တမ်းတမ်းတတပုံရိပ်များ (ပုံရိပ်၃)


ကျနော်ဘန်ကောက်ကိုစရောက်တော့ ပိုက်ဆံကလည်း တပြားမှမရှိ၊ ရင်းနှီးတဲ့သူငယ်ချင်းအသိမိတ်ဆွေကလည်းမရှိသေးချိန်မှာ နေစရာပေးတဲ့ဂေါ်ဆန်းအလုပ်ကိုလုပ်ကိုင်ဖြစ်ပါတယ်။ အတူတက်လာတဲ့မြတ်ခိုင်ကတော့ ဆင်းဂါးရေခဲသတ္တာဆိုင်မှာနေစရာနဲ့အလုပ်ရတော့သူကတော့အဆင်ပြေပါတယ်။ ဂေါ်ဆန်းအလုပ်ကရွှေ့ပြောင်းအလုပ်ကြမ်းဆိုတော့ ဖြစ်သလိုနေ ဖြစ်သလိုစားရတာပါ။  Sanam Luang Park စနန်းမလွန်(ဝ်) ပန်းခြံနားက အိမ်ပျက်တနေရာမှာကျနော်တို့ဂေါ်ဆန်းအလုပ်သမားအချို့အတွက် ယာယီနေစရာပေးထားပေမဲ့(မည့်) အလုပ်သွားလုပ်တဲ့အခါ အလုပ်မှာဖြစ်သနေရတာကများပါတယ်။ အလုပ်လုပ်ရင် ယာမဆေးစိမ်ထားတဲ့ အအေးသောက်ပြီးအလုပ်လုပ်တော့ပင်ပန်းလို့ပင်ပန်းမှန်းမသိ။ ကျနော်ကဖြစ်တည်လာတဲ့ အခြေအနေအခက်အခဲပေါ်မှာ သိပ်ပြီးစိတ်သောကရောက်လေ့ရှိတဲ့သူမဟုတ်ပဲ ရောက်တဲ့နေရာတွေ့တဲ့လူနဲ့ ပျော်အောင်နေလေ့ရှိတော့ ဘဝတကွေ့မှာခဏတွေ့ရတဲ့သူတွေနဲ့ ခင်ခင်မင်မင် ခပ်ပျော်ပျော်ပဲနေထိုင်ခဲ့ပါတယ်။  ကျနော်နဲ့ သက်တူရွယ်သူတခြားလူငယ်မြန်မာယောက်ျားလေး ၃ယောက်နေတဲ့ အိမ်ကြိုအိမ်ခြားကအိမ်စုတ်လေးတခုမှာနေခွင့်ရတယ်။ အဲ့ဒီရပ်ကွက်က ရန်ကုန်မြို့ပေါ်က ကျူးကျော်ရပ်ကွက်လို ကပ်ကပ်သတ်သတ်ဆောက်ထားတဲ့ ပုံစံမျိုး။ ရပ်ကွက်ထဲကနေထွက်လိုက်တာနဲ့ လူစည်ကားပြီး ခန်းနားလှတဲ့ စနန်းမလွန်(ဝ်) ပန်းခြံကိုတန်းရောက်တာပါပဲ။ အဲ့ဒီပန်းခြံကမြဘုရားတည်ရှိရာဖြစ်ပြီး ကျယ်ဝန်းလှတဲ့ကွင်းပြင်မှာ မကြာခဏပွဲလမ်းသပင်တွေ ကျင်းပရာနေရာဖြစ်တယ်။ ဘန်ကောက်မြို့ဟာ ထိုင်းရဲတွေ ခြေရှုပ်ရာနေရာဖြစ်ပြီး မြန်မာတွေ့ရင် ငွေတွင်းတွေ့သလို ဖမ်းပြီးပိုက်ဆံပဲတောင်းနေကြသူတွေလေ။ ဒါကြောင့် အပြင်တော့ခဏခဏမထွက်ဖြစ်ပေ။ ပန်းခြံထဲကိုတခါတလေသွားရင်လည်း သစ်ပင်အောက်တွေ ခုံတန်းယားတွေမှာ ညဉ့်ငှက်တွေက နေရာအနှံ့။ သူငယ်ချင်းတယောက်ကပြောတယ် “သူတို့အနားသွားမကပ်လေနဲ့ မင်းကိုအတင်းလျှောက်ကိုင်လိမ့်မယ်” “သူတို့တွေကအခြောက်တွေ” အခြောက်ဆိုလို့မြန်မာပြည်မှာ အရပ်ရှည်ရှည်ဗလကောင်းကောင်းနဲ့လမ်းတကာလည်ကာ သီချင်းဆိုလျှောက်သီးဆေးပြားရောင်းတဲ့ အရုပ်ဆိုးဆိုးတွေတာမြင်ဘူးတာဆိုတော့ အခြောက်ဆိုရင်ခပ်လန့်လန့်ရယ်။ ဒါကြောင့်အနားသိပ်မကပ်ရဲ။ အလုပ်အားရင်လည်း အပြင်ထွက်လည်ကြတာထက် အိမ်တွင်းမှာပဲအချိန်ကုန်တာများပါတယ်။ တရက် ညနေပိုင်းမှောင်ရီပျိုးစ အချိန်လောက်မှာ ကျနော်စာဖတ်နေတုန်း အတူနေတဲ့တယောက်က အိမ်ပေါ်တက်လာပြီး “ဟေ့ဟေ့ လာလာ ဟိုမှာပွဲကြမ်းနေပြီ” ကျနော်လည်းဘာမှန်းမသိ၊ အိမ်အောက်ကိုဆင်းလိုက်သွားမိတယ်။ ကျနော်တို့နဲ့ကပ်ရက်လူမနေတဲ့အိမ်က နောက်ဖေးရေချိုးခန်းပြူတင်းပေါက်ကို ဝိုင်းချောင်း နေကြတာကိုး။ အဲ့ဒီအိမ်ကလူမနေပေမဲ့ တခါတခါ ၁၆နှစ်လောက်သာရှိအုံးမဲ့ ကျောင်းဝတ်စုံလေးနဲ့ ထိုင်းမလေးတယောက်ရောက်ရောက်လာတတ်တယ်။ သူကအင်မတန်ချောမောလှပပြီး၊ အသားအရေစိုစွတ်ဖြူဝင်းနေတဲ့အလှပိုင်ရှင်ဖြစ်တယ်။ ယောက်ကျားလေးတိုင်း ငေးကြည့်ယူရလောက်အောင် အိအိဖြိုးဖြိုး တစ်တစ်ရစ်ရစ်နဲ့ ဆိုတော့ သူ့ကိုတွေ့ရင်ဘယ်သူမှမျက်နာလွဲပြီးမနေနိုင်။ ကျနော်လည်းပုထုစဉ်လူသားထဲကလူငယ်တယောက်ဆိုတော့ သူ့အလှအောက်မှာနှစ်မျောနေမိခဲ့သူပါ။ အဲ့ဒီအချိန်ကထိုင်းကိုရောက်ခါစဆိုတော့ ထိုင်းစကားကိုမပြောတတ်သေး။ သူ့ကိုအပြင်မှာမျက်နာချင်းဆိုင်တွေ့ဘူးစဉ်က သူ့ကိုနှုတ်ဆက်စကားပြောဖို့ ထိုင်းစကားလေးတတ်ရင် ကောင်းမှာပဲလို့တော့တွေးမိခဲ့သေး။ သူ့ရဲ့အကြည့်တွေထဲမှာလည်းကျနော့်ကိုထိုင်းစကားမတက်တဲ့မြန်မာတယောက်ဆိုတာသိနေတယ်လို့ကျနော်ခံစားမိပါတယ်။ ကျနော်တို့ချို့ချို့ငဲ့ငဲ့နဲ့လာအလုပ်လုပ်နေကြရတယ်ဆိုတာသူလွယ်လွယ်ကူကူပဲသိနိုင်မှာပါ။ ကျနော်လည်း သူတို့ဝိုင်းချောင်းနေတဲ့ကြားထဲကနေ ချောင်းကြည့်လိုက်တော့ လားလား အဲ့ဒီထိုင်းမလေး ကိုယ်တီးလုံးချွတ်နဲ့ ရေချိုးနေတာကိုး။ သူကကျနော်တို့မြန်မာပြည်ကရေချိုးသလို ရေကန်ထဲကရေကိုခွက်နဲ့လောင်းချိုးတာပါ။ ရေချိုးခန်းပြူတင်းပေါက်ကတံခါးမရှိပေမဲ့ အပေါ်ဖက်မှာဆိုတော့ ကျနော်တို့ကိုမမြင်နိုင်။ သူကကျနော်တို့ကိုနောက်ကျောပေးပြီး သီချင်းကလေးညည်းရင်း အေးအေးဆေးဆေးချိုးနေတာပါ။ တကယ်ပဲမသိလို့လား သိသိကြီးနဲ့ ဂရုမစိုက်တာလားတော့ဝေခွဲမရ။ ကျနော်တို့လည်း ရှိုးပွဲတခုကိုကြည့်သလိုအားမနာတမ်း ကြည့်နေမိပါတယ်။ ကျနော့်ရင်ထဲမှာတော့နှမျောသလို ဘာလိုလိုဝေသနာတခု ခံစားလိုက်မိပါတယ်။ တသက်နဲ့တကိုယ်အပြင်မှာခုလိုမတွေ့ခဲ့ဘူးဘူးဆိုတော့ ရင်တုန်ပမ်းတုန်ဖြစ်မိသာတော့အမှန်။ မြန်မာပြည်မှာမြင်ဘူးခဲ့တဲ့မိန်းခလေးတွေက သဘာဝဒဏ်ခံထားရတဲ့အသားအရည်ပေါ်မှာ သနပ်ခါးတွေ မိတ်ကပ်ကြမ်းတွေ လိမ်းထားလိုက်ရင်ပဲသိပ်လှနေပြီလို့ထင်ခဲ့မိတာလေ။ (မြန်မာမိန်းကလေးအများစုက ခန္ဓာကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ထက် ဘဝရပ်တည်ရေးအတွက် ချွေးတလုံးလုံးနဲ့ ပြေးလွှားရုန်းကန်နေကြရတာ ဆိုတော့ နေလောင်လေလောင် အသားအရည်တွေနဲ့ မဟုတ်လား။) အခုမြင်တွေ့ရတာနဲ့တခြားဆီလေ၊ ပြီးတော့အဝတ်ဗလာရယ်။ သူငယ်ချင်းတယောက်ကတော့ “သူ့ရီးစားနဲ့ဒီမှာသူ့မိဘတွေမသိအောင် လာချိန်းတွေ့တာနေမှာပေါ့” လို့ပြောတယ်။ ဟုတ်မဟုတ်တော့မသိ။ ကျနော်တို့နောက်တခါထပ်ချောင်းဖြစ်တဲ့ အချိန်မှာ သူကရုပ်တရက်လှည့်ပြီး “ပိုင်း ပိုင်း” လို့ဆိုရင်း ရေနဲ့လှမ်းပက်လို့ရှက်စိတ်မွန်ပြီး ထွက်ပြေးလာခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းသူ့ကိုအပြင်မှာကျနော် မျက်နာခြင်းဆိုင်တွေ့တော့ သူ့ကိုကျနော်ရဲရဲမကြည့်ရဲ။ ခြောင်းကြည့်တဲ့အထဲကျနော်ပါတယ်ဆိုတာသိမှာဆိုးတယ်လေ။ သူကတော့ကျနော့်ကို စူးစူးစိုက်စိုက်ကြည့်နေလေရဲ့။ သူ့အကြည့်တွေမှာငါ့အပေါ်ရွံရှာတဲ့အကြည့်တွေပါနေလေသလားဆိုတဲ့ဝမ်းနည်းစိတ်လည်းတပြိုင် တည်းတွေးမိလိုက်ပါတယ်။ ကျနော်လည်း သူငါ့ကို