ဇာတ်တူသားစားသူများ


ရှေးခါမယွင်း မင်းပေါရိသာရ်၊
ဗြဟ္မဒတ် ရာဇာ၊ အာနဒါ္န နှင့်၊
ဟင်္သာကိုးသောင်း ထိုအပေါင်းတို့၊
သိမ်းစောင်းကံရ ဇာတ်တူသားကို၊
စား၍မုချ ပျက်စီးရ၏။

 ရှေးအခါက ဇာတ်တူသားများကိုပြန်စားကြသော ပေါရိသာရမင်း၊ ငါးကြီးအာနန္ဒာနှင့် ကိုးသောင်းသော ဟင်္သာတို့  ဘဝပျက်ခဲ့ကြဘူးပါသည်။ ဤသည်ကိုအကြောင်းပြု၍ မန်လည်ဆရာတော််က ဘဝတူချင်းချင်း သတ်ဖြတ်ကြပါက ဧကန်မုချ ပျက်စီးရမည်ကို သတိပေးသည့်အနေဖြင့် အထက်ပါအတိုင်း ရေးသားခဲ့ပါသည်။ဤဇတ်တော်များကို ပြန်လည်နွေးနောကြရပါလျင်
ရှေးအခါကဗာရာဏသီပြည်၌ ဗြဟ္မဒါတ်မင်းအုပ်စိုးလျက်ရှိပြီး သူသည်ရှေးဘဝက ဘီလူးဖြစ်ခဲ့ဘူးသောကြောင့် အသားစားကြူးသော မင်းတစ်ပါးဖြစ်လေသည်။ အသားမပါလျင် ပွဲတော်မတည်သောကြောင့် စားဖိုမှူးမှ အမြဲတန်းအသားဟင်း တမျိုးမျိုးကို ဖြစ်တဲ့နည်းနှင့် ရှာဖွေချက်ပြုတ်ရ၏။ သားငါးမသတ်ရသော ဥပုဒ်နေ့များအတွက်ပင် ရှာကြံချက်ပြုတ်ပေးရလေသည်။ တနေ့တွင် ဥပုဒ်နေ့အထွက် နောက်တနေ့အတွက် အသားမချန်ထားမိသည့်အတွက် စားဖိုမှူး ကြံရာမရဖြစ်ပြီး သုဿာန်မှလူသေတစ်ဦး၏ပေါင်သားကို လှီးဖြတ်ချက်ပြုတ်၍ ပွဲတော်တည်ရလေသည်။ ရှင်ဘုရင်လည်း ခါတိုင်းနှင့်မတူ ထူးကဲသောအရသာရှိ၍ မှန်ရာကိုလျှောက်တင်ခိုင်းရာ စားဖိုမှူးကအမှန်အတိုင်း လျှောက်တင်လေ၏။ ရှင်ဘုရင်လည်း အလွန်အမင်း ကြိုက်နှစ်တော်မူသောကြောင့် နေ့စဉ်လူသားကိုသာဆက်သရန် အမိန့်တော်မှတ်လေသည်။ စာဖိုမှူးလည်း နေ့စဉ်ချက်ပြုတ်လာရာ သုဿာန်မှကုန်သော်ထောင်သား၊ ထောင်သားများကုန်သော် နီးစပ်ရာတိတ်တဆိတ် သတ်ဖြတ် ချက်ပြုတ်ရလေသည်။ ဒီလိုနှင့် လူများထူးဆန်းစွာ တဖြေးဖြေးပျောက်ပျောက်လာသည်ကို ထိုတိုင်းပြည်ရှိ စစ်သူကြီးနှင့် တိုင်းသူပြည်သားတို့ ရိပ်မိသိရှိလာပြီး စုံစမ်းထောက်လှမ်းကြည့်ရာ စာဖိုမှူးကို မိလေသည်။ စားဖိုမှူးက ရှင်ဘုရင်ခိုင်း၍လုပ်ရကြောင်း ဝန်ခံ၍ စစ်သူကြီးနှင့် တိုင်းသူပြည်သားတို့ ရှင်ဘုရင်ကို မသင့်တော်ကြောင်း ဝိုင်းဝန်းပြောဆိုကြရတော့၏။ ဗြဟ္မဒတ်မင်းကား သက်ဦးဆိုင်ပိုင်ဘုရင် ကလည်းဖြစ်၊ လူသားကိုအလွန်အမင်း စွဲမက်ခြင်းကလည်းရှိသောကြောင့် နားမထောင်တော့ပြီ။ နောက်ဆုံး စစ်သူကြီးနှင့် တိုင်းသူပြည်သားတို့ ထိုမင်းကို တိုင်းပြည်မှနှင်ထုတ်လိုက်ကြလေသည်။  ဗြဟ္မဒတ်မင်းလည်း ဇာတ်တူသားစားမိ၍ ထီးနန်းစွန့်ကာ ဘဝပျက်ရလေ၏။ ဗြဟ္မဒတ်မင်းမှ လူသားစားသည်ကိုအစွဲပြု၍ ပေါရိသာရမင်း (လူသားစားသောမင်း) ဟုအမည်တွင်လေသည်။
