ဟိုတုန်းက၁၅၀၀

    ကျနော်၁ဝတန်းလောက်ကပေါ့။ ကောင်မလေးတယောက်ကိုကောင်လေး၃ယောက်ကဝိုင်းကြိုက်ကြတဲ့အဖြစ်အပျက်လေးတခုပါ။ ကောင်မလေးက ကျနော့်အိမ်ရှေ့တိုက်အိမ်အပေါ်ဆုံးထပ်က ထွေးထွေးဇင်ဆိုသူ။ သူကပိန်ပိန်ပါးပါးအသားဖြူဖြူ၊ မျက်နာမြင်ချစ်ခင်စရာမျိုးအလှအပဆိုတော့ ကျနော်တို့လူပျိုပေါက်ယောက်ျားလေးတွေ နှစ်ခါလောက်ပြန်ကြည့်မိကြရတာပေါ့။ ဒီအထဲမှာကျနော်လည်းအပါအဝင်။ အဲ့ဒီအချိန်ကကိုယ်နှစ်သက်မိရင် ယောက်ျားလေးတွေက လမ်းတွေမှာ စကားလိုက်ပြောကြ၊ စာလိုက်ပေးကြတဲ့အချိန်လေ။ မိန်းခလေးတွေကတော့ အိန္ဒြေကြီးတခွဲသားနဲ့ ဘေးကစကားလိုက်ပြောတဲ့သူကို ဘာမှဂရုမစိုက်သလို ခြေလှမ်းမှန်အောင်ကြိုးစားရှောက်နေကြရတဲ့အချိန်တွေပေါ့။ မိန်းခလေးတွေက သူတို့ကြိုက်တာမကြိုက်တာကိုသိပ်ဖော်ပြလေ့မရှိပဲ ကျမဒါတွေစိတ်မဝင်စားပါဘူးဆိုတဲ့အထာမျိုး။ သူတို့ ကြိုက်တာကိုဖော်ပြမိရင် သူတို့ကို သိက္ခာမရှိတဲ့သူ အိန္ဒြေမရှိတဲ့သူဆိုပြီး အပြောခံရမှာကိုစိုးရွံ့နေကြတာလေ။ မကျေနပ်လို့လူကြီးတိုင်တယ်ဆိုရင်လည်း “အပျိုလူပျိုပဲကွာ ဘာဖြစ်လည်းအသားပဲ့ပါသွားတာမှတ်လို့” ဆိုပြီး လူကြီးတွေကစကားနည်းရန်စဲသိပ်အကျယ်မချဲ့တဲ့ခေတ်လေ။ အဲ့တော့ယောက်ျားလေးတွေက အဖြေသိရအောင် အတင်းလိုက်ကြရတာပေါ့။ ကျနော်လည်းအဲ့ဒီတယောက်ကို နှစ်သက်မိတော့ ကြိုက်မရှက်လိုက်မိနေတာပေါ့။ အိပ်ရှေ့အောက်ထပ်မှာနေတဲ့ အောင်ကိုဆိုတဲ့သူကလည်း အဲ့ဒီမိန်းခလေးကို ကျနော့်လို လိုက်နေသူတယောက်။ သူကကျနော်လို အရပ်ခပ်ပုပုပု၊ ကိုယ်လုံးကိုယ်ထည်ခပ်ဆင်ဆင်။ ခပ်အေးအေးနေတတ်တာခြင်းလည်းတူတူ။ ကျနော်နဲ့သူက ငယ်စဉ်ကတည်းက အိမ်နီးနားခြင်းတွေဆိုတော့ ဆော့ဖော်ဆော့ဖက် အကြောင်းသိ သူငယ်ချင်းတွေ။ ဝေဠုဝန်တိုက်ခန်းရဲ့ပုံစံက ၁၂ခန်းရှိတဲ့ ၃ထပ်တိုက်နှစ်တိုက်ကိုမျက်နာခြင်းဆိုင်ပြီးနီးနီးကပ်ကပ်ဆောက်ထားတာဆိုတော့ ၂၄အိမ်လုံးကမိသားစုတဖွယ်ကူးလူးဆက်ဆံ၊ နေထိုင်ကြတာလေ။ ဒီဇင်ဘာရာသီမျိုးလို အားကစားပွဲတို့၊ သီတင်းကျွတ်တန်ဆောင်တိုင်လို အုပ်စုလိုက်ပျော်ပွဲရွှင်ပွဲတို့ဆိုရင် မျက်နာချင်းဆိုင်တိုက်နှစ်တိုက်ကိုတဖွဲ့စီဖွဲ့ပြီး ပြိုင်ကြ၊ ကကြ ဆိုတော့ တိုက်နှစ်တိုက်ကအတော်စည်းရုံးကြတာလေ။ ဆော့ရင်လည်းအားလုံးပေါင်းပြီးဆော့နေကြဆိုတော့ တယောက်အကြောင်းတယောက်အသိရယ်။ ဒါပေမယ့် တက်တဲ့ကျောင်းကမတူကြတော့ အရမ်းရင်းနှီးတဲ့ တတွဲတွဲသူငယ်ချင်းတွေတော့မဟုတ်။ လူပျိုအပျိုတွေဖြစ်လာတော့ကိုယ့်အထာနဲ့ကိုယ်ရယ်။ ကောင်မလေးကလည်း သူဟာသူသီးသီးသန့်သန့်နေတတ်သူ။ တခါတလေ သူ့အမအပျိုကြီးတွေဆော့တော့မှသူတို့နဲ့အတူ ပါဝင်တက်သူဆိုတော့ကျနော်တို့နဲ့သိပ်ရင်းရင်းနှီးနှီးမရှိလှ။ ထွေးထွေးဇင်ကအခြားကျောင်းတက်ပြီး သူ့ဟာသူခပ်အေးအေးနေတတ်သူ။ သူကအပေါ်ဆုံးထပ်မှာနေပြီး ကျနော်တို့ကစားနေရင် အိမ်ရှေ့ဝန်ရံဒါကထိုင်ကြည့်နေတတ်သူ။ ကျနော်တို့ကသူ့ကိုကြည့်ချင်ရင်အပေါ်ကိုမော့ကြည့်ရတာ၊ ကျနော်တို့ကလည်းမကြည့်ရမနေနိုင်ဆိုတော့ နှစ်ယောက်လုံးက သူ့ကိုကြိုက်နေကြတယ်ဆိုတာ အားလုံးအသိ။ ဒါပေမဲ့လည်း မျက်နာချင်းဆိုင် တိုက်မှာရှိတဲ့သူအားလုံးက တယောက်ကိုတယောက်ဖေးဖေးမမမိသားစုတဖွယ်ဖြစ်နေကြတာဆိုတော့ အားလုံးကခွင့်လွတ်ပြီးသား။ ထွေးထွေးဇင်ရဲ့အမေကတောင်ကျနော့်ကိုသူ့အိမ်ခေါ်ပြီး “သားစာကြိုးစားနော်” ဘာညာစသဖြင့်ပြောဆိုဆုံးမဘူးပါတယ်။ မှတ်မှတ်ရရ ကစားပွဲတခုမှာ ထွေးထွေးဇင်နှဖူးကိုလက်နဲ့တို့ဖူးခဲ့တယ်။ စကားတော့တခါမှမပြောဘူးခဲ့။ ကစားပွဲကို မျက်နာချင်းဆိုင်တိုက်မှာရှိတဲ့အပျိုကြီးတွေကဦးဆောင်ကျင်းပကြတာ။ ကစားပွဲက မိန်းခလေးအဖွဲ့နဲ့ယောက်ျားလေးအဖွဲ့နှစ်ဖွဲ့ဖွဲ့၊ ဟိုဖက်ဒီဖက်တန်းစီရပ်၊ တဖက်ကမျက်လုံးမှိတ်ထားတဲ့အချိန်မှာ ကျန်တဖက်က တိတ်တဆိတ်နှဖူးသွားတို့ရတာပါ။ ဟိုဖက်ကဘယ်သူကိုယ့်နှဖူးလာတို့သလဲဆိုတာမျက်နာခြင်းဆိုင်တဦးချင်းသေချာကြည့်ပြီး အဖြေမှန်အောင်ခန့်မှန်းပြောရတာပါ။ ကျနော့်အလှည့်မှာ ငုံ့ပြီးမျက်လုံးမှိတ်ထားတဲ့သူ့နဖူးကိုတို့ရတာပါ။ ကျနော်လည်းလူတွေအားပေးဝိုင်းအော်နေတဲ့ကြားထဲကရင်တုန်ပန်းတုန်နဲ့ ခတ်ဆက်ဆတ်လေး သူ့နှဖူးကိုတို့ပြီး သူတို့မျက်စီပြန်မဖွင့်ခင် ကိုယ့်နေရာကိုအပြေးပြန်လာခဲ့ရပါတယ်။ အဲ့ဒီတုန်းကမှ မိန်းခလေးတွေမှာဝါဂွန်းလိုနူးညံ့လွန်းလှတဲ့ အသားအရည်ရှိတယ်ဆိုတာအံ့သြစွာသိရှိခဲ့ရပါတယ်။ အချို့ကအားပေးဝိုင်းအော်ကြတာနဲ့သူလည်းရိပ်မိပြီးကျနော်မှန်းသိရှိခဲ့ပါတယ်။ အဲ့ဒီတုန်းကကျနော်က ကြောက်တတ်ရှက်တတ်လွန်းတဲ့အချိန်ဆိုတော့ အမူအရာတွေပျက်နေပေမဲ့ သူကတော့ဘာမှမဖြစ်သလို မရီမပြုံး။ အောင်ကိုက အဲ့ဒီအချိန်မှာသူ့အိမ်ပေါ်ကနေကျနော်တို့ကစားကြတာကို အားပေးကြည့်ရှုနေတာပါ။  အောင်ကိုနဲ့ကျနော်ကဘဝတူ။ သူ့အဖေကလည်း ကျနော့်အဖေလိုဒေါ်သအလွန်ကြီးသူ၊ မိသားစုဝင်အားလုံးကို အာဏာရှင်ဆန်ဆန် ဆက်ဆံပြီး ထွေးပိုက်ယုယမှု့မပေးတတ်သူ။ တခါက ကျနော့်ကို သူ့အဖေအကြောင်းပြောပြရင်းကျနော့်ရှေ့မှာမျက်ရည်ကျခဲ့ဘူးပါတယ်။ ဒါကြောင့်တယောက်နဲ့တယောက်နားလည်စာနာပြီးအပြန်အလှန်လေးစားကြသူတွေ။ ကျနော်တို့ အဖေဆိုးတာခြင်းတူပေမဲ့ သူက စာတော်လို့ သူတို့ တကျောင်းလုံးမှာ နာမည်ရနေသူ။ ဒါကြောင့် ကျနော်လေးစားအားကျရသူ။ နှစ်ယောက်စလုံးက ကိုယ်ကြိုက်တဲ့သူကိုလိုက်ကြိုက်လို့ ရန်ညိုးဖွဲ့မုန်းတီးတာလုံးဝမရှိ။ တခါတလေကျနော်ကသူ့ကိုနောက်ပြီး “မင်းနဲ့ငါ လက်သီးထိုးပြိုင်မယ် နိုင်တဲ့သူက လိုက်ကွာ” လို့နောက်ရင် ပြုံးပြီး ကြာသလားလို့ဆိုပြီး ကျနော့်ကိုချုပ်လေ့ရှိပါတယ်။ သူကကျနော့်လောက်သန်မာတဲ့သူမဟုတ်တော့ ကျနော့်လက်ခေါက်ဝတ်တို့၊ လက်ချောင်းလေးတွေနေရာမျိုးတို့ကိုဖမ်းပြီးချိုးလေ့ရှိပါတယ်။ နာအောင်တော့မလုပ်။ ဒီတော့ကျနော်က မချုပ်ကြေး လက်သီးပဲထိုးကြေးဆိုပြီးပြောရင် သူကအားရပါးရရီတက်ပါတယ်။ တကယ်တန်းကြတော့ ကျနော်တို့နှစ်ယောက်စလုံးက