1988 မေလ၉ရက်နေ့မှာ ကချင်ပြည်နယ်သို့အမေနှင့်အတူအလည်သွားပြီး၊ ခွင့်တလကျော်သွားသောကြောင့်
အချုပ်တပတ်ကျသည်။ အချုပ်ကျစဉ် မတ်ချ်လအရေးအခင်းကဂရက်တွေကြောင့် ကျောင်းသားတိုက်ပွဲဝင်
စာတမ်းတွေကိုဖတ်ရသည်။ တပတ်အကြာအချုပ်ကလွတ်ပြီး အလုပ်ပြန်မဆင်းရပဲ ကင်းဝင်ရသည်။ ကင်းဝင်နေစဉ်
တပါတီစနစ်ကိုသပိတ်မှောက်သံများကြားနေရသည်။ စစ်တပ်အိမ်ထောင်သည်မိသားစုများမှလည်း ဝိုင်းဝန်းသပိတ်မှောက်နေကြကြောင်းကြားရသည်။
၈လပိုင်း၂၈ရက်နေ့ မိန်းထဲတို့ မြတ်ခိုင်၊ သက်တင်ဦး၊ အောင်ကျော်စိုးတို့နှင့်အတူကျောင်းသားတရားဟောပွဲတို့သွားစဉ်
ဆရာဦးအောင်မြင့်စိုး၊ ကိုအောင်ကြည်ဦးတို့နှင့်တွေ့ပြီး လုပ်သားကောလိပ်ကျောင်းသားများကိုစုစည်းရန်ကြိုးစားကြသည်။
ရန်ကုန်ဆေးရုံကြီးတွေစုဝေးကြရန်ဆော်သြကြရသည်။
၂၉ရက်နေ့ လုပ်သားကောလိပ်ကျောင်းသားများ ရန်ကုန်ဆေးရုံကြီးတို့စုရုန်းပြီ
ချီတက်ဆန္ဒပြသည်။ ၂၉ရက်နေ့နောက်ပိုင်း နေ့တိုင်း ဆန္ဒပြကြသည်။ ညပိုင်းအလုပ်ပြန်လုပ်၊
နေ့ပိုင်းချီတက်ဆန္ဒပြကြခြင်းဖြစ်သည်။ ဗိုလ်တထောင်တွင် လုပ်သားကောလိပ်သမ္မဂ တည်ထောင်ကြပြီး၇ရက်နေ့အဖွဲ့ဝင်ကဒ်ရသည်။
အဖွဲ့ဝင်နာပါတ်၅၉၄။
၉လပိုင်း၉ရက်နေ့မှာ ကပစတပ်ထဲမှ မြတ်ခိုင်၊ အောင်နိုင်နှင့် ကျနော်အပါအဝင်၉ယောက်တိတိ
အမာခံအဖြစ် တပ်ထဲမှအပြီးထွက်၍ ဗိုလ်တထောင်ကျောင်းတွေနေသည်။ လူ၅၀နီးပါးအပြီးထွက်ရန်
တာဆူထားသော်လည်း တပ်ရင်းအရာခံဗိုလ်ထံသတင်းပေါက်ကြားသွားသောကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး
အင်းယားကန်ဘောင် အုပ်တံတိုင်း မှကျော်ပြီး ၉ယောက်သာထွက်ပြေးလာနိုင်ခြင်းဖြစ်သည်။ ထိုနေ့ည
၉နာရီတွင် ဒီမိုကရေစီမမရမချင်းတိုက်ပွဲဝင်မည်ဟု သစ္စာရေသောက်ကြသည်။ လုပ်သားကောလိပ်မြေအောက်အဖွဲ့အစည်းဖွဲ့သည်။
မြေအောက်ဥက္ကဌ ကိုစိုးသိန်းက ငါ့ကိုသူနဲ့အတူလက်တွဲလုပ်ဖို့ ဒုဥက္ကဌခန့်သည်။ စိုးသိန်း၊ သက်လွင်၊ အောင်ကြည်မြင့်၊ အောင်မြင့် ဆိုပြီးမြေအောက်အမာခံခေါင်းဆောင်တွေအဖြစ်ယာရီသတ်မှတ်ကြသည်။ လျှို့ဝှက်လက်နက်များကြံဖန်စီစဉ်ရသည်။
