ဘာသာရေးနှင့်လုပ်စားအာဏာပြသူများ

         ကျနော်တို့မြန်မာပြည်သားတွေဟာ ဘာသာရေးကိုင်းရိုင်းပြီးယဉ်ကျေးသိမ်မွေ့စွာနေထိုင်တဲ့ လူမျိုးတွေပါ။ ဘုန်းကြီးတို့လိုဘာသာရေး ဦးဆောင်သူတွေရဲ့စကားဆိုရင် လိုက်နာဖို့ဝန်မလေးသူတွေပါ။ သူတို့တွေက သာမန်လူတွေ မကျင့်ဆောင်မလိုက်နာနိုင်တဲ့ ဒေါသမောဟတွေ အတော်ကင်းရှင်းကြလို့လည်း ဘုန်းကြီးဆိုတာနဲ့ ကျနော်တို့ ဦးချကန်တော့ဖို့ဝန်မလေးကြပါ။ နောက်ပိုင်း တချို့ဘုန်းကြီးတွေ သာမန်လူထက်နိမ့်ကျတဲ့ စောင့်စည်းမှု့တွေကို ကျူးလွန်နေကြတာတို့၊ နာမည်ကြီးလိုမှု့နဲ့ ငွေကြေးအဆောင်အယောင်တွေရဲ့နောက်ကိုလိုက်လာကြတာတို့၊ နေရာအနှံ့မှာ တဖြေးဖြေးတွေ့လာရပါတယ်။ ဒကာတော်ကသဒါတရားရှိလို့လှူတာကို နားလည်ပေးနိုင်ပေမဲ့ တင်းတိမ်ယောင်ရဲမှု့ကိုကျော်လွန်ပြီး တောင်းဆိုကြတာတွေ၊ ဦးညွတ်ကန်တော့ခံရတဲ့အခွင့်အရေးတွေကိုအခွင့်ကောင်းယူပြီး လုပ်စားလာကြတာတွေ၊ တွေ့လာရတော့ ကျနော်တို့တွေ အကြောင်းမသိတဲ့ဘုန်းကြီးဆိုရင်ချက်ခြင်းခေါင်းညွတ်ဦးချဖို့အတော်ကိုစဉ်းစားလာရပါတော့တယ်။ နောက်ပိုင်းဘုန်းကြီးတော်တော်များများ ဘာသာရေးပွဲတော်တွေ လိုက်လုပ်လာခဲ့ရင်လည်း တွက်ခြေကိုက်မှု့ရှိမရှိအရင်စဉ်းစားပြီးမှ လက်ခံကြတာကိုတွေ့လာရပါတယ်။ နာမည်ကြီးလာလေ တော်ယုံလှူလာတာကိုအတင်းတိမ်နိုင်တော့ပဲ ကြီးကျယ်တဲ့အဆောင်အယောင်တွေလှူနိုင်တဲ့သူတွေ ကိုသာမျော်ကိုးလာကြပြီး ခန့်ညားကြီးကျယ်တဲ့ စေတီတွေ အဆောက်အဦးတွေတည်ဆောက်ဖို့လောက်ပဲ အတွေးရှိလာပါတော့တယ်။ ဘုန်းကြီးတွေကခန်းခန်းနားနား အဆောင်အယောင်ကြီးစွာနဲ့နေထိုင်လာကြတော့ ဘုန်းတန်ခိုးကြီးလို့ ဖြစ်ပေါ်လာရသလိုလို လူတွေကပိုလို့ အထင်ကြီး ကိုးကွယ်လာကြပြီးသူတို့ကိုယ်တိုင်လည်း အတ္တတွေ အာဏာမာနတွေနဲ့နေထိုင်လာကြပါတယ်။ အဆောင်အယောင်တွေနဲ့သိပ်မနေပဲတင်းတိမ်ယောင်ရဲစွာနေထိုင်ကြတဲ့ဘုန်းကြီးဆိုရင်သိပ်အထင်မကြီးကြတဲ့အလေ့အထတခုလည်းလူထုထဲမှာဖြစ်ပေါ်လာရပါတော့တယ်။ တချို့လူတွေကလည်း ဘာသာရေးဘုန်းကြီးတွေခုတုန်းလုပ်ပြီး မိမိလိုချင်တာဖြစ်ပေါ်လာအောင်လုပ်စားလာတတ်ကြသလိုဘုန်းကြီးကိုယ်တိုင်ကလည်း သိသိသာသာလုပ်စားလာကြပါတော့တယ်။