နားလည်ပြီးသားဘယ်သူကိုပဲပြန်ကြိုက်ကြိုက်ကြည်ဖြူပြီးသား။ ကျနော်ကလည်းသူ့လိုလူတော်တယောက်နဲ့သဘောမတူစရာအကြောင်းမရှိ။ ဒါကြောင့်တခါတခါ “မင်းကြိုက်ရင်လိုက်လေကွာ” လို့မြှောက်ပေးလေ့ရှိပါတယ်၊ တကယ်တမ်းကြ ကျနော်တို့နှစ်ယောက်လုံးကလိုက်ပြောဖို့ သတ္တိမရှိလှ၊ လျှောက်ပြန်သံပေး၊ အဝေးကကြည့်ယုံမျှသာ။ ကျနော်တခါတော့ စကားပြောဖို့ သူတက်တဲ့ကျူရှင်ကိုနောက်ကနေ လိုက်သွားဘူးပါတယ်။ ကျနော်သူ့အနားပိုကပ်ကြည့်လေ ပိုရင်တုန်လာလေမို့ စကားတလုံးမှမပြောဖြစ်လိုက်။ ကျနော်တို့နှစ်ယောက်ကမိန်းခလေးတယောက်တည်းကိုဝိုင်းကြိုက်တာဆိုတော့ သူကလည်း အိန္ဒြေရှင်ပီပီ ပိုအထာကိုင်တာမျိုးလည်းရှိပေမပေါ့။

နောက်တယောက်က ကျနော်နဲ့တကျောင်းတည်း ၁ဝတန်းအခြားအတန်းက၊ သူ့နာမည်ကထိုက်အောင်၊ သူကပုပုပြတ်ပြတ် အသားညိုညို နဲ့ စကားပြောရင်ခင်မင်စရာကောင်းအောင်အပြုံးတွေနဲ့ပြောတတ်သူ။ သူကတခြားရပ်ကွက်မှာနေပြီး ထွေးထွေးဇင်ကိုလာပိုးပမ်းလေ့ရှိသူ။ သူကဂီတာလေးတလက်နဲ့ ညနေပိုင်းလောက် လာရောက်ပိုးပန်းလေ့ရှိတယ်။ သူကကျနော့်ကိုမျက်မှန်းတန်းမိပြီး ကျနော်နဲ့ခင်အောင်လာပေါင်းပါတယ်။ ပထမတော့ ကျနော်ကြိုက်နေတာသူသိပုံမရ၊ နောက်ပိုင်းသူသိသွားပေမဲ့ အဲ့ဒီတုန်းကမိန်းခလေးရဲ့အဆုံးအဖြတ်ကအဓိကအကျဆုံးမို့ ပြဿနာမရှိ။ သူတို့လာရင် အိမ်ရှေ့က ရေမြောင်းအုပ်ခုံမှာထိုင်ပြီး ဂီတာတီး ပိုးပန်းကြပါတယ်။ ထွေးထွေးဇင်တို့မောင်နှမတစုကသူတို့အိမ်ရှေ့ဝန်ရံဒါကနေထိုင်ပြီး လေညင်းခံ စကားပြောလေ့ရှိကြတော့ သူတို့လည်း ရိပ်မိကြပါတယ်။ ကျနော်အားရင်လည်းအိမ်အောက်ဆင်းပြီးဂီတာတီးသူတွေနဲ့အတူရောထိုင်ကာသူတို့နဲ့အတူ  ပိုးပန်းပါတယ်။ နောက်ပိုင်းကျနော်နဲ့ထိုက်အောင် အတော်ခင်သွားပြီး တခါတလေအပြင်သွားရင်ကျနော့်စက်ဘီးလေးနဲ့ သွားလေ့ရှိပါတယ်။ တရက် လှည်းတန်းစျေးကို ကျနော့်စက်ဘီးနောက်မှာသူ့ကိုတင်ပြီးသွားကြပါတယ်။ လှည်းတန်းစျေးက တနေ့လုံး ကားတွေ လူတွေနဲ့အတော်ရှုပ်ပြီး