ကျောင်းသားများကို သိုင်းအဖွဲ့အစည်းတခုမှသိုင်းလေ့ကျင့်သင်ပေးရန်အဆက်အသွယ်ရသည်။
၁၀ရက်နေ့မှာ အမာခံ၉ယောက်ကြိုးစားမှု့ကြောင့် ကပစတပ်မှအင်အား၆၀၀ခန့်
လုပ်သားကောလိပ်ကျောင်းသားများနှင့်ပူးပေါင်းဆန္ဒပြကြသည်။
၁၁ရက်နေ့တွင်၁၀၀၀ခန့်ရှိတဲ့ ကပစစစ်ကြောင်းကို လုပ်သားကောလိပ်ကျောင်းသားများကကာကွယ်ဦးဆောင်ချီတက်ဆန္ဒပြကြသည်။
ကျနော်ကလိုင်းကြပ်ကာကွယ်သူအနေဖြင့်တာဝန်ယူရသည်။
၁၈ရက်နေ့ စစ်တပ်ကအာဏာသိမ်းပြီး
ကျောင်းသားသမ္မဂဝင်များကို စစ်တပ်ကလိုက်လံရှာဖွေသတ်ဖြတ်ကြသောကြောင့် ဗိုလ်တထောင်ကျောင်းရှိလုပ်သားကောလိပ်
အုပ်စုကိုဖျောက်ဖျက်ပြီးပုန်းရှောင်နေလိုက်ရသည်။ ငါနှင့်တချို့ အယ်ဒဆင်လမ်းကဆရာမအိမ်တအိမ်မှာသွားပုန်းနေရသည်။
ညပိုင်းတွင်ဗိုလ်တထောင်ရေတပ်ဖက်တို့သွားရောက်ဆန္ဒပြကြသည်။ ညဖက် ဗိုလ်တထောင်ကျောင်းထပ်ခိုးတွင်ကိုအောင်ကြည်ဦး
ဦးစီး၍လျှို့ဝှက်အစည်းအဝေးလုပ်သည်။
၁၉ရက်နေ့ ကျောင်းသား၁၇ယောက်ကိုဦးဆောင်ပြီး
ဦးချစ်လဘက်ရည်ဆိုင်မှာခိုအောင်းနေရသည်။ သူတို့ကအရေးကြီးလျင် ပုန်းရှောင်ဖို့ကော ထွက်ပြေးဖို့လမ်းကိုကော
ပြသပေးထားသည်။ ငွေသား၂၀၀ကျပ်လည်းလိုသာသုံးရန်ငါ့ကိုပေးထားသည်။
၂၁ရက်နေ့ အယ်ဒဆင်လမ်းထိပ်ကသစ်ဆိုင်မှာတင်ဦးနဲ့ငါအတူအိပ်သည်။
မင်းအောင်နဲ့ပေါက်စဆိုသူက အချိန်မရွေးလာနေနိုင်ကြောင်းပြောပြီး ငွေကြေးအချို့ပေးသည်၊
အစားအစာလဖက်ရည်များတိုက်သည်။ ထိုအိမ်တွင် ဗကသအဖွဲ့ဝင်နှစ်ယောက်လည်းရှိနေသည်။
၂၂ရက်နေ့သူငယ်ချင်းသင်းသင်းကြည်အိမ်မှာ
ဖလော်နဲ့ငါသွားအိပ်သည်။ ဖလော်သူငယ်ချင်းတယောက်ကငွေလက်စွတ်တကွင်းစီပေးလိုက်သည်။
၂၃ရက်နေ့မနက်၇နာရီမှာ အောင်ဆန်းကွင်းနောက်ဖက်ကမုတ္တမကားဂိတ်ကနေ
၁၁၀ကျပ်ပေးပြီးစထွက်လာကြသည်။ လှေနဲ့မော်လမြိုင်ကိုကူးသည်။ ရောက်ရောက်ခြင်း ပုဂံတောင်ဘုန်းကြီးကျောင်းမှာအိပ်သည်။
အဲ့ဒီကျောင်းကမနက်အစောကြီး ပြန်ထွက်ခဲ့လို့ စစ်တပ်ကဝင်အရှာမှာသီသီကလေးလွတ်ခဲ့ရသည်။
၂၄ရက်နေ့ မောင်ငံကွင်းဘုန်းကြီးကျောင်းမှာစုဖြစ်သည်။