ဒုတိယသာဓကကားငါးကြီးအာနန္ဒာအကြောင်းပင်၊ တရံရောအခါက သုမုဒ္ဒရာပင်လယ်ပြင်ထဲတွင် အာနန္ဒာဟူသော ငါးအပေါင်းတို့ကို ဦးစီးဦးဆောင်သော ဧရာမငါးကြီးတကောင် ရှိလေသည်။ ငါးအပေါင်းတို့သည် မိမိတို့ကို ဦးဆောင်လုပ်ကိုင်ပေးနေသော ထိုငါးကြီးထံနေ့စဉ်အခစားဝင်ရလေသည်။ ထိုစဉ်က ငါးအားလုံး ရေမှော်များကိုသာစားသောက်ကြ၏။ တနေ့တွင်ငါးကြီးအာနန္ဒာ သည်ရေမှော်များကို စားရာထူးခြားသော အရသာရှိ၍ ပါးစပ်ထဲမှထွေးထုတ်ကြည့်ရာ ငါးတစ်ကောင်ဖြစ်နေသည်ကို တွေ ့ရလေသည် ငါးကြီးလည်း ထိုထူးခြားသော အရသာကို နှစ်သက်သွားပြီဖြစ်၍ ငါးများကိုတိက်တဆိတ် စားသောက်ရန် ကြံစည်လေတော့၏။ ထိုအချိန်မှစ၍ ငါးများသူ့ထံအခစားဝင်ပြီးအပြန်တွင် နောက်ဆုံးကျန်သောငါးကို ခိုးစားလေတော့သည်။ ရက်များကြာလေသော် ငါးများသိကုန်သဖြင့် မည်သူမှသူ့အနား အခစားမဝင်တော့ခြေ။ ငါးကြီးလည်း ဇတ်တူသားစားခြင်းကိုအစွဲကြီးစွဲသွားပြီဖြစ်၍ ရေမှော်များကိုပြန်လည်မစားသောက်လိုတော့ပြီ။ ထို့ကြောင့်အနီးအနားပတ်ဝန်းကျင်သို့တစ်ကောင်တည်းငါးစာရှာထွက်ရလေသည်။ တနေ့တွင် တောင်ကုန်းတစ်ခုကိုပတ်၍ ငါးစာရှာထွက်လေသည်။ ငါးကြီးသည်အင်မတန် ကြီးမားလွန်းသောကြောင့် တောင်ကုန်းကိုပတ်ရာတွင် သူ၏ခေါင်းနှင့် နောက်ဖက်ကျန်ခဲ့သော အမြှီးတို့ပြန်ထိလုနီးပါး ရှိလေသည်။ ငါးကြီးလည်း တောင်ကုန်းတဖက်တွင် ကျန်ခဲ့သောမိမိအမြှီးကို တခြါးတဖက်မှ ပြန်မြင်ကာတခြားငါး အမြှီးထင်ပြီး ကိုက်ဖြတ်မိလေသည်။ ငါးကြီးလည်းဇာတ်တူသားစားမိ၍ ဖြစ်ပေါ်လာသော ရသာတဏာ အားကြောင့် မိမိကိုယ်ကိုပြန်လည် ကိုက်ဖြတ်မိကာအသက်ဆုံးရှုံးရလေသည်။
