တော်လှန်ရေးခရီးအစ (ဘုရား၃ဆူရောက်ချိန်)

     ရန်ကုန်ကနေဘုရား၃ဆူ အောက်တိုဘာ၂၀ရက်နေ့ဘုရား၃ဆူရောက်တော့မွန်ကရင်စစ်ပွဲကြောင့် ရွာကမီးလောင်ပျက်စီးနေပါတယ်။ အရင်က ဘုရား၃ဆူမြို့ဟာ တဘက်နိုင်ငံကို ကူးလမ်းဆက်သွယ်ပြီး ရောင်းဝယ်ဖောက်ကားနေတာကြောင့် လူအသွားအလာတွေနဲ့ အမြဲစည်ကားနေတတ်တဲ့ နယ်စပ်မြို့တမြို့ပါ။ ခုတော့ ရွာဟာ စစ်ဒဏ်ကြောင့် အဆောက်အဦးတွေဟာ ပြာပုံအတိနဲ့ ဟာလာဟင်းလင်းပြင်ထဲမှာ။ တချိန်ကဈေးတန်းဖြစ်ခဲ့ဟန်တူတဲ့အရောင်းဆိုင်တွေကလည်း တချို့ဆိုင်တွေ မီးလောင်ကျွမ်းထားတဲ့ တိုင်တွေထိုးထိုးထောင်ထောင်နဲ့၊ တချို့ဆိုင်တွေ တဝက်တပျက်မီးလောင်ထားတာကို အစီအတန်းလိုက် တွေ့နေရပါတယ်။ ကျနော်တို့လူအုပ် ရွာထဲဝင်တော့ ရွာမှာ ကျနော်တို့အရင်ရောက်ရှိနေတဲ့ ကျောင်းသားတချို့တွေ့ရှိရပါတယ်။ ကျနော်တို့အုပ်စုလည်း တဝက်တပျက်မီးလောင်ထားတဲ့ ဘုန်းကြီးကျောင်းတခုမှာနေရာယူနားနေလိုက်ကြပါတယ်။ အဲ့ဒီမှာဖြစ်သလိုစုပေါင်းအိပ်ကြပြီး နောက်နေ့ ဓမ္မာရုံကြီးတခုကိုထောင့်တနေရာမှာအခန်းတခုဖြစ်အောင် ကြံဖန်ကာပြီး ကျနော်တို့ ၇ယောက် နေရာယူလိုက်ကြပါတယ်။ နေစရာအဆင်ပြေပြီမို့ စားသောက်စရာအတွက် အိမ်ပျက်တွေထဲဝင်ပြီး ရှာဖွေရပါတယ်။ အဲ့ဒီက အိုးခွက်ပုဂံပြားတွေ၊ အဝတ်အစားတချို့နဲ့ သင်္ဘောသီးတချို့တို့ကိုတွေ့ရှိပြီးယူလာကြရပါတယ်။ တချို့နေရာတွေမှာ လူသေလောင်းများမြှုပ်ထားတာကို တွေ့ရှိခဲ့ရပါသေးတယ်။ နောက်နေ့မနက်စောစောမှာပဲ ကျနော်တို့သူငယ်ချင်းတသိုက် မီးလောင်ပြာကျနေတဲ့အိမ်ကြိုအိမ်ကြားတွေဝင်ပြီး သံတိုသံစတွေကောက်ယူစုဆောင်းကြပါတယ်။ ပြီးတော့ ထိုင်းတဘက်ကမ်းကိုကူးပြီး ပြန်ရောင်းချတော့ငွေကြေးအနည်းငယ်ရကြပါတယ်။ စစ်ပွဲပြီးသွားပြီဖြစ်တော့ တချို့မိသားစုတွေလည်းပြန်လည်ပြောင်းရွေ့လာကြတာ တဖြည်းဖြည်းနဲ့ ရွာကပြန်ပြီးစည်ကားလာပါတယ်။ ထိုင်းတဖက်ကမ်းကိုလည်းသွားခွင့်ရတာကြောင့် တခါတလေထိုင်းတဖက်ကမ်းကအရောင်းဆိုင်တွေဆီကို သွားရောက်လည်ပတ်ကြပါတယ်။ ၂၃ရက်နေ့မှာ တောင်ကြားထဲကအိမ်တအိမ်ကနေ ရွာအရောက် ကြိမ်ထမ်းပို့ပေးရတဲ့အလုပ်တခုကိုရကြပါတယ်။ ကြိမ်တွေက၁၀ပေလောက်ရှိတဲ့ တုတ်တုတ်ခိုင်ခိုင် နစ်နေအောင်လေးလံလှတဲ့ကြိမ်တွေဖြစ်တာကြောင့် တယောက်တည်းထမ်းလို့မလွယ်လှ။ သူငယ်ချင်းဖြစ်သူကိုကျော်ဦးနဲ့ ကိုက်၁၀၀လောက်ထမ်းပြီးလျှောက်လိုက်နားလိုက် ပြန်မ လိုက်နဲ့ ရှေ့နောက်မကာ နှစ်ယောက်အတူတူထမ်းရပါတယ်။ တောင်တက်တွေကို မတင်ရတဲ့အခါမျိုးတွေဆို မောဟိုက်ပင်ပမ်းလွန်းလို့ ပစ်ချပြီးပြန်လှည့်ချင်စိတ်ကိုပေါက်မိပါတယ်။ ကိုကျော်ဦးကတော့ ကျနော့်ထက်တုတ်ခိုင်သူဖြစ်တာကြောင့် ခံနိုင်ရည်ရှိပုံရပါတယ်။ ကျနော်တို့လည်း၂ခေါက်ပဲထမ်းပြီး ဆက်မထမ်းတော့။ အဲ့ဒီနေ့အတွက်တော့နှစ်ယောက်ပေါင်းမှထိုင်းငွေ ၂၉ပတ်သာရကြပါတယ်။ ကျနော်တို့ရဲ့ပခုံးတွက်မှာတော့ ပွန်းပဲ့ယောင်ယမ်းလို့ပေါ့။ အဖွဲ့ကိုတယောက်၃ပတ်အပ်ရတဲ့စည်းကမ်းအတိုင်း ရလာတဲ့ပိုက်ဆံထဲက ၃ပတ်ကိုအပ်ပြီး ကျန်တာကို အောင်နိုင်ဆီမှာသိမ်းထားလိုက်ပါတယ်။ ရလာတဲ့ပိုက်ဆံအနည်းငယ်နဲ့ ညပိုင်းလောက်မှာသူငယ်ချင်းတွေ လက်ဘက်ရည်ဆိုင်ထိုင်ပြီး စကားပြောကြပါတယ်။ ကြိမ်ထမ်းတဲ့အလုပ်က တခါတရံမှတာရှိတာကြောင့် နောက်နေ့မှာတော့ ရွာပျက်ထဲပြန်ဝင်ပြီးသံတွေကောက်တဲ့အလုပ်ပြန်လုပ်ပါတယ်။ ဘိနပ်စီးစရာမရှိလို့ တွေ့တဲ့ဘိနပ်တရံလည်းကောက်စီးခဲ့ပါသေးတယ်။ ညနေပိုင်းလောက်မှာ ထိုင်းအရာရှိတချို့ရောက်လာပြီး ကျနော်တို့ကျောင်းသားများကို အားပေးစကားပြောကာ အကူအညီတချို့ပေးမည်ဟုဂတိပေးသွားပါတယ်။ မြန်မာစစ်တပ်ရဲ့ ရက်ရက်စက်စက်လိုက်လံပစ်သတ်မှု့ကြောင့် ကျောင်းသားတွေနယ်စပ်အသီးသီးကို ထွက်ပြေးသိမ်းရှောင်လာကြရတာ ကမ္ဘာကသိပြီးမဟုတ်လား။ ညပိုင်းမှာ လုပ်သားကောလိပ် အစည်းအဝေးလုပ်တော့ ဥက္ကဌကိုအောင်ကြည်ဦးစကားပြောပြီး ငိုတော့အားလုံးကစိတ်မကောင်းကြ။ ကျနော်တို့တွေ ဘယ်တွေရောက်လို့ဘာတွေဖြစ်ကြအုံးမလည်း မသေချာမရေရာသေးဘူးလေ။

