တမ်းတမ်းတတပုံရိပ်များ(စမ်းချောင်း၊ဝေဠုဝန်)

     ကျနော်ငယ်စဉ်ကတည်းက ရန်ကုန်မြို့ရဲ့ စမ်းချောင်းဝေဠုဝန်အစိုးရတိုက်ခမ်းအိမ်ယာမှာ ၁၉၈၈ခုနှစ်တိုင်အောင် ကျနော့်အသက်၂၄နှစ်အထိနေထိုင်ခဲ့ပါတယ်။ အဲ့ဒီနေရာဟာဟိုတုန်းကတည်းက အချက်အချာကျတဲ့နေရာ ဖြစ်ခဲ့ပါတယ်။ တိုက်ခမ်းရဲ့ဘယ်ဘက်မှာ ဟံသာဝတီရထားဘူတာရုံရှိပြီး ညာဘက်ကကျန်တောသင်းချိုင်းနဲ့ တရုတ်သင်းချိုင်း (ခုတော့ကားပွဲတန်းဖြစ်သွားပြီလို့သိရပါတယ်) အကျော်မှာ ဟိုတုန်းကရန်ကုန်မှာ အကောင်းဆုံးလို့ နာမည်ကြီးတဲ့ပြည်လမ်းမကြီးရှိပြီး တခုတည်းသော ခန့်ညားထည်ဝါလှတဲ့ အသံလွှင့်ရုံ၊ လိပ်ခုံး၊ TTC ဆရာအတတ်သင်ကျောင်း၊ စစ်သင်ချိုင်းစတဲ့အထင်ကရ အဆောက်အဦးတွေ စုဝေးစွာတည်ရှိနေပါတယ်။ TTC  ကျောင်းကညပိုင်းဆိုရင် ဝိဇ္ဇာလုပ်သားကောလိပ်အဖြစ်နဲ့ အလုပ်လုပ်သူတွေအတွက် ဖွင့်လစ် သင်ကြား ပါတယ်။ အဲ့ဒီလုပ်သားကောလိပ်မှာ ကျနော်တက်ခဲ့တာကြောင့် ကျနော့်အတွက် အတန်းပညာတွေ အပြင် ပေါင်းသင်း ဆက်ဆံရေးပညာတွေ၊ ဘဝပညာတွေ စတင်သင်ကြားပေးရာနေရာလို့ ပြောလို့ရပါတယ်။ အဲ့ဒီအချိန်ကစပြီး ကျနော့်စိတ်ဓာတ်နဲ့ ခံယူချက်တွေ တိုးတက်ပြောင်းလဲလာခဲ့ရတယ်ဆိုရင် မမှားပါ။ ဘာကြောင့်လည်းဆိုတော့ ဘဝကိုခက်ခက်ခဲခဲကျော်ဖြတ်ကြရတဲ့ သူငယ်ချင်းတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းလာမိပြီး တကယ်ကိုဆရာပီသတဲ့ဆရာကောင်း မိတ်ဆွေကောင်းတွေနဲ့ဆုံတွေ့ခဲ့ရလို့ပါ။ အဲ့ဒီကျောင်းကနေ ပြည်လမ်းအတိုင်းအထက်ကို ဘက်စ်ကားနဲ့၁မှတ်တိုင်ဆက်သွားလိုက်တာနဲ့ ဟိုးတုန်းက အလွန်နာမည်ကြီးလှတဲ့ ဂျပ်ဆင်နဲ့အဓိပထိလမ်းတည်ရှိရာ ရန်ကုန်မြို့ရဲ့ ပထမဦးဆုံး ရန်ကုန်သက္ကသိုလ်၊ စည်ကားလှတဲ့အင်းယားကန်နဲ့လှည်းတန်းဈေးတွေ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ရမှာပါ။ လှိုင်မြစ်ဘေးမှာရှိ့တဲ့ ဆင်မလိုက်ဝတ်သတ်ရုံ၊ ကြည့်မြင်တိုင်ညဈေး၊ အင်းဂလိပ်လက်ထက်က ရထားလမ်းနဲ့ကားလမ်းကို