တတိယသာဓကကားကိုးသောင်းသောဟင်္သာတို့အကြောင်းပင်၊ တရံရောအခါက ကိုးသောင်းသောဟင်္သာတို့ ပင်လယ်ပြင်တွင်း၌ တစုတဝေးတည်း စည်းလုံးညီညွတ်စွာ နေထိုင်ကြလေသည်။ ၎င်းတို့သည် မိုးရာသီရောက်လာပြီဆိုသည်နှင့် လှိုင်ဂူကြီးတစ်ခုအတွင်း အစာများစုဆောင်း၍ ၄လလုံးလုံးဂူအောင်း နေထိုင်ကြလေ့ရှိ၏။ ထိုဟင်္သာကိုးသောင်းတို့အနီးတွင် ပင့်ကူကြီးတစ်ကောင်လည်း ကျက်စားနေထိုင်လေသည်။ ဟင်္သာကိုးသောင်းတို့ လှိုင်ဂူကြီးအတွင်း ဝင်ရောက်နေထိုင်ပြီ ဆိုသည်နှင့် ထိုပင့်ကူလည်း လှိုင်ခေါင်းဝကို တစ်လလျင် တစ်ထပ်ကျ ပင့်ကူမျှင်များဖြင့် ရစ်နောင်ပိတ်ထားပြီး စားရန်ကြံစည်လေ့ရှိ၏။ ဟင်္သာကိုးသောင်းတို့လည်း ထိုပင့်ကူမျှင်လေးထပ်ကို ထွင်းဖောက်နိုင်ရန် အင်အားကောင်းသော ဟင်္သာများကို အစာကောင်းကောင်းကျွေး၍ မွေးမြူထားရလေသည်။ အင်အားကောင်းသော ဟင်္သာများက ရှေ့မှဦးဆောင် ဖောက်ထွက်ပြီးမှ တခြားအားလုံးသော ဟင်္သာတို့ ထွက်ကြရလေသည်။ ဤတို့ဖြင့်နေလာကြရာ တစ်ခုသောမိုးတွင်းကာလ၌ မိုးများကြာရှည်ရွာလေရာ ၅လကျော်ကြာသည့်တိုင် မိုးကားမစဲ ဖြစ်လေ၏။ ထို့ကြောင့်သိုလှောင်ထားသော အစာများလည်း မလောက်ငှတော့ပြီ။ အစားအစာများ ကုန်ပြီးတကာလ မိမိတို့ဥထားသော ဟင်္သာဥများကို စတင်စားသုံးကြရတော့၏။ ဥများကုန်သော် သက်ကြီးရွယ်အိုများကို စားကြရလေသည်။ ဟင်္သာတို့အားလုံး ဇာတ်တူသားများကို ပြန်လည်စားသုံး လာကြရသောအခါ အားအင်များ ကုန်ခန်းလာကြလေတော့၏။ မိုးတွင်းကုန်၍ အပြင်ထွက်ကြသောအခါ ပင့်ကူမျှင်များကို မဖောက်ထွက်နိုင်တော့ပြီ။ အင်အားကောင်းသော ဟင်္သာများလည်း မရှိတော့ပြီ။ ထို့ကြောင့်ပင့်ကူမျှင်များတွင် ညိတွယ်ကာ ပင့်ကူ၏အစာ ဖြစ်ရလေတော့သည်။ ကိုးသောင်းသော ဟင်္သာတို့လည်း ဇတ်တူသားချင်း စားမိ၍ အားအင်ကုန်ခန်းကာ ဇတ်သိမ်းရလေတော့ သတည်း။
လောကတွင်အချင်းချင်းအနိုင်ကျင့်၍ ဘဝပျက်ရသော သာဓကများစွာ ရှိပါသည်။ တမြေတည်းနေ တရေတည်းသောက်ပြီး ဘဝတူလက်တွဲဖော်ချင်း အနိုင်ယူလိုစိတ်နှင့်သစ္စာမဲ့ကြခြင်းသည် ဇတ်တူသားစားကြခြင်းပင်။ ထိုဇတ်တူသားစားသူများသည် တနေ့တွင်ဘဝနိဂုံးမလှ ဖြစ်ရမည်သာတည်း။ လူမျိုးအချင်းချင်း လုပ်ဖော်ကိုင်ဖက်အချင်းချင်း ဇတ်တူသားစားသူများကိုမည်သူမျှမနှစ်သက်ကြပါ။ ထိုသူများ၏ဘဝကို ထိုသူများကိုယ်တိုင် ကြမ္မာ ဖန်တည်းကြပေလိမ့်မည်သာတည်း။ “ဘယ်သူမပြုမိမိမှူ့ သက်မှတ်ကြမ္မာဓမ္မတာတည်း” မဟုတ်ပါလား။
(ဆရာတော်ဦးကော်ဝိဒ (သာသနာ့ဥလျှောင်) တရားတော်ကိုမှီငြမ်းပါသည်)

No comments:

Post a Comment