        ဘုရား၃ဆူရောက်ပြီး၅ရက်မြောက်နေ့ကသီတင်းကျွက်လပြည့်နဲ့ဖြစ်တာကြောင့် ဘုန်းကြီး၂ပါးပင့်ပြီး စုပေါင်းတရားနာသီလယူကြတယ်။ အဲ့ဒီမှာမီးလောင်ကျွမ်းထားတဲ့ ဘုရားဆင်းတုတော်တဆူလှူခွင့်ရလိုက်တယ်။ တရားပွဲမှာ အတော်များများမျက်ရည်ကျကြရသေးတယ်။ ညမှာဘုရား၃ဆူစေတီတည်ရှိရာကိုသွားပြီး မီးပူဇော်ကြတယ်။ ကျောင်းသားတွေရွေးချယ်တင်မြောက်ထားတဲ့ ဥက္ကဌနဲ့တချို့ ဝမ်ခသွားတော့ အကူအညီတချို့ရပြီဆိုတဲ့သတင်းနဲ့ ဆေးဝါးတွေပါလာကြတယ်။ ရန်ကုန်ကဘုရား၃ဆူထဲက ကျောင်းသား၂၂ရောက်ရဲ့မိဘတွေ ဖမ်းခံရတယ်ဆိုတဲ့သတင်းလည်း အတူပါလာတယ်။ လုပ်သားကောလိပ်ထဲက၂ယောက်ပါတယ်တဲ့။ သူငယ်ချင်းအောင်ဇော်မင်းရဲ့မိဘတွေ အဖမ်းခံလိုက်ရတယ်ဆိုပဲ။ ကျန်တဲ့တယောက်တော့မသိရ။ စနေနေ့ အလုပ်မရှိလို့ကျောင်းသားရုံးရှေ့မှာ သူငယ်ချင်းတွေထိုင်စကားပြောနေတုန်း ခင်ဇော်ထွန်းပြန်ပြေးသွားတာသိတာကြောင့် ချက်ချင်းချစ်ဖွယ်ကြီးနဲ့ကျနော် ပြန်လိုက်ခေါ်ရတယ်။ မြန်မာပြည်ပြန်ရောက်ရင် သတ်ခံရဖို့အပြင်တခြားဘာမှမရှိနိုင်ဆိုပြီး ပြန်ခေါ်ခဲ့ရတယ်။ ပြန်ချင်ရင် ဥက္ကဌကိုတရားဝင်ပြောပြီးမှပြန်ဆိုပြီးပြောတော့ နောက်၂ရက်ကြာတော့ တကယ်ပြန်သွားပါတယ်။ နောက်ပိုင်းသတင်းကြားရတာက အဖမ်းခံရပြီး နှိပ်စက်မှု့ဒဏ်ကြောင့် ဆုံးပါးသွားကြောင်းကြားသိရပါတယ်။ နောက်နေ့မနက်မှာသူငယ်ချင်းတွေစုပြီး ကျောင်းသားတွေအတွက် အကူအညီရှာဖွေပေးနေတဲ့ကိုစိုးဝေထွန်းက  ကဘုရား၃ဆူစေတီရှေ့ အမှတ်တရဓာတ်ပုံရိုက်ပေးတယ်။ တခါတလေ သံတိုသံစကောက်တဲ့အလုပ်လုပ်လိုက် တခါတလေ တောထဲသွားပြီး သစ်ဥသစ်ဖုရှာလိုက်နဲ့ စားရေးအတွက်ကြုံသလိုဖြေရှင်းနေရင်းနဲ့ ကျောင်းသားတပ်မတော် ဘုရား၃ဆူ တပ်ရင်းကို တရားဝင် တည်ဆောက်ရန်သဘောတူညီမှု့ကိုစောင့်နေကြရတယ်။

