တောကြားထဲမှာ မိုးရွာပြီးရေကြီးနေတာနဲ့ကြုံရပါတယ်။ ကျနော်တို့လည်းတောကြားထဲက လူသွားလမ်းအတိုင်းဆက်လာခဲ့ပါတယ်။ အဲ့ဒီမှာ လမ်းကအင်မတန်ကျဉ်းပြီးသစ်ပင်တွေထူပိန်းနေပါတယ်။ လမ်းကိုဘေးတဘက်တချက်မှာပေါက်နေတဲ့ သစ်ကိုင်းသစ်ရွက်တွေနဲ့အုပ်ဆိုင်းထားတာ လိုင်ခေါင်းရှည်ကြီးတခုလိုပါ။ အရင်ကဒီလမ်းနဲ့ တဘက်ထိုင်းနိုင်ငံကို ခိုးဝင်ရင်အသုံးပြုကြတယ်လို့ သိရပါတယ်။ ကျနော်တို့လည်းလက်တွေကို တယောက်ခြင်းစီချိတ်ဆက်ခါ မဆုံးနိုင်တဲ့လူတန်းရှည်ကြီးအဖြစ် တန်းစီပြီး အဲ့ဒီရေလမ်းလေးအတိုင်းသွားရပါတယ်။ ညကလည်းညည့်နက်လာပြီဖြစ်တာကြောင့် တယောက်လက်တယောက်မပြုတ်အောင် ခိုင်ခိုင်မြဲမြဲဆုတ်ကိုင်ထားရပါတယ်။ ရေကခါးလယ်လောက်အထိနစ်မြုပ်နေပြီး တယောက်ကိုတယောက်မမြင်ရလောက်အောင် နက်မှောင်နေပါတယ်။ လက်တာမချိတ်ဆက်ထားရင် ရှေ့နောက် လူရှိတယ်ဆိုတာမသိနိုင်ပါ။ ကိုယ့်ရှေ့ကလူကိုမြင်ချင်ရင် အောက်ကနေငုံ့ ၊ သစ်ပင်ကြားကကြိုးတိုးကြဲတဲမြင်နေရတဲ့ ကောင်းကင်ပြာကိုအနောက်မှာခံပြီး လူကိုကြည့်ရပါတယ်။ ကျနော်တို့လည်း တဖြေးဖြေးရွေ့တွားးသွားနေရင်း တနေရာမှာလုံးဝရပ်သွားပါတယ်။ ဘာဖြစ်တာလည်းဆိုပြီး တဆင့်စကားတဆင့်သယ်ပြီးသိရတာက အလယ်လောက်မှာလက်ပြုတ်သွားလို့ပါတဲ့၊ လက်ပြုတ်သွားတဲ့သူကစမ်းတဝါးဝါးဆက်သွားနေရင်း လမ်းနှစ်ခွအရောက်မှာ ဘယ်ဘက်ဆက်သွားရမှန်းမသိလို့ ရပ်နေတာလို့သိရပါတယ်။ ဒါကြောင့်နောက်ဆုံးမှာ လိုက်ပါလာတဲ့လမ်းပြတယောက်က ရှေ့ကိုသွားပြီးဦးဆောင်ခေါ်ရပြန်ပါတယ်။ အဲ့ဒီမှာကျနော်တို့လည်း နာရီဝတ်လောက်ကြာအောင် ရေထဲမှာရပ်နေလိုက်ရသေး။ တော်ပါသေးတယ် ကျနော့်ငှက်ဖျားကတက်မလာခဲ့။ ဒီလိုနဲ့ကျနော်တို့တွေ မွန်ပြည်သစ်ပါတီက လူကြီးတွေနဲ့တွေ့ဆုံပြီး သူတို့ခေါ်ဆောင်ရာတရွာဝင်တရွာထွက် မွန်နယ်အနှံ့လှည့်ပတ်သွားရပါတယ်။ ကျနော်တို့ကျောင်းသားတွေကိုလည်း သူတို့မွန်တပ်မတော်ထဲဝင်ချင်ဝင် မဝင်ချင်လည်းကြိုက်နှစ်သက်ရာ ဆုံးဖြတ်ကြဖို့အခွင့်အရေးပေးပါတယ်။ ကျနော်တို့လည်း မှုလရည်ရွယ်ချက်ကိုက ဘုရား၃ဆူကိုဦးတည်ပြီး