အပေါ်အောက်သွားလို့ရအောင် ရေနုတ်မြောင်းစနစ်တွေနဲ့စနစ်တကျတည်ဆောက်လုပ်ခဲ့တဲ့ ဘားဂရာနဲ့ ၆ထပ်ကြီးဘုရားလည်း ဝေဝဠုဝန်နဲ့မနီးမဝေးမှတည်ရှိနေပါတယ်။ အဲ့ဒီဘားဂရာနားမှာ လုပ်သားကောလိပ်က ဆရာဦးအောင်မြင့်စိုးဖွင့်တဲ့ကျူရှင်ကို လုပ်သားကောလိပ်က သူငယ်ချင်းများနဲ့အတူ တက်ခဲ့ဘူးပါသေးတယ်။ ကြည့်မြင်တိုင်ညဈေးတို့ဘားဂရာတို့က ညနေပိုင်းကျနော်တို့ မကြာခဏလမ်းလျောက်သွားနေကြနေရာတွေပါ။ အထက်တန်းကျောင်းသားဘဝက အဲ့ဒီနားကကြည့်မြင်တိုင်ကောလိပ်မှာဖွင့်တဲ့ နွေရာသီပန်းချီသင်တန်းကို ဝေဠုဝန်ကသူငယ်ချင်းများနဲ့လမ်းလျောက်တက်ခဲ့ဘူးပါသေးတယ်။

 ရန်ကုန်သက္ကသိုလ်ကိုဟိုတုန်းကမိန်းလို့လည်းခေါ်ဆိုကြပါတယ်။ တခြားကောလိပ်တွေမှာ ၂နှစ် တက်ပြီးရင် အဲ့ဒီမှာပဲစုပြုံလာတတ်ကြရလို့ပါ၊ မိန်းရဲ့ဘေးမှာလှည်းတန်းဈေးနဲ့ အင်းယားကန်ကကပ်လျက် တည်ရှိနေတော့ ကျောင်းသားများဥပဟိုသွားလာနေကြပြီး လမ်းဘေးဈေးသည်တွေ၊ လိုင်းကားတွေနဲ့ ဟိုးတုန်းကတည်းက ပြည့်ညပ်စည်ကားနေတဲ့နေရာပါ။ အဲ့ဒီလူစည်ကားရာနေရာတွေဟာ ကျနော်တို့အိမ်နဲ့ မဝေးတော့ ကျနော်ငယ်စဉ်က သူငယ်ချင်းတွေနဲ့အစဉ်အမြဲအချိန်ဖြုန်းရာနေရာဆိုလည်းမမှားဘူးပေါ့။ ဝေလုဝန်တိုက်ခမ်းဟာ ရန်ကုန်မှာ စံပြအိမ်ယာအဖြစ် ပထမဦးဆုံးဆောက်လုပ်ခဲ့တဲ့အိမ်ယာစခမ်းဖြစ်ပါတယ်။ တိုက်ခမ်းအဝင်ဝမှာ တိုက်ခမ်းကိုပြုပြင်ထိမ်းသိမ်းဖို့ တိုက်ခမ်းရဲ့အိမ်ရာမှုးကနေထိုင်ပြီး အိမ်ယာကို စီမံခန့်ခွဲပါတယ်။ အဲ့ဒီမှာအိမ်ယာအတွက်အလုပ်လုပ်တဲ့ပစ္စည်းတွေထားရှိပြီး အိမ်ယာအတွက် အလုပ်လုပ်ဖို့ အလုပ်သမားများစွာကိုခန့်ထားပါတယ်။ အိမ်ယာကိုအမြဲတမ်းသန့်ရှင်းသပ်ရပ်အောင် နေ့စဉ်သန့်ရှင်းရေး လုပ်ကြပါတယ်။ ရေရရှိရေးအတွက်ဂျိုးဖြူပိုက်လိုင်းကရေနဲ့ ဆက်သွယ်ပေးထားပြီး အပေါ်ထပ်အထိ ရေရောက်အောင် ရေမျော်စဉ်ကြီးတခုကိုလည်းဆောက်လုပ်ထားပါတယ်။ လျှပ်စစ်မီးအတွက်လည်း Power station တခုကိုတည်ဆောက်ထားတာကြောင့်မီး