ကျနော် ဖလော်ရီဒါမှာ  ဘာသာရေးအသင်းအဖွဲ့ဖွဲ့စည်းပြီး ဘုန်းကြီးကျောင်းတခုတည်ဆောက်ကြတဲ့အထဲပါဝင်ခဲ့ဘူးပါတယ်။ ဘုန်းကြီးကျောင်းတစ်ခု တည်ထောင်ဖို့ စိတ်ဝင်စားသူတွေကို လိုက်လံစည်းရုံး စုစည်းကြ၊ မရှိမဲ့ရှိမဲ့ ငွေလေးတွေနဲ့ စုပေါင်းထည့်ကြ၊ နေ့စဉ်မအားမလတ်အောင် အလုပ်လုပ်နေရတဲ့ကြားထဲက မဖြစ် ဖြစ်အောင် အချိန်ပေးကြနဲ့ အမျိုးမျိုးသော အခက်အခဲတွေကြားထဲက ဘုန်းကြီးကျောင်းတစ်ခုကို ရအောင် ဝယ်ခဲ့ကြပါတယ်။ အားလုံးတက်တက်ကြွကြွ တညီတညွတ်တည်း လုပ်လာလိုက်တာ ကျောင်းထိုင်ဘုန်းကြီး ရွေးတဲ့နေရာမှာ အဖုအထစ်လေးတွေ အနဲငယ် ရှိလာခဲ့ပါတယ်။  ကျနော်အပါအဝင် တချို့က ကိုတနိုင်တပိုင်လောက်ကိုသာလုပ်ဖို့   သာမာန်ဘုန်းကြီးကိုသာ ထားချင်ပေမဲ့ တချို့က နာမည်ကြီး ဘုန်းကြီးကို ထားချင်ကြပါတယ်။ နောက်ဆုံး ဒီမိုကရေစီနည်းအရ ဆန္နမဲရယူပြီး ကမ္ဘာလည့်ပတ် သွားလာနေတဲ့ နာမည်ကျော်ဆရာတော်ကြီးကို သဘောတူလိုက်ကြပါတယ်။ ဆရာတော်ကိုယ်တိုင်ကလည်း ငါ့နာမည်ခံရုံပါ ဒီနာမည်ကြောင့် မင်းတို့ကျောင်း အောင်မြင်စေရမယ် လို့ ပြောဆိုခဲ့တာ တကြောင်း၊ မြန်မာပြည်မှာ သူနဲ့တူလိုသားလိုနေလာခဲ့တဲ့ သူတယောက်လည်း ကျောင်း တည်ထောင်တဲ့အထဲ ပါဝင်လာပြီး စည်းရုံးသွားနိုင်တာတကြောင်း တို့ကြောင့် ကျောင်းနာမည်ကိုတောင် ဘုန်းကြီး စိတ်ကြိုက် နာမည်ပေးလိုက် ကြပါတော့တယ်။ ကျနော်တို့အားလုံးလည်း ဒီမိုကရေစီနည်းအရဆုံးဖြတ်တာကို ကျေနပ်လက်ခံကြပြီးတက်တက်ကြွကြွဝိုင်းလုပ်ကြပါတယ်။ ကျောင်းမြေကနှစ်ဧကလောက်ကျယ်ပြီး လူမနေတဲ့တောလိုဖြစ်နေတော့ခြုံနွယ်ပိတ်ပေါင်းသစ်ပင်ကြီးတွေနဲ့ ပြည့်ညက်နေတာကြောင့် ကျနော်တို့ကိုယ်တိုင်ပဲ နေ့စဉ်ဝိုင်းဝန်းခုတ်ထွင်ရှင်းလင်းကြရပါတယ်။ ကျောင်းကလည်းလူမနေတာကြာပြီဖြစ်တာကြောင့် ကြမ်းခင်းတွေပြန်ခင်းရ၊ ပြူတင်းပေါက်တွေပြန်လုပ်ရနဲ့လူနေလို့ရအောင်အတော့ကိုပြုပြင်ရပါတယ်။ ကျောင်းမှာလိုအပ်တဲ့ကြီးကြီးမားမားပရိဘောဂကအစ  အိုးခွက်ပုဂံအဆုံး အားလုံး လိုလေသေးမရှိအောင်ဝိုင်းဝန်း စုပေါင်းထည့်ကြပါတယ်။ အားလုံးကမငြီးမညုဘုန်းကြီးလိုချင်တဲ့ပုံစံတတ်နိုင်သလောက်ဖြည့်ဆည်းပေးကြပါတယ် ဝယ်ထားပြီတဲ့တယ်လီဗေးရှင်းအမျိုးအစားမကြိုက်လို့ Panasonic မှဆိုလို့ ပြောင်းဝယ်ပေးရတဲ့ အသေးအမွှားကိစ္စလေးကအစ ဘုန်းကြီးအလိုကျဖြည့်စည်းပေးကြပါတယ်။