အမြဲစည်ကားနေတဲ့နေရာပါ။ အဲ့ဒီစျေးကမှတ်တိုင်မှာ ရပ်ထားတဲ့ ဘက်စ်ကားတစီးကို ဘယ်ဘက်ကနေကျော်တက်ဖို့အလုပ် ဘက်စ်ကားက ရုတ်တရက် ထွက်လာပါတယ်။ ကျနော်လည်း ညာဘက်ကိုအနည်းငယ်ကွေ့ပြီးရှောင်လိုက်ပေမဲ့(မည့်) နောက်မှာဘေးတစောင်းထိုင်ပြီးပါလာတဲ့ သူ့တင်ပါးနဲ့အနည်းငယ်ပွတ်တိုက်လိုက်မိပါတယ်။ သူကအော်လည်းမအော်၊ ဘာမှမဖြစ်သလို၊ စက်ဘီးကလည်းမလဲဆိုတော့ ဆက်နင်းခဲ့ပါတယ်။ နောက်တနေရာရောက်တော့သူထိုးအန်ပါတယ်။ သူ့တင်ပါးကိုကြည့်တော့ ကားနဲ့ခြစ်မိထားလို့ အနည်းငယ်ပွန်းပြီးနီရဲနေပါတယ်။ သူကကျနော့်ကိုမချိပြုံးလေးပြုံးပြတော့ ကျနော့်စိတ်ထဲအတော်အားနာသွားပါတယ်။ ကျနော့်စိတ်ထဲမှာလည်း သူ့ကိုလုပ်ကြံတယ်လို့ထင်မြင်ယူဆသွားမှာအတော်ကြီးကိုစိုးရိမ်လိုက်မိပါတယ်။ ဒါကြောင့်သူ့အိမ်အထိလိုက်သွားပြီး မရှိမဲ့ရှိမဲ့မုန့့်ဘိုးထဲကပိုက်ဆံလေးနဲ့ လိမ်းဆေးဝယ်ပေးလိုက်မိပါတယ်။ “မလိုပါဘူးကွာမတော်တဆဖြစ်တာပဲ” လို့သူပြောရှာပါတယ်။ အဲ့ဒီနောက်ပိုင်း သူနဲ့ကျနော့်အိမ်စားအိမ်သောက်အိမ်လို ဖြစ်လာခဲ့ပြီး ၁ဝတန်းအောင်ရင် "အလုပ်လုပ်ရင်းလုပ်သားကောလိပ်အတူတူ တက်ကြမယ်" လို့တောင် အတူတူဆုံးဖြတ်ပြောဆိုခဲ့ကြဘူးပါတယ်။ ဒါပေမဲ့နှစ်ယောက်လုံးကျပြီး ကျနော်ကစစ်ထဲဝင် သူကအလုပ်လုပ်ဆိုတော့ သူငယ်ချင်းတွေဝေးကွာခဲ့ကြပါတယ်။ 

ဒါကလူငယ်တို့သဘာဝ ဖြစ်လေ့ရှိတဲ့ သာမာန် အဖြစ်အပျက် လေးတခုမျှသာ။ ဒါပေမဲ့ အခုခေတ်နဲ့ အရင်တချိန်က လူပျိုအပျိုဝင်လာတဲ့လူငယ်တွေရဲ့ ဓလေ့စရိုက်လေးတွေရဲ့ကွာခြားမှု့ကိုမြင်နိုင်ပါတယ်။ အခုခေတ်မှာတော့ အားလုံးအသိမို့ပြောစရာလိုမည်မထင်၊ ထင်သာမြင်သာရှိလွန်းလို့ အနားတောင်မကပ်ရဲ၊ တချို့ဆိုဝေးလေကောင်းလေမို့ ရှောင်နေကြရတာဆိုပဲ။ နှစ်ခေတ်လုံးမှာကောင်းတာတွေကော ဆိုးတာတွေကော ရှိကြစမြဲ။ ဘယ်ဟာပိုကောင်းတယ်ဆိုတာတော့ ကိုယ့်ဟာကိုယ်တာဆုံးဖြတ်ကြပါကုန်။  

No comments:

Post a Comment