    ကျနော်တို့လည်း မနက်မနက် ကျန်းမာရေးအတွက် တဘက်ရွာဖြစ်တဲ့ နမ့်ကုန်းရွာကိုထပြေးကြ၊ နေ့ခင်းဖက်ချက်ပြုတ်ရေးတာဝန်ယူကြနဲ့ပဲအချိန်ကုန်တယ်။ ကျနော်တို့တွေ အလုပ်ကလည်းမရှိ နေစရာကလည်း မရေရာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်လာတော့ တချို့လည်း အိမ်ပြန်ပြေးချင်တဲ့သူတွေပေါ်လာကြတယ်။  တနင်္ဂနွေ နေ့ မနက်အစောကြီး အောင်မြင့်၊ လှဌေးနဲ့ ကိုတင်စိုးတို့တိတ်တစိတ်ပြန်သွားကြတယ်။ လုပ်သားကောလိပ်ဒုဥက္ကဌဖြစ်လာတဲ့ ကိုမောင်မောင်ကြီးက လိုက်ခေါ်တာကြောင့်ပြန်ပါလာတယ်။ တခါတလေ အလုပ်ရဖို့ ကားလမ်းမဘေးသွားပြီး အလုပ်လိုနိုင်တဲ့ကားကိုသွားမျှော်ကြရတယ်။ လက်မထောင်၍ ကားတားကာ ကားကြုံလိုက်ပြီးအလုပ်ရှာကြရတယ်။ တခါတလေသဲကားများတွေ့ပြီး အလုပ်ရတယ်။ ပိုက်ဆံကိုပေးသလောက်ပဲယူရတာပေါ့။ အချို့ကခြံသန့်ရှင်းရေးအလုပ်စသဖြင့်ပေါ့။ အပြန်မှာတော့ ကားလမ်းမှာလက်မထောင်ပြီးကားကြုံနဲ့ပြန်ကြရတာပေါ့။ တခါတလေ ရွာထဲမှာရှိတဲ့ရုပ်ရှင်ကြည့်ချင်တော့ ရုံထဲဝင်နိုင်တဲ့တံစိတ်အတုဖန်တည်းကြတယ်။ အဲ့ဒီတုန်းက ယိုးဒယားတွေကရွာမှာလာပြီး ကွင်းပြင်တခုမှာ ယာယီရုပ်ရှင်ရုံလုပ်ပြီးပြကြတာလေ။ ရုံပေါက်စောင့်တွေက လက်မှတ်ဝယ်ပြီးအပြင်ထွက်တဲ့သူတွေကို ရုံထဲပြန်ဝင်နိုင်တဲ့ တံစိတ်အဖြစ်နဲ့ အလွယ်တကူလက်မှာထုပေးလိုက်ကြလေ့ရှိတယ်။ တံစိတ်ကပုလင်းအဖုံးခွန်နဲ့ခပ်ဆင်ဆင်ရယ်။ ကျနော်တို့လည်း တူညီနိုင်တဲ့ ပုလင်းအခွန်ကိုဆေးဆိုးပြီးလက်မှာရိုက်၊ ရုံထဲဝင်ကြတယ်။ ပထမတော့အဆင်ပြေပေမဲ့နောက်ပိုင်း ရုံစောင့်ယိုးဒယားတွေသိသွားကြတယ်။ ဒါကြောင့် အနောက်ကနေလူအလစ်မှာ ကာထားတဲ့ အဝတ်ရုံကိုအတင်းမရမက