ချောင်းကြည့်တဲ့ အထဲမှာပါတာ သိနေတယ်ထင်တယ် ဆိုတဲ့အတွေးနဲ့ အလွန်ရှက်စိတ်ဝင်ပီး  ကိုယ့်ကိုယ်ကို အပြစ်ရှိသူတယောက်လို ခံစားလိုက်မိပါတယ်။ ကျနော်တို့မြန်မာတွေဘဝကလည်း သူများအလှအပကို ခိုးကြည့်ငေးကြည့်ရတဲ့ဘဝမှာပဲရှိနေပါလား ဆိုတဲ့အသိတခုအဲ့ဒီတုန်းကဝင်ခဲ့မိပါတယ်။ ကိုယ့်ကိုယ်ကိုလည်း မကျေမနပ်ဖြစ်ကာ သူများတတကာရဲ့အလှအပကိုငေးကြည့်ရုံသာနေရတဲ့ဘဝမှာရှိနေရတဲ့ အခြေအနေကို စက်ရှုပ်ရွံရှာမိတဲ့စိတ်ဖြစ်ပေါ်လာမိပါတယ်။ အဲ့ဒီမှာကျနော်သိပ်ကြာကြာမနေဖြစ်လိုက်၊ နောက်ပိုင်း မြန်မာအသိတယောက်ရဲ့အကူအညီနဲ့ ဘန်ကောက်မြို့ပြင်နားလောက်က စံခရာဘူရီမြို့ရဲ့ အပ်ချုပ်စက်ရုံတခုမှာ လုပ်သားကောလိပ်ကသူငယ်ချင်းအချို့နဲ့ အလုပ်သွားလုပ်ကြပါတယ်။ အဲ့ဒီမှာကျနော်နဲ့အတူ သာမင်းရယ် စိုးထိုက်ရယ် မင်းသူရယ်ပါ။ စက်ရုံမှာ ၁၃ ၁၄ နှစ်လောက်သာရှိအုံးမဲ့ ယောက်ျားလေးတယောက်သာရှိပြီး ကျန်တာမိန်းခလေးကြီးများသာ။ အလုပ်သမားအားလုံးကို အပျိုကြီးမမဖြစ်တဲ့ ထိုင်းအမျိုးသမီးတယောက်က အုပ်ချုပ်နေထိုင်ကြပါတယ်။ အားလုံးလိုလိုလောက်က ရိုးသားတဲ့တောနေ ထိုင်းအိစံလူမျိုးများဖြစ်ကြပြီး မြို့တက်ပိုက်ဆံရှာ နေထိုင်ကြသူတွေပါ။ ကျနော်တို့ကို ဘယ်သူမှမနေတဲ့ အပျိုမမကြီးရဲ့အိမ်မှာ ပေးနေပါတယ်။ အိမ်ကနှစ်ထပ်တိုက်အိမ်သစ်ကြီး။ သူ့မောင်နေဖို့ဝယ်ပေးထားတာဖြစ်ပေမဲ့ သူ့မောင်ကမနေ သူကလည်းအလုပ်မှာပဲနေတော့ အိမ်က လွတ်နေတာလေ။ ထိုင်းမှာနေထိုင်ခွင့်ကလည်းမရှိသေး၊ နေစရာကလည်းအတည်တကျမရှိတဲ့အချိန်မှာ သင့်တင့်တဲ့ လုပ်အားခနဲ့နေစရာပါ ရ ရုံမက ဘန်ကောက်လို ပုလိပ်ရှုပ်ရှုပ်ရှက်ရှက်နဲ့မနေရတော့ ကျနော်တို့အတွက် လုံခြုံစိတ်ချရတဲ့နေရာတခုရခဲ့ကြတာပေါ့။ အဲ့ဒီအလုပ်မှာ ကျနော်တို့လည်း ထိုင်းစကားကောင်းကောင်းတက်သွားတယ်လို့ ပြောရမှာပါ။ စက်ရုံကထိုင်းမလေးတွေနဲ့လည်း အတော်ကိုရင်းနှီးခွင့်ရကြပြီး အတူကကြသီချင်းဆိုကြနဲ့ပေါ့။ ကျနော်တို့ကအင်္ဂလိပ်စကားကလည်း သူတို့နဲ့စာရင်ပိုမိုတက်ကြတော့ အထင်ကြီးလို့ပေါ့။ သူတို့ရဲ့အိစံတောကို လိုက်လည်ဖို့တောင်ခေါ်ကြပါတယ်။ ကျနော်နဲ့အတော်ရင်းနှီးတဲ့ အလုပ်ထဲကထိုင်းမမ တယောက်က သူ့ညီမဖြစ်တဲ့သူနဲ့ကျနော့်ကို မိတ်ဆက်ပေးပါတယ်။ သူ့ညီမကအနီးနားက အခြားစက်ရုံမှာလုပ်နေသူဖြစ်ပါတယ်။ သူကအသားဖြူဖြူနဲ့နုပျိုချောမောလှပသူဖြစ်ပြီး ကျနော်နဲ့တွေ့တဲ့အချိန်မှာ သူအမကဘာပြောထားမှန်းမသိ ရှိုးတိုးရှမ်းတန်းနဲ့ရှက်နေပုံရပါတယ်။ သူ့ပုံစံကစွဲဆောင်မှု့ရှိတဲ့ချစ်စရာပုံလေးပါ။ ကျနော်တို့မကြာမကြာတွေ့ဖြစ်ကြပါတယ်။ သူ့အမကတောင် ကျနော့်ကို သူ့ညီမကိုကြိုက်နေတယ်မဟုတ်လား လို့ ပွင့်ပွင့်လင်းလင်းမေးလာဘူးပါတယ်။ ကျနော်ကတော့သူကိုကြိုက်လားမကြိုက်လား ကိုယ့်ကိုယ်ကိုတောင်မခွဲခြားတတ်။  သူက ကြိုက်ရင် သူတို့ရွာကအမေ့ကိုလိုက်ပြောလို့ပြောပါတယ်။ ကျနော်ရဲ့အင်းမလုပ်အဲမလုပ်မှု့ကြောင့်သူနဲ့ကျနော်သိပ်မနီးစပ်ခဲ့။ အဲ့ဒီတုန်းကကျနော်တို့လုပ်နေတဲ့ တော်လှန်ရေးစိတ်ရည်မှန်းချက်က ကျနော့်ကိုအကြီးအကျယ်စိုးမိုးထားလို့နဲ့တူပါတယ်။ ကျနော်တို့ရည်ရွယ်ချက်မပြီးသေးပဲ ကျနော် ထိုင်းတောရွာလေးတခုမှာ ကျနော့်ဘဝကိုအဆုံးသတ်လိုစိတ်မရှိခဲ့။
နောက်ဆုံးကျနော်တို့လည်း ဘန်ကောက်မှာ လုပ်သားကောလိပ်ကျောင်းသားတွေ တစုတစည်းတည်းနေထိုင်ပြီး လုပ်သားကောလိပ်အဖွဲ့ကိုပြည်ပမှာပြန်လည်ဖွဲ့စည်းဖို့ အဲ့ဒီအလုပ်ကထွက်ခွာလာခဲ့ပါတော့တယ်။ ကျနော်တို့ဘဝပေါင်းများစွာ အသက်ပေါင်းများစွာနဲ့ ရင်းနှီးလာခဲ့ရတဲ့ တော်လှန်ရေးရည်ရွယ်ချက်ကို ကျနော်တို့မိခင်အဖွဲ့အစည်းဖြစ်တဲ့လုပ်သားကောလိပ်နဲ့ဆက်လက်လုပ်ကိုင်ဖို့ပေါ့။ (ဆက်လက်ရေးသားပါအုံးမယ်)

အပျိုကြီးမမပေးနေတဲ့အိမ်
ဓာတ်ပုံအတူတူရိုက်ကြ

ထမင်းအတူတူစားကြ
အတူတူအလုပ်လုပ်ကြ


စနန်းမလွန်ဝမ်ပန်းခြံကိုအပျိုကြီးမမတို့နှင့်သွားလည်ကြပေါ့





No comments:

Post a Comment