နောက်ဆုံး ဘုန်းကြီးတက်နေရုံ အားလုံးအဆင်သင့်ဖြစ်ပြီး ဂေါပကအသစ် ပြန် ဖွဲ့တော့မှ ဇတ်တူသားစား ခံလိုက်ရပါတော့တယ်။ ဒီမိုကရေစီနည်းနဲ့ ဂေါပကအသစ်ပြန်ဖွဲ့မဲ့အစည်းအဝေးမှာ သူတို့တိတ်တစိတ် စိတ်ကြိုက် ရွေးချယ် ထားတဲ့  စီမံအုပ်ချူပ်ရေး ဖြစ်တဲ့ ဂေါပကစာရင်းကိုလျှို့ဝှက်ယူလာပြီး ကြေညာလိုက်ပါတယ်။ အဖွဲ့မှာ သူတို့ပြောတာလက်ညိုးထောင်ခေါင်းငြိမ့် လုပ်မဲ့သူနှစ်ယောက်ကိုသာထည့်ပြီးကျန်သူအားလုံးကို စာရင်းဖြောက်လိုက်ပါတော့တယ်။ နောက်မှရောက်လာတဲ့လုပ်ငန်းရှင် ဒကာတယောက်ကို နေရာပေးပြီးစိတ်မချရသူအားလုံးကို ကန်ထုတ်လိုက်ကြခြင်းပါ။ ဒီမိုကရေစီနည်းအရအများဆန္ဒမဲနဲ့ရွေးချယ်ပြီးမည် ဆိုတာကိုလည်း ဂရု မစိုက်တော့၊ စာရင်းအသစ်နဲ့ ပါတ်သတ်ပြီး အကျိုးအကြောင်းလည်း ရှင်းပြခြင်းမရှိ၊ ပြန်လည်မေးမြန်း ချေပခွင့် လည်းမပေးပဲ အသစ်ဖွဲ့စည်းတဲ့ ဂေါပကစာရင်းကို  ဘုန်းကြီးကိုယ်တိုင် ကျေညာပြီး အစည်းအဝေးကို ချက်ခြင်း ရုပ်သိမ်းလို့ အခန်းထဲဝင်သွားကြပါတယ်။ အစည်းအဝေးအစပိုင်းမှာ ဘုန်းကြီးရဲ့အပြောကိုဆန့်ကျင်ထောက်ပြတဲ့ဆရာဝန် တယောက်နဲ့ စကား အထစ်အငေါ့ရှိပြီး ဘုန်းကြီးရဲ့အထက်စီးပြောမှု့ကြောင့် သူလည်း အစည်းအဝေးခန်းထဲက ထွက်ခွာသွားခဲ့ပါသေးတယ်။ ဘုန်းကြီးက သူရဲ့အရှိန်အဝါကိုအခွင့်ကောင်းယူပြီး လုပ်စားလိုက်ခြင်းပါ။ မူလချမှတ်ထားတဲ့ ကျောင်းတာဝန် လုပ်ငန်းဆောင်တာ အားလုံးကို ဂေါပက အဖွဲ့မှတာဝန်ယူပြီး ဘာသာရေးတရားကိစ္စ အဝဝကို ဘုန်းကြီးမှ တာဝန်ယူရန်ဆိုတဲ့ သဘောတူညီချက်လည်း ပျက်ပြယ်သွားပါတော့တယ်။ ဘုန်းကြီးလည်း သူ့ရဲ့ မြန်မာပြည်မှ တပည့်ဆရာတော်တယောက်ကို ကျောင်းထိုင်အဖြစ် သာမက ဂေါပကရဲ့ ဥက္ကဌအဖြစ်ပါ ထားရှိပြီး မြန်မာပြည် ပြန်သွားပါတော့တယ်။ ဤလုပ်ရပ်ကို ပြင်ဆင်ရန်ကျနော်ကိုယ်တိုင်အချက်အလက်စုံစုံစာရေးပြီ အားလုံးသဘောတူညီချက်နှင့်အတူစာထုပ်ပြန်၍ ဂေါပကအသစ်နှင့် ညှိနှိုင်းသော်လည်း  ဆရာတော်ကြီး သဘောမတူ၍ ဘာမှလုပ်လို့မရ ဟူသည့် အကြောင်းပြချက်သာ ရရှိခဲ့ပါတယ်။   ကျနော်နဲ့တချို့ ဤမတရားမှု့ကို ဆက်လက်တိုက်ယူရန် လိုက်လံစည်းရုံးသေးသော်လည်း