အားလုံးစုစုပေါင်း၂၈ယောက်ရှိပြီ။ မနက်စာကိုငှက်ပျောသီး၂လုံးနဲ့သာအာသာဖြေရပြီး ညစာကိုဘုန်းကြီးကျောင်းသားတွေချက်ကျွေးကြသည်။
၂၅ရက်နေ့မနက်စောစော မော်လမြိုင်ကနေ
မုဒုံအလွန်ကွမ်လှာဘူတာကိုရထားစီးသည်။ လမ်းပြအကူနဲ့ တောနက်ထဲကိုတိုက်ရိုက်ဝင်သွားရသည်။
ဒကဗမ (MNLA)စစ်တပ်နဲ့အဆက်အသွယ်ရသည်။ ယာရီစခမ်းတခုမှာညအိပ်သည်။ ခြုံခြားထဲမှာပုဆိုးခြုံပြီးအိပ်ရသည်။
၂၆ရက် စစ်ဖြစ်ထားတဲ့ရွာတရွာကိုရောက်တယ်။
အကုန်ထွက်ပြေးကုန်လို့ အိမ်၃အိမ်မှာပဲလူတချို့တွေ့ရတယ်။ ခဏနားပြီးခရီးဆက်ထွက်တော့ ည၆နာရီလောက်မှာ
လွမ်ဂနူရွာကိုရောက်ပြီးထမင်းစားကြတယ်။ နောက် ကြာအင်းဆိတ်ကြီးရွာကိုရောက်ပြီး တဘက်ခြမ်းက
လက်ဝါးဆိတ်ကြီးရွာကိုလှေနဲ့ကူးကြတယ်။
၂၇ရက်နေ့ တပ်အုပ်စုတွေဖွဲ့တော့
တပ်စု၂ဖြစ်တဲ့ အောင်နိုင် ရဲ့တပ်စုမှာ ဒုတပ်စုမှုးအဖြစ်တာဝန်ယူရတယ်။ မုဒုံတပ်ဖွဲ့ကဟောပြောပွဲလုပ်ပေးတော့
မွန်တလှည့်မြန်မာတလှည့်ဟောပြောကြတယ်။ ညပိုင်းမှာ ကျောင်းသားတွေကိုကြိုဆိုတဲ့အနေနဲ့
မွန်မလေးတွေ ကကြပြီးဆိုင်းနဲ့ဗုံနဲ့ဖျော်ဖြေကြတယ်။
၂၈ရက် မနက်၆နာရီနဲ့ ညနေ၅နာရီ
မှာ လေ့ကျင့်ခန်းလုပ်ကြရတယ်။ ညကြတော့ လှယဉ်ကျေးတို့အိမ်မှာ ကိုမောင်ကြီးကြီးဦးဆောင်ပြီး
ဂိမ်းကစားကြတော့ ငါကဝင်းဦးသီချင်းဆိုပြရတယ်။
၂၉ရက် ကျောင်းသားတွေထပ်ရောက်လို့ကြိုဆိုပွဲလုပ်ကြတယ်။
ကျောင်းသား၄၀၀လောက်စုစည်းမိပြီ။
၃၀ရက် ညမှာခရီးဆက်ကြတယ်။ ကောင်းကင်ကလည်းမဲမှောင်နေပြီး
မိုးကလည်းရွာတယ်။ မှောင်မှောင်မဲမဲ တောတောင်ကြားက ခါးလည်လောက်မြှုပ်တဲ့ရေလမ်းထဲမှာလက်တွဲပြီးသွားတဲ့အခါ
လက်ပြုတ်သွားလို့ အကြာကြီးရပ်နေရသေးတယ်။ ခြေထောက်မှာလည်း၃ချက်ကွဲနေတယ်။ ချောင်းတွေကလည်းအတော်များတော့ခဏခဏကူးရတယ်။
မျော့တွေလည်းတွယ်လွန်းလို့ တယောက်နဲ့တယောက်ခွာပေးကြရတယ်။
၁၀လပိုင်း၁ရက်နေ့မှာ တံတားပျက်ရွာကိုရောက်တယ်။ရွာကလူတွေက
ပန်းတွေအမွေးနံ့သာတွေပက်ဖြန်းပြီးကြိုဆိုကြတယ်။ ငါတို့ဇရပ်တခုမှာညအိပ်တော့ ချင်တွေဖြုတ်တွေကိုက်လို့တညလုံးအိပ်မရ။