အမြဲတမ်းလိုလိုရရှိနေတက်ပါတယ်။ တိုက်ခမ်းမှာလူပေါင်းမျိုးစုံ နေထိုင်ကြပါတယ်။ အစိုးရတိုက်ခမ်းဖြစ်တာနဲ့အညီ စစ်တပ်၊ အစိုးရအမှု့ထမ်းအရာထမ်း အကြီးပိုင်း တော်တော်များများ နေထိုင်ကြတဲ့အပြင် အောက်ခြေအငယ်တမ်း ရုံးစာရေးအခြေခံလူတန်းစားများလည်း နေထိုင်ကြပါတယ်။ အိမ်ယာရဲ့အနေအထားဟာ အလွန်လှပသေသပ်ပြီး နေချင်စဖွယ်ပါ။ ဘယ်ဘက်မှာ ရထားလမ်းကို ကာထားတဲ့ ဝါးရုံခြံစည်းရိုးနဲ့ထင်းရှူးပင်တွေကိုတန်းစီစိုက်ထားပြီး ခြံနဲ့ဝင်းနဲ့ ပုံစံမျိုးအေးချမ်းစွာ သီးသန့်နေထိုင်ကြတာပါ။ တိုက်တွေကို နှစ်လုံးခြင်းမျက်နာခြင်းဆိုင်တန်းစီ ဆောက်ထားပြီး တိုက်တန်းရဲ့ အလယ်မှာ ကားလမ်းဖောက်လုပ်ထားပါတယ်။ ကားလမ်းရဲ့ ဘေးတဘက် တချက်စီမှာ လည်းလူသွားလမ်း လုပ်ထားပြီး ကုလားတမာပင်များကို တန်းစီစိုက်ထားပါတယ်။ အဲ့ဒီနေရာက ကျနော်တို့လူငယ်တွေ လမ်းသလားရာနေရာဆိုလည်း မမှားပါဘူး။ တမာပင်ကအမြင့်၁၀ပေလောက်ပဲရှိတော့ ကျနော်တို့ငယ်စဉ်က သစ်ပင်ပေါ်တက်ကစားရာနေရာ၊ လူပျိုအပျိုပေါက်များအတွက် ပိုးပန်းရာနေရာ၊ သမီးရီးစားတွေ ချိန်းတွေ့ရာ နေရာပါပဲ။ တိုက်ပုံစံတွေက၃ထပ်ဖြစ်ပြီးတထပ်ကို ၄အိမ်ဆောက်လုပ်ထားပါတယ်။ တိုက်နှစ်လုံးကို မျက်နာခြင်းဆိုင် တန်းစီဆောက်ထားတာကြောင့် တိုက်နှစ်ခုပေါင်းရဲ့အိမ်ထောင်စုပေါင်း၂၄ မိသားစုဟာ ဆွေမျိုးသားချင်းတွေတဖွယ် နေထိုင်ကြပါတယ်။ တိုက်နှစ်လုံးရဲ့မျက်နာခြင်းဆိုင်မျက်ခင်းကတော့ ကျနော်တို့ အဓိကစုပေါင်းဆော့ကစားရာနေရာပေါ့။ ညဆိုရင်လည်းအပျိုကြီးများရဲ့ ပုံပြင်တွေသရဲအကြောင်းတွေ စတဲ့ပေါက်ကရပြောတာတွေကို နားထောင်အချိန်ဖြုန်းကြတဲ့နေရာတွေပါပဲ။ အဲ့ဒီမျက်ခင်းရဲ့ဘေး တဘက်တချက်မှာ ရေမြောင်းလေးရှိပါတယ်။ ရေမရှိတဲ့အချိန်ဆို အဲ့ဒီမြောင်းဘောင်လေးပေါ်က တမာပင် အောက်မှာ လူငယ်တွေထိုင်ပြီးဂီတာတီးသီချင်းဆိုနေကြပါ။ ဘယ်ဘက်ဝါးရုံခြံစည်းရိုးနားမှာလည်း ချင်ပေါင်ပင်တို့ ခရမ်းပင်တို့လို