မပြီး အလစ်မှာခိုးဝင်ကြရတယ်။ အစောင့်တွေ့ရင်လူအုပ်ကြားထဲထွက်ပြေးပေါ့။ ကျနော်ရယ်၊ မြတ်ခိုင်ရယ်၊ မောင်မောင်နိုင်ရယ်၊ အတူတူခိုးဝင်ကြတာမှတ်မိပါသေးတယ်။ အဲ့လောက်အထိကျနော်တို့ကဲကြတာ။ ရွာထဲက ကထိန်ပွဲလိုအလှူပွဲတွေ၊  မီးဗုံးပျံလွတ်တင်ပွဲတွေစတဲ့ရပ်ရေးရွာရေးတွေမှာလည်း ကျောင်းသားတွေဝိုင်းဝန်းလုပ်ကိုင်ကြတော့ ရွာသားတွေအားလုံးကကျောင်းသားဆို အရမ်းကိုခင်မင်လာကြတယ်။ 

    ကျနော်တို့လည်း ရွာထဲသွားပါများတော့ ကရင်ရွာထဲက မန်းဇော်ဒိုးဆိုတဲ့ အပါးနဲ့အမိုးတို့ကို မိသားစုတဖွယ်ဖြစ်သွားပြီး အမြဲလိုလိုသွားဖြစ်တယ်။ အပါးကကြံတောထဲသွားပြီးကြံထမ်းတဲ့အလုပ်ကိုလုပ်နေရတော့ အောင်နိုင်နဲ့ကျနော် တခါတခါသူနဲ့လိုက်သွားပြီးကြံထမ်းပေးကြ၊ အိမ်အလုပ်တွေဝိုင်းကူကြဆိုတော့ သူတို့လည်းကျနော်တို့ကို သားသမီးတဖွယ်ချစ်ခင်ရင်းနှီးသွားကြပါတယ်။ ညဈေးတန်းက မာမူဆိုသူရဲ့ လဖက်ရည်ဆိုင်မှာဆိုရင်လည်း ရှိသလောက်ပိုက်ဆံနဲ့ လဖက်ရည်၁ခွက်၂ခွက်မှာပြီး အကုန်ဝိုင်းထိုင်ကြတယ်။ ဆိုင်ရှင်ကလည်းကျောင်းသားတွေဆိုတော့ကြည်ဖြူစွာပါပဲ။ သူ့ရဲ့ ၄ ၅နှစ်လောက်သာရှိသေးတဲ့ရှမီးလားဆိုတဲ့ သူတို့သမီးငယ်လေးက အပြန်ဆိုကျနော်တို့နဲ့ အတင်းလိုက်မယ်ငိုငိုပြီးပြောပြောနေလို့ မနဲထားထားခဲ့ရတယ်။ နောက်တော့ရှမ်းသစ်စက်တခုမှာအလုပ်ရလို့ တင်ဦး၊ ဖလော်၊ ဦးဂွမ်ကြီး တို့နဲ့အတူ တရက်၅၀ဘတ်နဲ့ဝင်လုပ်လိုက်တယ်။ အလုပ်ရပြီးနောက်နေ့တနင်းလာနေ့ ၅ရက်နေ့မှာပဲ လျှို့ဝှက်ကိစ္စအတွက်စစ်ရေးတာဝန်ခံ ကိုထွန်းဦးက ကိုအောင်ကြည်ဦး၊ ကိုမောင်မောင်ထွန်း၊ တို့နဲ့အတူ မဲဆောက်ကို ထိုင်းဗိုလ်မှုးတွန်ကားနဲ့ထိုင်းနယ်ဖက်ကနေခေါ်သွားပါတော့တယ်။ ဒီလိုနဲ့သူငယ်ချင်းရင်းတွေဖြစ်တဲ့ လုပ်သားကောလိပ်ကျောင်းသားတွေနဲ့ ဝေးကွာခဲ့ရပါတယ်။

No comments:

Post a Comment