ရွာသားတွေလည်း ကျောင်းသားတွေအတွက် တရွာလုံးချက်ကြပြုတ်ကြနဲ့ အလုပ်ရှုပ်နေကြတယ်။
၂ရက်နေ့မှာ အခြားစစ်ကြောင်းတွေဆက်လက်ခရီးထွက်တော့
မွန်ရွာတွေကိုလှည့်လည်သွားနေတဲ့ အခြားစစ်ကြောင်းတွေကနေလမ်းကြောင်းခွဲထွက်ဖို့ဆုံးဖြတ်ပြီး
နေခဲ့ကြတယ်။ ဒါနဲ့ပိုက်ဆံတွေအားလုံးစုပုံပြီး ဝေသာလီခေါ် ဝက်စလီရွာကို စက်လှေနဲ့ခရီးဆက်ကြတယ်။
ညစာကိုကိုယ့်ဟာကိုယ်ချက်ပြုတ်စားကြတယ်။ ငါတို့တည်းတဲ့အိမ်ကအတော်သဘောကောင်းကြတယ်။
၃ရက်နေ့ ညနေ၆နာရီမှာ ဝတ်ဇလီရွာကနေ
လိပ်ပြုတ်ရွာကိုခရီးဆက်ထွက်တယ်။ ညစာကို ထန်းလျက်ခဲနဲ့ပဲပြီးကြရတယ်။
လိပ်ပြုတ်ရွာကအိမ်တအိမ်မှာ၁၃ရက်နေ့အထိငါနဲ့တချို့နေဖြစ်ကြတယ်။
တိုက်ပွဲသံတွေရွာထဲကနေ ကြားနေရလို့သတိရှိနေရတယ်။ RIT ကကျောင်းသားတယောက်ဇနိမြစ်မှာ ရေနစ်တယ်ကြားလို့
ငါတို့သွားကြရသေးတယ်။ ရေကအင်မတန်ရေစီးသန်တာတွေ့ရတယ်။ ငါနဲ့အောင်နိုင်လယ်တောတဖက်ကိုဖြတ်ပြီး
မကျည်းသီးစိမ်းနဲ့ငရုပ်သီးသွားခူးတယ်။ ညစာဆန်ပြုတ်ချက်ပြီး တခြားအိမ်မှာတည်းနေတဲ့ ကိုမောင်မောင်ကြီးတို့အုပ်စုကိုခေါ်ပြီး
ဆန်ပြုတ်သောက်ကြတယ်။ နောက်တရက်သူတို့အိမ်မှာဆန်ပြုတ်လုပ်လို့ သွားပြီးစားကြရသေးတယ်။
နောက်နေ့အိမ်မှာပဲကျပန်းစကားပြောပွဲလုပ်တော့ ငါက တရားသူကြီးချုပ်ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောရတယ်။
၁၁ရက်နေ့မှာ ကြားနေရတဲ့တိုက်ပွဲသံတွေကြောင့် အိမ်ရှင်တွေငါတို့ကိုထားပြီးပြောင်းပြေးသွားကြပြီး
စိုက်ထားတဲ့ပိန်းဥတွေတူစားကြတယ်။ တချို့ကျောင်းသားမိဘတွေအရောက်လိုက်လာပြီး ပြန်ခေါ်ကြတယ်။
တချို့ကပြန်မလိုက် တချို့ကပြန်လိုက်ကြ။ ညမှာအစည်းအဝေးလုပ်တော့ ခေါင်းဆောင်တွေပြန်ရွေးတယ်။
တချို့ကငါ့ကိုတင်ပေမဲ့ငါမလုပ်။
၁၃ရက်နေနေ့လည်၃နာရီလောက်လိပ်ပျော့ရွာကထွက်တယ်။
ဝတ်ဇလီရွာကိုနောက်တနာရီလောက်အကြာမှာ ပြန်ရောက်တယ်။ အရင်အိမ်မှာပဲပြန်တည်းတယ်။ ညစာကိုဆန်ပြုတ်နဲ့ပဲပြီးပြန်တယ်။
၁၄ရက်နေ့ မနက်အစောကြီး ဝတ်ဇလီရွာကထွက်တယ်။