ရာသီလေးတွေစိုက်ကြနဲ့ပါ။ အဲ့ဒီအပင်တွေနားမှာ အားကစားလုပ်ဖို့ ဆောက်ထားတဲ့ လက်တန်းဘားမှာကျနော်လွဲဆော့ကစားရင်း ပြုတ်ကျခဲ့လို့ နှခမ်းကွဲသွားပြီး ၃ချက်ချုပ်ခဲ့ရတာ မှတ်မိနေပါသေးတယ်။ အိမ်ကိုနှခမ်းကွဲနဲ့မပြန်ရဲလို့ မျက်နာခြင်းဆိုင် တိုက်ထဲကလူတယောက်ရဲ့ အကူအညီနဲ့ဆေးခမ်းလိုက်ပြပေးပြီးမှအိမ်ပြန်ခဲ့ရတာ။ အဲ့လိုမျိုးအိမ်နီးနားခြင်းတွေ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြတာ။ အဲ့ဒီနားကထင်းရူးပင်ပေါ်တက်အတုန်းက ကိုင်းကြိုးပြီး ပြုတ်ကျလို့ အခြစ်ရာတွေနဲ့ သွေးသံသရဲရဲလည်းဖြစ်ခဲ့ဘူးပါသေးတယ်။ ဒါပေမဲ့ နောက်ပိုင်းလည်းဆက်ဆော့မြဲပါပဲ။ တိုက်ခမ်းအိမ်ယာထဲမှာရှိတဲ့ အဆင့်မြင့်အရာရှိကြီးတွေပဲဖြစ်ဖြစ်အခြခံလူတန်းစားတွေပဲဖြစ်ဖြစ် အားလုံးဟာ အဆင့်အတန်းမခွဲခြား မိသားစုတဖွယ်နေထိုင်ခဲ့ကြတာ၊ တောရွာလေးတွေမှာနေထိုင်ကြသလို ဆားငရုတ်သီး လိုအပ်နေရင်တောင် တခြားအိမ်မှာတောင်းယူသုံးစွဲပြီးရိုင်းပင်းကူညီကြတာ၊ ငယ်စဉ်က ကျနော်ဆိုရင် တိုက်ထဲကတခြားအိမ်တွေမှာခဏခဏ ထမင်းဝင်စားခဲ့ဘူးပါတယ်။ ကလေးတွေမသင့်တော်တာ လုပ်တာ တွေ့ရင်လည်းဆွေမျိုးတွေလို ပြောဆိုဆုံးမပြီးနေထိုင်ကြတာပါ။ တာကြောင့်လည်းထင်ပါတယ် ဒုစရိုက်မျိုးစုံရှိတဲ့ ကျန်တောသင်းချိုင်းနဲ့နီးကပ်နေတာတောင် ဘယ်လူငယ်မှသိပ်ပတ်သက်မှု့မရှိကြပါ။ ကျနော်တို့ သူငယ်ချင်း အသိုင်းအဝိုင်းဆို နာရေးကိစ္စကလွဲလို့အဲ့ဒီထဲတခါမှရောက်ဘူးပါ ။ ကျနော်တို့တိုက်ရဲ့ မျက်နာခြင်းဆိုင်က အပေါ်ထပ်မှာ စသုံးလုံးကညွန်မူးတို့မိသားစုနေထိုင်ပြီး ကျနော်တို့နဲ့တတိုက်ထဲကအပေါ်ထပ်မှာ နေထိုင်တဲ့ မိသားစုဆိုရင် အရင်ခေတ်ကဗိုလ်ချုပ်စောဖြူရဲ့အမျိုး နေထိုင်ကြပါတယ်။ အဲ့ဒီအချိန်က အဲ့လိုအရာရှိကြီးပိုင်း ဆိုရင် ဝိုင်းကပ်ရပ်မြှောက်စားပြီးချီးကျူးဂုဏ်ပြုနေကြတာလေ။ သူတို့ကလည်း အောက်ကလူကို မတူသလို မတန်သလို ဆက်ဆံကြတာလေ။ ဒါပေမဲ့ ဒီအိမ်ယာလေးမှာတော့ အဲ့လိုအဆင့်အတန်း ခွဲခြားမှု့တွေမရှိ ခင်ခင်မင်မင် ပေါင်းသင်းခဲ့ကြတာပါ။ ရပ်ကွက်အလိုက်စုပေါင်း ပွဲလမ်းသဘင်တွေ ကျင်းပကြရင်လည်း သိုက်သိုက်ဝန်းဝန်းကျင်းပကြတာပါ။ ကျနော်ငယ်ငယ်က တိုင်ဆောင်တိုင် ကပွဲမှာတွဲကခဲ့ဘူးတဲ့ အိမ်ရှေ့ အလယ်ထပ်က ကောင်မလေးရဲ့အမေဆိုရင် ကျနော် ရှက်တက်မှန်းသိတော့ သူ့သမီးကို ကြိုက်လားယူမလား ဆိုပြီးခဏခဏစပါတယ်။ ကျနော်ကရှက်ပြီး စိတ်ကောက်ဟန်ပြတော့ မင်းကြီးလာမှကြိုက်တယ် လာမပြောနဲ့နော် အဲ့ဒီခါဆိုမပေးစားတော့ဘူးဆိုပြီး စပါတယ်။ ကျနော်လူပျိုရွယ်ရောက်လို့ အိမ်ရှေ့အပေါ်ဆုံး ထပ်က ကောင်မလေးကိုကြိုက်တော့လည်း သူ့အမေက အိမ်ပေါ်ခေါ်ပြီး “သားစာကြိုးစား တခြားဟာတွေမစဉ်းစားနဲ့အုံး ပညာစုံတော့ သားဖြစ်ချင်တာတွေ လုပ်ပေါ့” ဆိုပြီး ကျနော့်ကို ဆွေမျိုးတဖွယ်ဆုံးမစကားပြောခဲ့ဘူးပါတယ်။ ဘေးခြင်းကပ်အိမ်မှာ ဦးမှင်ဆိုတဲ့ ရပ်ကွက်ကောင်စီ ဥက္ကဌနေပါတယ်။ သူကတကယ့်လူမှန်ကြီးပါ၊ မဟုတ်တာဘယ်တော့မှမလုပ်။ တန်စိုးလက်ဆောင် ဘယ်တော့မှမယူ။ ကျနော်တို့ကလေးတွေကတော့သူ့ကိုကြောက်ရဆုံးပါ။ ပိုက်ဆံကြေးဆော့ကစားနေလို့ သူလာပြီဆိုရင်ကစားပွဲကိုသိမ်းပြီးထွက်ပြေးကြရတာပါ။ တအိမ်နဲ့တအိမ်လည်း ကြီးကြီးကျယ်ကျယ် စကားများရန်ဖြစ်တာလည်း တခါမှမကြားဘူးခဲ့။ နိုင်ငံရဲ့စနစ်ကမကောင်းပေမဲ့ ငယ်ငယ်လေးထဲက အင်မတန်ချစ်စရာကောင်းပြီးယဉ်ကျေးတဲ့၊ အဆင့်အတန်းမခွဲခြားတဲ့ ဝေဠုဝန်အိမ်ယာကလူမှု့အသိုင်းအဝိုင်းမှာ ကျနော်ကြီးပြင်းခဲ့ရတာပါ။

ကျနော့်ဇာတိမြေဖြစ်တဲ့အမိမြေကိုပြန်မရောက်တာ ၃၆နှစ်ရှိခဲ့ပါပြီ။ တရက်ကကျနော်ပြောင်းလဲသွားတဲ့ စမ်းချောင်းမြေကိုသိချင်တဲ့စိတ်ကြောင့် ရန်ကုန်မှာရှိနေတဲ့အမကို အကူအညီတောင်းပြီး စမ်းချောင်းအိမ် ပတ်ဝန်းကျင်ကို ဓာတ်ပုံရိုက်ခိုင်းလိုက်ပါတယ်။ ကားလမ်းတွေ အဆောက်အဦးအသစ်တွေ များစွာ ပေါ်ထွက် လာတယ် ဆိုတာ ကျနော်သိထားတဲ့အတွက် အရင်ကပုံစံအတိုင်းမြင်ရဖို့တော့ မလွယ်ဘူးဆိုတာ ခန့်မှန်း မိပါတယ်။ ပြောင်းလဲသွားတာကိုမြင်ချင်ပါတယ်။ ဒါပေမဲ့ ကောင်းသောတိုးတက်ပြောင်းလွဲသွားတာကို မြင်ချင်ခြင်းပါ။ ကျနော်တို့တိုက်ခမ်းဘေးနဲ့ရထားလမ်းကိုကာထားတဲ့ ခြံဝါးရုံပင်ကြားက ကွက်လက် ကလေးကတော့ ဗဟိုလမ်းမဖြစ်သွားတယ်လို့သိထားပြီးဖြစ်ပါတယ်။ ပြီးတော့ကျနော်တို့ တိုက်ကြားထဲက တမာပင်တွေတန်းစီစိုက်ထားတဲ့နေရာမှာတော့ ဆိုင်ခမ်းတွေဆောက်ပြီး ရောင်းနေကြတယ်လို့ သိရပါတယ်။ အဲ့ဒီလမ်းထိပ်မှာရှိတဲ့ ကျန်တောသင်းချိုင်းက နောက်ပိုင်းကားပွဲစားတန်း ဖြစ်သွားတယ်ဆိုတော့ အဲ့ဒီကို ဥဗဟိုသွားလာကြတဲ့သူတွေရှိလာနိုင်ပြီး ဆိုင်ခမ်းတွေဖြစ်လာနိုင်တာပဲလေလို့ ချင့်ချိန်လိုက်မိပါတယ်။ အစိုးရအလုပ်သမားတွေက တဖြည်းဖြည်း ကျပ်တည်းလာတာနဲ့အမျှ ရတဲ့လစာနဲ့ မလောက်ငှတော့ အပိုဝင်ငွေရှာလာရတာကိုး။ အမရိုက်ပို့ပေးလာတဲ့ ဓာတ်ပုံတွေကိုကြည့်လိုက်တော့ အရင်ကတိုက်နှစ်လုံးရဲ့ အိမ်ရှေ့မျက်ခင်းပြင်ဟာ ရှင်းလင်းသူမရှိ သစ်ပင်ကြီးများ ပေါက်ရောက်နေပြီး ကားတွေဝင်ရပ်၊ အဲ့ဒီကားတွေအတွက်လုံခြုံစိတ်ချရအောင် ဂိတ်တွေကာရံနဲ့ ရှုပ်ရှက်ခပ် နေတာကို တွေ့လိုက်ရပါတယ်။ တိုက်အလယ်လမ်းမတလျောက် တန်းစီစိုက်ထားတဲ့ ကျနော်တို့တက်ဆော့ ကစားနေကြ ကုလားတမာပင်တွေ ဆိုရင်လည်း ခုတ်ထွင်ရှင်းလင်းသူမရှိ တိုက်၃ထပ်ကျော်အောင် စိုးဝါးစွာ ထိုးထိုးထောင်ထောင်  မြင့်တက်နေကြလေပြီ။ တမာပင်အောက်က ဆိုင်ခမ်းတွေဆိုရင်လည်း ဆိုင်ခမ်းရယ်လို့ မည်မည်ရရမရှိ ကပ်သပ်ပြီး ဖြစ်သလိုဆောက်ထားကြတာကို တွေ့ရှိလိုက်ရပါတယ်။ ပိုစိုးဝါးတာက တိုက်အိမ်တွေ ကိုလည်းမှီကပ်ပြီးဆိုင်ခမ်းတွေကို ဖြစ်သလိုဆောက်ထားခြင်းပါပဲ။ မီးလောင်ပြီဆိုရင်တော့ အားလုံး ပြာကျဖို့ပါပဲ။ ပြီးတော့ အမြဲသန့်ရှင်းသပ်ရပ်အောင် ထိန်းသိမ်းလာခဲ့တဲ့ အိမ်ယာဟာအမှိုက်သရိုက်တွေနဲ့ ပြန့်ကြဲနေတာကိုစိတ်မကောင်းစွာနဲ့ တွေ့လိုက်ရပါတယ်။ အဲ့ဒီအိမ်ယာရဲ့လူနေမှု့ဘဝ တစတစမွန်းကြပ် လာရတဲ့ပြရုပ်ပါပဲ။ ကားလမ်းတွေအဆောက်အဦးအမြင့်တွေ ပိုမိုဆောက်လုပ်လာတိုင်း လူမှု့ဘဝတိုးတက် လာတာမဟုတ်ဘူးဆိုတာပြနေတာပါပဲ။ တလောကလည်း ရန်ကုန်မြို့လယ်ခေါင် တိုက်ခမ်းတွေရဲ့အောက်က ၃ပေလောက်သာလွတ်နေတဲ့အဖီလေးတွေမှာ အိမ်ငှားတင်ထားကြတဲ့အိမ်ငှားဘဝတွေကို RFA က ရိုက်ကူး တင်ဆက် ထားတာကို ကြည့်လိုက်ရပါတယ်။ အဲ့ဒီမှာမတ်သတ်ရပ်လို့မရ ထိုင်ပြီးအိပ်ပြီးတော့ပဲ နေကြရပါတယ်။ အရင်ကလွတ်နေတဲ့မြေကွက်လပ်တွေမှာ နေစရာမရှိသူတွေက ဝင်ရောက်နေထိုင်ရင်း ကြူးကျော်ရပ်ကွက်ဆိုပြီး ဖြစ်ပေါ်လာရပါတယ်။ ခုတော့ အဲ့ဒီလိုနေရာတွကို အစိုးရဆိုသူတွေက သူတို့အတွက်နေရာသစ်မစီစဉ်ပေးပဲ သိမ်းယူလိုက်တော့ ရှိပြီးသားအိမ်တွေရဲ့ ရသမျှနေရာတွေမှာ ဖြစ်သလိုကျပ်သပ်နေထိုင်လာကြရပါတော့တယ်။ တပြည်လုံးလိုလို အခြေအနေမဲ့ကျူးကျော်ရပ်ကွက်တွေ ဖြစ်လာရတော့တာပါပဲ။ နိုင်ငံတိုင်းမှာအစိုးရဆိုသူတွေက အခွန်အကောက်တွေ ကောက်ခွင့်ရှိကြတယ်၊ သံရာဇာတတွေထုတ်လုပ်ခွင့်ရှိကြတယ်။ အဲ့ဒီကရတဲ့ငွေတွေနဲ့ ပြည်သူ့ဘဝအဆင်ပြေလုံခြုံအောင် ပြန်လည်အသုံးပြုကြရတယ်။ ကျနော်တို့ပြည်သူတွေဘယ်အစိုးရတတ်တက် ကိုယ်လုပ်မှကိုယ်စားရတာချည်းပါ။ မှန်ပါတယ်၊ ဒါပေမဲ့နိုင်ငံကရတဲ့ငွေတွေကို မှန်မှန်ကန်ကန်အသုံးပြုနိုင်တဲ့ အစိုးရဖြစ်ဖို့လိုပါတယ်။ အခွန်အကောက်တွေလည်းပေးရ၊ နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ဘာကြေး ညာကြေးလည်း ပေးရသေးနဲ့ ပြည်သူ့လူနေမှု့ဘဝကို တိုးတက်အောင်မစီမံထားနိုင်ဘူးဆိုရင် ဒီအစိုးရကို ဘာလို့လိုက်ပိုက်ကြည့်နေရမှာလည်း။ နံမည်ကိုဖယ်ဒရယ်အစိုးရလို့ပဲတပ်တပ် ကိုယ်ကျိုးပဲကြည့်တဲ့ အစိုးရမျိုးကိုတော့လုံးဝလက်ခံလို့မရနိုင်တော့ပါ။ကျနော်တို့ ကိုယ်လုပ်မှကိုယ်စားရတာပဲ ဆိုပြီး ဒီတိုင်းကြည့်နေခဲ့လို့အကြိမ်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာခံခဲ့ရပြီးပြီမဟုတ်လား။






 

No comments:

Post a Comment