ကိုယ်ပိုင်တော်လှန်ရေးအဖွဲ့ဖွဲ့စည်းဖို့ လာကြခြင်းဖြစ်ကြောင်း ရှင်းပြရပါတယ်။ နောက်ဆုံးကျနော်တို့က ဘုရား၃ဆူကို ကရင်ပြည်နယ်ကဖြတ်သန်းသွားရမှာမို့ ကျနော်တို့ကိုကေအင်န်ယူထံ လွဲပြောင်းအပ်နှံလိုက်ပါတယ်။ ကျနော်တို့လည်းကေအင်န်ယူအကူနဲ့ ခရီးဆက်လက်ထွက်ခွာခဲ့ရပါတော့တယ်။ အဲ့ဒီအချိန်က ပြည်တွင်းမှာ လူဆိုး၊ လူမိုက်၊ ဓားမြ၊ သူပုန်ဗိုလ်မြ အဖြစ်နဲ့နာမည်လွှင့်ခံထားရတဲ့ ဗိုလ်ချုပ်မြနဲ့လည်းတွေ့ဆုံခဲ့ရပါတယ်။ တကယ်တော့ဗိုလ်ချုပ်မြက အင်မတန်ဖော်ရွေပြီး ကရင်ပြည်နယ်မှာသာမက အခြားသောအဖွဲ့အစည်းအားလုံးက လေးစားရတဲ့ ခေါင်းဆောင်ကောင်းတယောက်ဖြစ်နေတာကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရပါတယ်။ ကျနော်တို့ရည်မှန်းထားတဲ့ရည်ရွယ်ချက်ကို ဗိုလ်ချုပ်မြက အများဆုံးကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ဘုရား၃ဆူကိုရောက်တော့ သူတို့အထောက်အပံ့နဲ့ နေခဲ့ရပါသေးတယ်။ အဲ့ဒီအချိန်မှာဘုရား၃ဆူက မွန်နဲ့ကရင်နယ်လုပြီး စစ်သလင်းနယ်မြေ ဖြစ်နေခဲ့တာပါ။ ကျောင်းသာတပ်မတော်တည်ထောင်တာတွေ၊ စစ်သင်တန်းပေးတာတွေကိုလည်း ကေအင်န်ယူကအများဆုံးကူညီခဲ့ပါတယ်။ 
ကျနော်တို့ပြည်သူတွေအားလုံးကို သတင်းအမှောင်ချထားပြီး ကျနော်တို့ရဲ့ဦးနောက်တွေ အမှားအမှန်ခွဲခြားလို့မရနိုင်တော့လောက်အောင် ခြစားအမှောင်ဖုံးထားတယ်ဆိုတာ ဒီတော်လှန်ရေးခရီးက အလင်းပြလိုက်ခြင်းပါပဲ။ ဒီတော်လှန်ရေးခရီးအစရဲ့ ခဏတာခက်ခဲကြမ်းတမ်းမှု့တွေဟာတကယ်တော့ ပြည်တွင်းမှာ ဘဝအတွက်ဘယ်တော့မှမပြီးဆုံးနိုင်ပဲ ကြမ်းတမ်းရုန်းကန်နေရတဲ့ဘဝနဲ့စာရင်အသေးအမွှားရယ်။ ကျနော်တို့ပြည်သူတွေနာကျင်ခံစားလာခဲ့ရတဲ့ဘဝတွေအတွက်ပြည်သူထဲကကျနော်တို့ကိုယ်တိုင် ပြောင်းလဲဖို့တာဝန်မယူရင် ဘယ်သူယူမလဲ။
 (ကျောင်းသားတပ်မတော်တည်ထောင်ပြီး ကျနော်ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာကို ဒီလင့်မှာ   http://myosatthit.blogspot.com/p/absdf.html ဆက်လက်ဖက်ကြည့်နိုင်ပါတယ်)


No comments:

Post a Comment