၈နာရီမှာ ကော့ကလို့ရွာကိုရောက်တယ်။ မကျီးသီးထောင်းနဲ့ထမင်းစားကြတယ်။ ညပိုင်း ရွာကိုစစ်ကြောင်းတခုရောက်လာလို့
ကျောင်းသားသီချင်းဆိုပြီး ဝိုင်းကြိုကြတယ်။ ဗိုလ်တထောင်ကကျောင်းသား၂၇ရောက်ပါလာတယ်။
၁၅ရက်နေ့မနက်၅နာရီမှာ ခရီးပြန်ထွက်တယ်။
တံတားပျက်ရွာမှာညအိပ်ကြတယ်။ ကရင်နယ်ကဖြတ်သွားခွင့်ရပြီဟုကြားသိရတယ်။
၁၆ရက်နေ့မနက်၆နာရီမှာ ကရင်ပြည်နယ်သို့ခရီးဆက်ကြတယ်။
၁၁နာရီမှာဇမိမြစ်ကိုပြတ်ပြီး ကရင်ရွာဖြစ်တဲ့ ဆီဆုံရွာကိုရောက်ကျော်ဖြတ်ပြီး ထီးခိုင်ရွာကိုရောက်တယ်။
အဲ့ဒီမှာညစာပဲဟင်းချက်စားပြီးညအိပ်ကြတယ်။
၁၇ရက်နေ့ မနက်၆နာရီ စ ထွက်၊ သဲဖြူချောင်းမှာခဏနားပြီးထမင်းကိုဖက်နဲ့ခင်းစားကြတယ်။
ညနေပိုင်းလောက် ဆင်သေချောင်းကိုရောက်ရာတချို့လှေနှင့်တချို့ဖောင်နှင့်ဖြတ်ကြတယ်။ ညပိုင်းရောက်လာသောအခါ
ရေစီးကြမ်းလာသောကြောင့် အတော်များများမဖြတ်လိုက်ရပဲ လယ်တဲထဲတွင်စုပြုံ၍ညကိုငုတ်တုပ်ထိုင်ဖြတ်ကြရတယ်။
ကံကောင်း၍ပါလာတဲ့ထမင်းကို ဆားနဲ့စားကြတယ်။ နောက်နေ့မနက်စောစော ချောင်းကိုကြိုးဖြင့်တန်း၍ကူးရာ
ကံကောင်း၍မသေ။ ဂေါ်လီကွဲရွာတို့ညနေ၄နာရီလောက်ရောက်ပြီး ရွာသားတချို့ကအရက်တိုက်ရာ ငါနှင့်ကိုအောင်ကြည်ဦး၊
တင်ဦး၊ အောင်နိုင်၊ ဖလော်ကျော်စိုး၊ ရန်ဘိုခေါ်အောင်တင်မိုးတို့အရက်သောက်ကြသည်။ အမူးလွန်ပြီး၂ခါတောင်အံမိသည်။
၁၈ရက်နေ့မှာ ဂေါ်လီကွဲရွာမှစထွက်ရာအလွန်သာယာလှသည်ကိုတွေ့ရသည်။
ကျောက်ဆောင်ဘေးတလျောက်စီးဆင်းနေသောချောင်းကိုဖြတ်ရသည်။ နောက်ချောင်းတခုကိုဖြတ်စဉ် ဟိုဘက်ဒီဘက်ချိတ်ဆက်နေသောသစ်ပင်ပေါ်မှကျော်ဖြတ်ခဲ့ရသည်။
တောလမ်းတခုမှာတဲတချို့တွေရသောကြောင့် အဲ့ဒီမှာဖြစ်သလိုညစာစားပြီးညအိပ်ကြသည်။
၂၀ရက်နေ့ မနက်၆နာရီတွင်ခရီးဆက်ထွက်လာရာဇမိမြစ်နားတွင်
ရေတံခွန်သံကြားရသည်။ ဇမိမြစ်ကိုစက်လှေဖြင့်ဖြတ်ပြီး၁၁နာရီကျော်ကျော်တွင်ချောင်းဆုံတို့ရောက်သည်။
အဲ့ဒီမှာမနက်စားစားပြီး ဆက်လက်ထွက်ခွာလာရာ ဘုရားသုံးဆူတို့ညနေ၅နာရီတွင်ရောက်သည်။
No comments:
Post a Comment