အများမှာဘာသာရေးနှင့်ပါတ်သတ်၍ မတိုက်ခိုက်လိုကြခြင်းငှာ နောက်ဆုံး အားလုံးခပ်ဝေးဝေးကဘဲ နေလိုက်ကြပါတယ်။ ကုသိုလ်လုပ်မှ အကုသိုလ် ရနေကြနေမည်ကို မလိုလားကြသောကြောင့် အားလုံးလက်လွတ် လိုက်ကြ ခြင်းပါ။ နောက်ဆုံး သိရှိလိုက်ရသည်မှာ နောက်ပိုင်းဝင်လာတဲ့ ဆရာတော်နှင့် တူလိုသားလိုနေလာတဲ့ သူက အစည်းအဝေးမစခင် ကတည်းက  တိတ်တစိတ်ပြုစုထားသည့် စိတ်ကြိုက်စာရင်းသစ်ကို ဆရာတော်အားပေးထားပြီး သူက ဖတ်ပြလိုက်ခြင်းသာ။ နောက်ပိုင်း ကိုယ့်လူ သူ့ဘက်သား ဖြစ်သွားသူကိုယ်တိုင် အီးမေးလ်မှတဆင့် ခံလိုက်ရသူများထံတို့ တောင်းပန်စာ ပို့ပါသေးတယ်။ ကျနုပ်တို့ဘာလုပ်လို့ရတော့မည်နည်း။

          အမိမြန်မာပြည်ကအာဏာရှင်စနစ်ကို မကြိုက်၍ တိုင်းတပါးမှာ ဒုက္ခခံ လာနေကာမှ ဘာသာရေးနဲ့နာမည်ကြီးမှု့ကိုအကြောင်းပြု အချင်းချင်း အာဏာပြအနိုင်ယူ ဇာတ်တူသား စားခံလိုက်ရတာ ရင်နာလို့မဆုံးပါ။ မြန်မာနိုင်ငံသားတို့ဘဝတလျောက်လုံး စစ်အာဏာရှင်ရဲ့ စနစ်ဆိုး၊ အကျင့်ဆိုးရေစီးကြောမှာ မြောပါလာမှူ့ကြောင့် တချို့မှာတိုင်းတပါးရောက်သည့်တိုင် ထိုစနစ်ရဲ့ ညာဉ်ဆိုးတွေကို ခုံမင် ဖက်တွယ်နေကြသေးသည်။ စစ်ကျွန်ဖြစ်ခဲ့ရသည်ကို ဂုဏ်ယူစရာဟု ထင်မှတ်ခဲ့လို့ ထင်ပါသည်။ ဤစနစ်ဆိုးကြောင့် အသာရ အညွတ် ဆွတ်ခူး စားနိုင်သူတချို့ဟာ ပညာဘယ်လောက်ပဲ တတ်တတ်  အမှားအမှန်ကို ခွဲခြားနိုင်မှူ့မရှိတော့ပါ။ ထိုစနစ် ပပျောက် စေဖို့ရာ စနစ်တခုလုံး ပြောင်းလဲ လိုက်ရုံသာမက ထိုစနစ်ရဲ့ ရေစီးကြောမှာ ခံစားစံစားပြီး ရေစုန်မျော လိုက်ပါနေသူများကိုပါ ဖယ်ရှားနိုင်မှ စနစ်တခုလုံး ကွယ်ပျောက်ပြီး ဘာသာရေးလည်းသန့်စင်လာနိုင်လိမ့်မည်ဟု ယုံကြည်ရပါတော့သည်။

(နိုင်ငံတကာလှည့်လည်ပြီးခန့်ညားထည်ဝါလွန်းသည့်အဆောင်အယောင်များကိုသာအာရုံထား ဦးစားပေးလုပ်ဆောင်နေသူမှာမည်သူရှိပါအုံးမည်နည်း ပြည်ပကလူတော်တော်များများအကြောင်းသိလို့ဖော်ထုတ်ရဲကြသော်လည်း ပြည်တွင်းရှိ ဘာသာရေးနှင့်ပတ်သက်ပြီး အထိအခိုက်မရှိဝံ့သူတွနှင့်ဘာသာရေးအကြောင်းပြပြီးမြောက်စားခြောက်စားနေသူများ ကြားမှာတော့ ဘာသာရေးရဲ့အနှစ်သာရပျောက်ဆုံးအောင်လုပ်နေသူဘုန်းကြီးတွေ နေရာတနေရာနေအုံးမှာပါ။)

No comments:

Post a Comment