မထိခလှုပ်ထိခလှုပ်

ကျနော်၁ဝတန်းအောင်ပြီးကောလိပ်တက်ဖို့စောင့်စားနေချိန်လောက်ကပေါ့၊ ကျောင်းကလဲပိတ်ထားတဲ့ကာလဖြစ်တာကြောင့် သူငယ်ချင်းများနဲ့ မြို့ထဲသွားပြီးစျေးပေါပေါနဲ့ရောင်းတက်တဲ့လမ်းဘေးကစာအုပ်တွေကိုသွားသွားမွေတာတို့၊ လှည်းတန်းနဲ့အင်းယားကန်ဘက်လမ်းလျှောက်ရတာတို့ ကောလိပ်ကျောင်းသားများနဲ့သာခြေရှုပ်နေလေ့ရှိတဲ့ မိန်းထဲ အကြောင်းမရှိအကြောင်းရှာပြီးသွားကြတာတို့နဲ့အချိန်ဖြုန်းကြပါတယ််။ ကောလိပ်ကျောင်းသားမဟုတ်သေးတော့လိပ်ပြာတော့သိပ်မသန့်ဘူးပေါ့။ ဒါပေမဲ့တချိန်ကြရင်တော့လိပ်ပြာသန့်သန့် ရီးစားလေးတစ်ယောက်လောက်နဲ့ လျှောက်နိုင်ကောင်းရဲ့လို့ စိတ်ကူးတော့ယဉ်ကြည့်မိခဲ့ဘူးပါတယ်။ ဒီလိုနဲ့ပဲသူငယ်ချင်းတွေဆီတစ်လှည့်ဆီသွားလည်လိုက်အင်းယားကန်နားယောင်လည်လည်သွားလိုက်နဲ့အချိန်တွေကုန်စေခဲ့ပါတယ်။ တခါတလေ အိမ်နားကအတန်းဖော်သူငယ်ချင်းဖြစ်သူ ဂျော်နီတို့ ဝယ်ထားတဲ့လူမနေတဲ့အိမ်မှာသွားပြီးချက်ပြုတ်စားသောက်ဖြစ်ကြပါတယ်။ အဲ့ဒီအိမ်ကကြည့်မြင်တိုင်နတ်စင်လမ်း၊ ကျနော်တို့နေတာကစမ်းချောင်းဝေဠုဝန်ဆိုတော့ နီးနီးနားနားမို့ မကြာခဏသွားဖြစ်ကြပါတယ်။ အဲ့ဒီအိမ်ကနှစ်ထပ်အိမ်ဖြစ်တာကြောင့် ဘေးအိမ်ကလူတွေလှုပ်ရှားသွားလာနေကြတာတွေကိုအပေါ်စီးကနေထင်ထင်ရှားရှား တွေ့နေရလေ့ရှိပါတယ်။ ဘေးအိမ်တွေနဲ့ခြံစည်းရိုးခြားထားပေမဲ့ အိမ်ခြင်းကနီးနီးကပ်ကပ်လေးတွေဆိုတော့ စကားလှမ်းပြောရင်ကြားနိုင်တဲ့အခြေအနေပါ။ တရက်ကျနော် အဲ့ဒီအိမ်ရဲ့မီးဖိုချောင်နောက်ဖေးပြူတင်းပေါက်ကိုဖွင့်ပြီးအဝေးကရှုခင်းကိုငေးကြည့်နေမိပါတယ်။ အဲ့ဒီချိန်မှာဂျော်နီက “ဟေ့ရောင် မင်းကိုကောင်မလေးတစ်ယောက်ချောင်းကြည့်နေတယ်” ဘယ်မှာလဲဆိုပြီးရှာတော့မတွေ့ပါ၊ သူက နောက်ကအိမ်ပုလေးကိုလက်ညိုးထိုးပြီး “အဲ့ဒီတံခါးဘေးကကွယ်ပြီးကြည့်နေတာငါအိပ်ခန်းထဲကတွေ့နေရတယ်” “ဟုတ်လို့လား” “ငါ့မျက်လုံးနဲ့ကိုသေသေချာတွေ့တာမင်းပြန်ရပ်ကြည့်နေ” ဆိုပြီး ကျနော်ကမသိသလိုနဲ့အဲ့ဒီနေရာမှာပဲပြန်ရပ်နေပါတယ်။ ခဏကြာတော့သူအရင်လိုပဲပြန်ချောင်းပါတယ်။ ကျနော်ကတော့သူ့ကိုရှာမတွေ့ပါ။အောက်ကိုဆင်းပြီးခြံနားကိုသွားတော့လဲထွက်မလာပါ၊ ဒါနဲ့စိတ်ထဲမှာကလိကလိဖြစ်နေတာကြောင့်အမိဖမ်းဖို့ြကြိုးစားကြတယ်။ ဒါကြောင့်အပေါ်ပြန်တက်၊ ချောင်းတွေဆိုးပြ၊ ရေတွေလောင်းချပြီး ဖိုသံပေးတော့သူ မသိသလိုနဲ့ထွက်လာပါတယ်။ ကျနော်တို့လဲ အသင့်လုံးထားတဲ့ စာရေးစက္ကူတွေနဲ့သူ့ကိုပစ်ပေါက်ကြတယ်။ သူကမျက်ဆောင်းထိုးပြီးလှဲ့ထွက်မယ်အလုပ်ကျနော်က “နေအုံးနေအုံး” ဆိုပြီး စက္ကူပေါ်မှာ နာမည်ဘယ်လိုခေါ်သလဲလို့ရေးပြီး ဖက်ကြည့်ဖို့အမှုအရာနဲ့ပြရင်းပစ်ပေးလိုက်တယ်။ သူကဖတ်ကြည့်ပြီး မသိဘူးဆိုတဲ့အမှုအရာပါးစပ်လှုပ်ပြီး အိမ်ထဲဝင်သွားပါတယ်။ သူကအသားဖြူဖြူပိန်ပိန်ပါးပါး၊ မျက်လုံးမျက်ခုံးတောက်ပပြီး နှာတန်စဉ်းစဉ်းလေးနဲ့ဆိုတော့ ချောမောလှပသူတစ်ယောက်လို့ပြောနိုင်ပါတယ်။နောက်ဆုံးတိုတိုပြောရရင်တစ်ယောက်နဲ့တစ်ယောက်စာပေးစာယူလုပ်ပြီးအတော်အဆင်ပြေနေကြပါတယ်။ သူကပထမနှစ်တက်နေတဲ့ကော်လိပ်ကျောင်းသူမှန်းသိခဲ့ရပါတယ်။ သူငယ်ချင်းတွေမြှောက်ပေးမှု့ကြောင့်သူ့ကို ရီးစားစကားလိုလိုဘာလိုလိုစကားတွေကိုပြောဖြစ်တယ်။အခြေအနေက ရာခိုင်နုန်းပြည့်လောက်ကိုသေချာသလောက်ကိုယ့်အိမ်မက်တွေကိုဖြည့်ဆည်းပေးမဲ့သူတစ်ယောက်ပေါ့။ နောက်ဆုံးအပြင်မှာလွတ်လွတ်လပ်လပ်နှစ်ယောက်ထဲတွေ့ကြဖို့ဖြစ်လာပါတယ်။ သူကကျနော်ကိုလှည်းတမ်းနားကအင်းယားကန်ဘောင်ဘေးမှာရှိတဲ့ဘူးသီးကျော်ဆိုင်ကိုလာဖို့ချိန်းပါတယ်။ ဘယ်တုန်းကမှမိန်းကလေးတစ်ယောက်နဲ့ချိန်းတွေ့ဘူးတာမဟုတ်တော့့၊ ရင်တွေကတော့တလှပ်လှပ်ပေါ့။ ကျနော်လည်း ကောလိပ်တောင်မတက်ရသေးကောင်မလေးလှလှနဲ့ချိန်းတွေ့နိုင်တဲ့ငါပဲဆိုပြီးဂုဏ်ယူဝင့်ကြွား၊ ရင်တကော့ကော့နဲ့ချိန်းတဲ့နေရာကို တစ်ရောက်တည်းအစောကြီးရောက်ရှိလာခဲ့ပါတယ်။ အကြော်မှာစားရင်း သူ့ကိုဘယ်လိုစကားစပြောရမလဲ၊ တခါတည်းအဖြေတောင်းရင်ကောင်းမလားဆိုပြီး အတွေးနယ်ချဲ့နေမိပါတယ်။ မကြာခင်မှာပဲသူရောက်လာပါတယ်။ တစ်ယောက်တည်းတော့မဟုတ်ပါ။ သူ့ဘေးမှာရွယ်တူကောင်လေးတစ်ယောက်ပါလာပါတယ်။ ကျနော်ရှေ့မှာဝင်ထိုင်ပြီး သူ့ကိုသူမိတ်ဆက်ပါတယ်။ “ကျနော့်နာမည်မောင် -- ပါ၊ --အကို့ကိုအားနာပါတယ်၊ ကျနော်က မ-- ရဲ့ချစ်သူပါ” ရောက်ရောက်ချင်းပဲသူ့ကိုသူမိတ်ဆက်ပြီး တရားဝင်ချစ်သူဖြစ်ကြောင်းပြလေပြီ၊ ကျနော့်မှာလူတစ်ကိုယ်လုံးရှိန်းဖိန်းပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ ဘာမှလည်းပြန်မပြောမိ၊ သူပဲဆက်ပြောပါတယ်၊ “အကို့ကိုကျနော်တောင်းပန်ပါတယ်၊အကိုနောက်ဆုတ်ပေးပါနော်” ကျနော်ကဘာမှပြန်မပြောမိ၊ ဘေးမှာထိုင်နေတဲ့ မထိခလုပ်ထိခလုပ် လှုပ်ခတ်လာခဲ့သူကို လှမ်းကြည့်မိတော့ သူကခေါင်းငုံသွားပါတယ်။ သူကခုတော့စကားတစ်လုံးမှမပြောတော့ပါ။ ကျနော်သဘောပေါက်လိုက်ပါတယ်။ ကျနော်ဘာမှပြောဖို့မလိုတော့ပါ၊ ပြောချင်စိတ်လည်းမရှိတော့ပါ၊ ဘာပြောလို့ပြောရမှန်းလည်းမသိတော့ပါ။ အရင် ကျနော့်ကို ကလူ၏တို့မြူ၏တို့ လုပ်လာခဲ့တဲ့ မိန်းကလေးမှဟုတ်ပါလေစလို့သံသယတောင်ဝင်မိပါသေးတယ်။ ကျနော်လည်း ခေါင်းတာတွင်တွင်ညိတ်ပြနေမိယုံကလွဲလို့ဘာမှမပြောမိပါ။ လူတကိုယ်လုံးရှက်လွန်းအားကြီးလို့ လူတွေမရှိတော့တဲ့နေရာအထိ ပြေးထွက်ချင်စိတ်သာပေါ်လာမိပါတယ်။ သူ့ကောင်လေးကရည်ရည်မွန်မွန်လေးမို့ စကားများရန်ဖြစ်ခြင်းတော့မရှိခဲ့ပါ။ သူတို့လည်းကြာကြာမနေကြပဲ “ကျနော်တို့ကိုပြန်ခွင့်ပြုပါအုံးနော်” လို့ပြောပြီးကျနော်စားထားတဲ့ဟာတွေကိုရှင်းပေးပြီးထွက်ခွာသွားပါတယ်။ ကျနော်ကတော့တုပ်တုပ်မျှမလှုပ်ရှားနိုင်တော့တဲ့ ကျောက်ရုပ်တစ်ရုပ်လို ဦးနှောက်အသိညဏ်တွေအေးခဲရပ်တန့်လို့ တစ်ယောက်တည်းမလှုပ်မယက်ကျန်ခဲ့ရပါတယ်။ ကိုယ့်စည်းနဲ့ကိုယ်မနေမိတဲ့ကျနော်၊ ကိုယ့်ကိုကိုယ်ပဲဒေါသထွက်နေမိပါတယ်။ ကောလိပ်ကျောင်းသားမဟုတ်ပဲနဲ့ကော်လိပ်ကျောင်းသူကိုသွားရည်မှန်းမိတဲ့စည်းကျော်မှု့၊ ကိုယ်နဲ့မဆိုင်တဲ့နေရာမှာဝင်ရောက်ပျော်မွေ့ချင်တဲ့စည်းကျော်မှု့၊ ပြီးတော့ နှလုံးသားစည်းကျော်မှု့ပါ။ အသဲနုနုကျနော် ပထမခြေလှမ်းမှာပဲ ဆူးနင်းမိလေပီကော။ ကျနော် သူငယ်ချင်းတွေကိုဘယ်လိုမျက်နာမျိုးနဲ့ရင်ဆိုင်ပြောပြရမလဲ၊ ကျနော်အိမ်မက်ရှည်ကြီးမက်ခဲ့တဲ့ဘူးတဲ့ အဓိပထိလမ်းတွေအင်းယားကန်ဘောင်တွေမှာ ဘယ်လို စိတ်မျိုးနဲ့လျှောက်လှမ်းရမလဲ၊ ကျနော်မသိတော့ပါ။ မထိခလုပ်ထိခလုပ်ပြုမှုလာသူတစ်ဦးကြောင့် ကျနော့်နှလုံးသားပိုင်ရှင်များဖြစ်လေမလားဆိုပြီး ခပ်လွယ်လွယ်တွေးမိခဲ့တာကြောင့်နလုံးသားမှာရှသသ လေးတော့ကျန်ရစ်ခဲ့ရပါတယ်။ ခြေလှန်းကြဲကြဲမလျှောက်နိုင်အောင်ဆူးရှထက်မျှတဲ့ခြံဆူးရိုးတခုတော့ နှလုံးသားမှာ အလိုအလျောက် စည်းခတ်ပြီးသားပေါ့။

No comments:

Post a Comment