ကျနော်တို့ဟာနွံထဲနစ်နေရတဲ့ပတ္တမြားတွေ

    (ထိုင်းမိဘုရားတပါးဖြစ်ခဲ့ဘူးတဲ့ မြန်မာပြည်ကကရင်မလေးနော်ဖဲမှု အကြောင်းပြောပြထားတဲ့ ဗွီဒီယိုအကြောင်းတနေ့ကကြည့်ဖြစ်တယ်။ စိတ်ဝင်စားဖို့အတော်ကောင်းတယ်။ မကြည့်ရသေးသူများအတွက်အောက်မှာလင့်တင်ထားပေးပါတယ်။)

     ဟိုးတချိန် မြန်မာမင်းတွေအင်အားကောင်းချိန် ထိုင်းနိုင်ငံကိုသိမ်းခဲ့လို့ ထိုင်းတွေက မြန်မာဆိုရင် အင်မတန်မုန်းခဲ့ကြတာ။ အဲ့ဒီခေတ်တချိန်တခါက မြန်မာဘုရင်မင်းဆက်တွေဟာ အင်အားကြီးမားလာတဲ့ ထိုင်းနိုင်ငံဖြစ်တဲ့ အယုဒ္ဓယ မြို့ကိုသိမ်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ကြတယ်။ အင်အားကြီးမားလာတဲ့ မြန်မာဘုရင်မင်းခေတ် ဘုရင့်နောင်၊ ရှင်ဖြူရှင်၊ အလောင်းဘုရား စတဲ့ ခေတ်တွေမှာ အယုဒ္ဓယမြို့တော်ကို သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့ မှတ်တမ်းတွေအရသိရှိရပါတယ်။ အဲ့ဒီအချိန်က တိုင်းပြည်တပြည်နဲ့တပြည် ကျူးကျော်နယ်ချဲ့ပြီး အင်အားကြီးမားအောင် လုပ်ကြတဲ့အလေ့အထအတိုင်း မြန်မာမင်းတွေကထိုင်းကိုသိမ်းပိုက်လိုက် ထိုင်းတွေကပြန်သိမ်းလိုက်နဲ့ သံသရာလည်နေတဲ့ခေတ်အချိန်အခါလေ။ မှတ်တမ်းတွေအရ မြန်မာနဲ့ထိုင်းစစ်ပွဲ ၄၄ကြိမ်ဖြစ်ပြီး နောက်ဆုံးနှစ်ပေါင်း၄၀၀ကျော်တည်တံ့လာတဲ့ အယုဒ္ဓယမြို့ဟာမြန်မာမင်းကြောင့်လုံးဝမီးလောင်ပျက်သုန်းခဲ့ကြရပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ကို ဗြိတိလျကိုလိုနီတွေ ဝင်ရောက်လာချိန် တနင်္သာရီတိုင်းတလျောက်သိမ်းပိုက်နိုင်ဖို့ ယိုးဒယားကဆင်တပ်များနဲ့ ဗြိတိလျကို ကူညီတိုက်ခဲ့ကြတယ်လို့သိရပါတယ်။ ကျနော်ထိုင်းနိုင်ငံမှာနေထိုင်စဉ် မြန်မာနဲ့ထိုင်းစစ်ပွဲအကြောင်းရိုက်ထားတဲ့ ရုပ်ရှင်တွေသီချင်းတွေတော်တော်များများတွေ့ခဲ့ရဘူးပါတယ်။ ကျနော်နဲ့သူငယ်ချင်းတချို့ တောင် ထိုင်းမြန်မာစစ်ပွဲတခုအကြောင်းရိုက်တဲ့ ရုပ်ရှင်ထဲမှာ ဝင်ရောက်သရုပ်ဆောင်ခဲ့ကြဘူးသေးတယ်။ စစ်တပ်တဖက်နဲ့တဖက် တိုက်ခိုက်နေတဲ့ကြားထဲမှာ ဓားနဲ့ဟိုခုတ်ဒီခုတ်လုပ်ပြီး လဲသေပြရတဲ့ ဝေလေလေနေရာမှာပေါ့။

    အရင်အခါက မြန်မာတွေရဲ့ ကျူးကျော်စစ်တွေကြောင့်ထိုင်းလူမျိုးတော်တော်များများက မြန်မာဆိုရင် ရွံလဲရွံ ကြောက်လည်းကြောက်ဖြစ်လာခဲ့ကြတယ်။ မြန်မာတွေရဲ့ ရဲစွမ်းသတ္တိနဲ့စွမ်းရည်ကိုကောင်းကောင်းသိကြပြီးကောင်းကောင်းခံခဲ့ကြဘူးတယ်လေ။ ၁၉၆၂ခုနှစ် စစ်အာဏာသိမ်းပြီး မြန်မာပြည်သားတွေစစ်ဗိုလ်ချုပ်တွေရဲ့ လက်ပါးစေကျွန်တွေဖြစ်ပြီး မြန်မာပြည်မွဲတေလာတော့ မြန်မာပြည်က လူမျိုးတော်တော်များများ တိုးတက်လာတဲ့ထိုင်းနိုင်ငံထဲ ဝင်ရောက်အလုပ်အကိုင်ရှာဖွေခဲ့ကြရတယ်။ ရဲစွမ်းသတ္တိနဲ့စွမ်းရည်ရှိလှပါတယ်ဆိုတဲ့ ကျနော်တို့မြန်မာပြည်သားတွေ အလုပ်လက်မဲ့ဘဝ၊ နေစရာမဲ့ဘဝတွေနဲ့ မြန်မာပြည်လက်အောက်ခံဖြစ်ခဲ့ဘူးတဲ့ ထိုင်းနိုင်ငံကိုသွားပြီး ဖြစ်သလို ရုန်းကန်ကြရတယ်။ လမ်းဘေးအမှိုက်ပုံတွေ, မကောင်းတဲ့နေရာတွေဆို မြန်မာတွေချည်းပဲ။ ထိုင်းနိုင်ငံထဲကမြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ ၈၈ကျောင်းသားထဲက ဆရာတယောက်အကြောင်းကို ဗွီအိုအေက သွားရောက်အင်တာဗျူးပြီး ရိုက်ကူးထားတာသိကြမှာပါ။ သူက မဲဆောက်မြို့နားက အမှိုက်ပုံကြီးတခုကိုအမှီသဟဲပြုပြီး နေထိုင်နေကြတဲ့ရွာက ခလေးတွေကိုစာသင်ကြားပေးနေတဲ့ ပရဟိတဆရာတယောက်ပါ။ အဲ့ဒီမှတ်တမ်းဗွီဒီယိုထဲမှာ ကလေးတွေယင်ကောင်တလောင်းလောင်းနဲ့ အမှိုက်ပုံတွေကြား ပလတ်စတစ်တို့လို ရောင်းစရာ၊ သုံးစရာ၊ စားစရာစတဲ့ ပစ္စည်းတွေရှာဖွေကြတာတွေ၊ ပုလိပ်လာရင်နီးစပ်ရာတောထဲ ထွက်ပြေးသိမ်းရှောင်ပြီး၊ ပုလိပ်တွေပြန်သွားမှ ပုလိပ်တွေဖျက်စီးသွားကြတဲ့တဲအိမ်တွေကို ပြန်ဆောက်ပြီးနေကြ၊ စတဲ့ ဒုက္ခအခက်အခဲတွေကို ဖော်ပြထားပါတယ်။ အဲ့လိုဗရုတ်ဒုက္ခတွေ နဲ့တွေ့ကြုံနေရတဲ့ မြန်မာပြည်သားတော်တော်များများကိုပဲ ထိုင်းလူမျိုးတွေ အများဆုံးတွေ့နေရတော့ သူတို့နာခေါင်းရှုန်ု့ချင်ကြတာမဆန်းပါ။
    မြန်မာပြည်က ၈၈အရေးအခင်းအချိန်ကာလအထိ ထိုင်းလူမျိုးတွေကမြန်မာတွေဆိုရင် အတော်ကိုအထင်သေးခဲ့ကြတာ။ သူတို့မြင်ဘူးခဲ့တဲ့မြန်မာတွေက အလုပ်အကိုင်ရေရေရာရာမရှိ၊ လမ်းဘေးနေ၊ သေလေဂျပိုးစတဲ့ အသားမဲမဲပိန်ညောင်ညောင် ညစ်ပတ်ပတ်တွေကိုပဲ များသောအားဖြင့် တွေ့ကြုံခဲ့ကြဘူးတာလေ။ လမ်းဘေးကတောင်းရမ်းစားသောက်တဲ့ခလေးတွေကိုကြည့်လိုက် သေချာတယ် မြန်မာပဲ။ ကျနော်ကိုယ်တိုင်ခဏခဏတွေ့ခဲ့ရဘူးပါတယ်။ ခလေးတွေက လူကိုအတင်းဆွဲ၊ ပိုက်ဆံမရမချင်း အနားကမခွာတော့ပဲ လိုတာရမှနောက်တယောက်ဆီဆက်သွားကြတာတွေ့ခဲ့ဘူးပါတယ်။ အဲ့ဒါကိုယ့်နိုင်ငံရှိပါရဲ့နဲ့ ဝမ်းစာရေးအတွက် တခြားနိုင်ငံမှာတောင်းစားနေကြရတာပါ။ မိန်းခလေးတွေမကောင်းတဲ့အိမ်တွေ ရောက်သွားကြတာ ဘာမှမထူးဆန်းပါ။
    မြန်မာပြည်၈၈အရေးခင်းဖြစ်ပြီးနောက်ပိုင်း ကျောင်းသားတွေအလုံးအရင်းနဲ့ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတော့မှ မြန်မာတွေကိုအထင်မသေးရဲပြန်ဖြစ်လာခဲ့တာ။ ကျောင်းသားဆိုတော့ အင်းဂလိပ်စကားကလည်းအဆင်ပြေ၊ သန့်သန့်ပြန့်ပြန့် လူရည်လည်ပြောတတ်ဆိုတတ် ကြတာကိုး။ ဒါကြောင့် ဘယ်နေရာရောက်ရောက် ထိုင်းလူမျိုးတွေရဲ့ချစ်ခင်နှစ်သက်မှု့ကိုရကြစမြဲ။ ထိုင်းပုလိပ်တော့မပါပေါ့၊ ထိုင်းပုလိပ်ကတော့ မြန်မာတွေ့ရင်ငွေတွင်းတွေ့သလို အတင်းဖမ်းပြီးငွေပဲမရမကညှစ်နေကြတာ။ UNHCR ကတရားဝင်နေခွင့်လက်မှတ်ပေးထားတာတောင်ဂရုမစိုက်ပဲ မြန်မာကျောင်းသားကိုလိုက်ရှာပြီးတော့ကိုဖမ်းနေကြတာ။ ကိုယ်တွေနဲ့သူတို့အမြဲတမ်း ပြဿနာတွေဖြစ်ဖြစ်နေရတာ။ ပုလိပ်လိုက်လို့ ထွက်ပြေးတဲ့ကျောင်းသားကိုနောက်ကသေနပ်နဲ့ပစ်သတ်လို့ မြန်မာကျောင်းသားတွေအလုံးအရင်းနဲ့ဆန္ဒပြကြတာတွေ၊ ပုလိပ်တွေကျနော်တို့ကျောင်းသားတွေအိမ်ကိုဝင်ရှာလို့ထွက်ပြေးကြရတာတွေ၊ အမျိုးမျိုးအဖုံဖုံ။ အသိတယောက်ရဲ့ပြောပြချက်အရ ထိုင်းပုလိပ်ဖမ်းလို့ မြန်မာကျောင်းသားက ပုလိပ်ရဲ့သေနပ်ကိုပြန်လုပြီး ထွက်ပြေးခဲ့ရဘူးတယ်ဆိုတာမျိုးတွေ၊ ထိုင်းထောင်ထဲမှာ မြန်မာကျောင်းသား အောင်ဇေယဆိုတဲ့သူကို ပုလိပ်တွေက မင်းလားကွအောင်ဇေယဆိုပြီး (တချိန်ကထိုင်းကိုသိမ်းခဲ့တဲ့ အလောင်းမင်းတရား ဦးအောင်ဇေယကိုအကြောင်းပြုပြီး) အညိုးတကြီးနဲ့ ပိုနှိပ်စက်ပြတယ် ဆိုတာမျိုးတွေကလည်း တပုံတပင်ကြီး။ ကျနော်တို့ကိုယ်တိုင်လည်း အိမ်ကို ပုလိပ်ဝင်မွေလို့ ဘိနပ်မပါပဲထွက်ပြေးခဲ့ဘူးပြီ။ ထိုင်းပြည်သူတွေကတော့ပုလိပ်တွေနဲ့တခြားစီပါ။ ကျနော်တို့အပေါ် အားလုံးလိုလိုကောင်းကြပါတယ်။ ကျနော်နေခဲ့ဘူးတဲ့အိမ်တိုင်းမိသားစုတဖွယ် ကျွေးမွေးစောင့်ရှောက်ကြပါတယ်။ ပုလိပ်ရန်ကိုကအစ ကာကွယ်ပေးကြပါတယ်။ သူငယ်ချင်းမြတ်ခိုင်အလုပ်သွင်းပေးတဲ့ ဆင်းကားရေခဲသတ္တာ အရောင်းဆိုင်မှာဆိုရင် တကယ့်ကိုနွေးနွေးထွေးထွေးရယ်။ ကျနော့်လိုသူစိမ်းတယောက်ကို စားတာအိပ်တာကအစအလုပ်သမားလိုသဘောမထားပဲ မိသားစုလိုပဲ ယုံယုံကြည်ကြည် ပေးနေတာ။ အဲ့ဒီအရောင်းဆိုင်နဲ့အိမ်နဲ့ကတဆက်တည်း။ ဆိုင်ကအိမ်ရဲ့အရှေ့ဖက်အပိုင်းပေါ့။ ကျနော်ကိုဆိုင်နဲ့ ကပ်ရက်အခမ်းလေးမှာယုံကြည်စိတ်ချစွာပေးနေတာ။ ကျနော့်ထက်၃နှစ်လောက်ကြီးတဲ့ သူတို့သားတယောက်ဆိုရင်ကျနော့်ကို ဘီယာဆိုင်ကိုခေါ်ခေါ်ပြီးသွားသောက်လေ့ရှိတယ်။ ကျနော်လည်းသူ့ကို ကျနော့်ရဲ့မြန်မာပြည်နဲ့ပတ်သက်တဲ့ ခံစားချက်တွေကိုရင်ဖွင့်ဖြစ်တယ်။ သူကကျနော့်ကို တချိန်ကြရင်မင်းတို့ လိုအင်ဆန္ဒတွေပြည့်မှာပါဆိုပြီးအမြဲအားပေးလေ့ရှိတယ်။ ကျနော်သူတို့အိမ်ကထွက်ခွာတော့ "မင်းမြန်မာပြည်ပြန်ရောက်လို့ အခြေတကျပြန်ဖြစ်ရင်ငါတို့ကိုမမေ့နဲ့" လို့မှာလိုက်ပါသေးတယ်။ ကျနော်ကတော့မြန်မာပြည်ကို ရည်ရွယ်ချက်တွေပြည့်ပြည့်နဲ့ ဘယ်တော့မှပြန်ရောက်နိုင်မလဲမသိသေးပါ။
    တကယ်တော့မြန်မာပြည်သားတွေဟာမညံ့ကြပါဘူး။ ညံ့ဖျင်းနေအောင်အတင်း ဖိနိမ့်ခံထားရလို့ နွံနစ်နေရတဲ့ပတ္တမြားတွေပါ၊ ရွှေတွေပါ။ မြန်မာပြည်သားလူမျိုးတိုင်းလိုလိုကဘယ်နိုင်ငံရောက်ရောက် အထင်မသေးရဲအောင် စွမ်းဆောင်ပြကြ လုပ်ပြကြသူကြီးပါ။ ကျနော်တို့ရည်မှန်းထားတဲ့တနေ့ကို ရောက်ကိုရောက်ရမှာပါ။

YOUTUBE.COM
ဒီအဖြစ်အပျက်က ထိုင်းနိုင်ငံတော်ဝင်ဘုရင်ရဲ့ (၅)ဆက်မြောက် ဘုရင်လက်ထက် မှာပါ။ ခုနှစ်အားဖြင့် 1870-1910 (ဒီအကြောင်းအ.....

No comments:

Post a Comment