Happy Father’s Day အဖေ

    ကျနော်တို့အဖေဟာ နူးနူးညံ့ညံ့မဆက်ဆံတက်ပါ။ သူစိတ်ဆိုးပြီဆိုရင်လည်း ဘီလူးသရဲပမာ ကြမ်းတမ်းလေ့ရှိပါတယ်။ ကျနော်တို့တွေ သူရဲ့မျက်လုံးကို ဘယ်တော့အခါမှ ရင်ဆိုင်မကြည့်ရဲခဲ့ပါ။ သူ့ရဲ့မျက်နာမှာ ဘယ်သောအခါမှ ကြင်နာရိပ်ယောင်မတွေ့ဘူးခဲ့ပါ။ အခန့်မသင့်လို့ စိတ်တိုင်းမကျရင်လဲ ဒေါသနဲ့သာ ဖြေရှင်းလေ့ရှိပြီး ဘယ်သူ့မျက်နာမှမကြည့်ပဲ စိတ်ရှိတိုင်း ပြောတတ်လုပ်တတ်သူပါ။ ကျနော်တို့ကိုစိတ်ဆိုးဒေါသထွက်လို့ အိမ်ကနှင်ချပေါင်းလည်းမနည်းတော့ပါ။ သူ့ရဲ့ကျင်ကျင်နာနာ ဆက်ဆံလေ့မရှိတဲ့အပြုအမူကြောင့် ကျနော်တို့အပေါ်မချစ်ဘူးလို့ထင်ခဲ့ဘူးပါတယ်။ တကယ်တမ်း ကျနော့်ညီအငယ်အိမ်ကထွက်ပြေးသွားတဲ့အချိန် အဖေမျက်ရည်ကျတာမြင်လိုက်ရတော့ အထူးအဆန်း ဖြစ်ခဲ့ရပါတယ်။ အဖေဟာ အရည်အချင်းရှိသူ ဖြစ်တဲ့အလျောက် အထက်ကိုအလွယ်တကူ တက်နိုင်စွမ်းရှိပေမဲ့၊ ဘယ်သူ့ကိုမှအောက်မကြို့တက်တဲ့ မာနနဲ့ဒေါသကြောင့် ဘယ်သောအခါမှ အထက်ကိုမရောက်ရှိခဲ့ပါ။     အမေပြောပြချက်အရ အမေနဲ့မရခင် အဖေကျောင်းတက်ချိန်က အဖေဟာ နမ်းခမ်းမြို့ကနေ ရန်ကုန်ကို စာတော်လို့ စကော်လားရှစ်နဲ့ ရှားရှားပါးပါးစာလာသင်ခဲ့ရသူ တစ်ယောက်လို့ သိရပါတယ်။ ကျောင်းပြီးလို့ အလုပ်လုပ်တော့ နမ္မတီးသကြားစက်မှာ အရာရှိငယ်အဖြစ်နဲ့ လုပ်ရပေမယ့် သူ့အထက်က အရာရှိနဲ့စကားများလို့ စိတ်လိုက်မာန်ပါပြန်ပြောပြီး အလုပ်ထွက်ခဲ့တယ်လို့သိရပါတယ်။ အသံလွှင့်ရုံမှာ ရှမ်းတိုင်းရင်းသားအစီအစဉ်မူး လုပ်တော့လည်း နိုင်ငံခြားပညာတော်သင်လွတ်ဖို့ လူရွေးရာမှာ အရည်အချင်းနဲ့လုပ်သက်အရ သူပါရမှာကို တခြားလူပါသွားလို့ သူစိတ်အင်မတန်ပျက်ခဲ့ဘူးပါတယ်။ သူလည်း ဖြုတ်ချင်ရင်ဖြုတ်စမ်းကွာဆိုပြီး ပညာတက်တယောက်က အောင်တန်းစရေးအဆင့်သာသာလောက်နဲ့ပဲ အထက်လူကြီးတွေကို ကလန်ကဆန် ဂွကျကျလုပ်ကိုင်လာခဲ့ပါတယ်။ ဒါကြောင့် ကြပ်တည်းနေတဲ့ မိသားစု ၈ယောက်လုံးရဲ့ စားဝတ်နေရေးအတွက် အပိုဝင်ငွေရအောင် အဖေအပြင်မှာ အလုပ်အမျိုးမျိုး လုပ်ပါတယ်။ နေပူမိုးရွာမရှောင်လုပ်တဲ့ အဲ့ဒီဒဏ်တွေကြောင့်အဖေ့ရဲ့ပုခုံးမှာ အရေခွန်တွေကွာပြီး ရဲရဲနီနေလေ့ရှိတဲ့ နေလောင်ဒဏ်တွေကို မကြာခဏမြင်ခဲ့ရဘူးပါတယ်။ ဒါတွေကြောင့်လည်း နားလည်ရခက်တဲ့အဖေ့ကို နားလည်သလိုတော့ခံစားခဲ့မိပါတယ်။ ဒါပေမဲ့သူဘယ်လောက်ပဲ ကျနော်တို့အတွက် အလုပ်လုပ်၊ ကျနော်တို့အပေါ်ဆက်ဆံတဲ့ အပြုအမူဒေါ်သများက သူ့ရဲ့မေတ္တာကို ဖျောက်ဖျက်ဖြစ်လိုက်သလိုပါ။ သူ မချစ်တတ်ခြင်းပါဆိုတာကိုတော့ နားလည်ပေမဲ့ မချစ်တတ်တဲ့သူကို ချစ်တတ်လာအောင်လည်း ကျနော်တို့ မစွမ်းဆောင်နိုင်ခဲ့ပါ။ အချိန်တန်အရွယ်ရောက်ရင် ထွက်ခွာသွားဖို့တာ စဉ်းစားမိခဲ့ကြတာပါ။ အဖေကျနော်တို့ကို ဘယ်လိုချစ်အောင်လုပ်မလဲ မစဉ်းစားမိခဲ့ပါ။ ရယူလိုခြင်းများနဲ့တာ ပြည့်နှက်နေတဲ့အချိန်မို့ ကျင်နာမှု့တွေမရတော့ ဝမ်းနည်းခဲ့ရပါတယ်။ ကိုယ်ကဘယ်လိုပေးစပ်ရမယ် ဆိုတာ မတွေးမိခဲ့ပဲ ပညာမစုံခင်၊ အတွေးမရင့်ကျက်ခင်မှာ မိဘနဲ့ဝေးရာကိုထွက်ခွာလာခဲ့ပါတယ်။ ကျနော်ဒီအတွေးတွေကို ရရှိလာတဲ့အချိန်မှာတော့ ကျနော်ဟာ အဝေးတနေရာကို ရောက်ရှိနေပါပြီ။     အဖေမရှိတော့တဲ့အချိန် ကျနော်အခုအဖေနေရာရောက်လာတော့ အဖေမလုပ်နိုင်ခဲ့တာတွေကိုအဖေ့ကိုယ်စား ကျနော်လုပ်နိုင်အောင်လုပ်ပါတယ်။ ကျနော်တို့အပေါ် အဖေချစ်မပြနိုင်ခဲ့တဲ့အကြွေးတွေအတွက် ကျနော်မိသားစုကိုပွင့်ပွင့်လင်းလင်းပဲချစ်ပြပါတယ်။ အဖေထက်သားတလ ကြီးခွင့်မရခဲ့တာကို သူတို့ရအောင်အခွင့်အရေးပေးပါတယ်။ သူတို့အမြင့်ရောက်အောင် ပုခုံးထမ်းပြီးတင်ပါ့မယ်။ ခေါင်းပေါ်တက်မှသူတို့အမြင့်ရောက်မယ်ဆို ခေါင်းခံပေးပါမယ်။ ကျနော်တို့ဟာ အကျရွယ်ရောက်လာပါပြီ။ ကျနော်အဖေ့အတွက် ဘာမှမပေးစပ်နိုင်ခဲ့တာတွေအတွက်နဲ့ အဖေကျနော်တို့အပေါ် လိုအပ်ခဲ့တဲ့မေတ္တာတွေအတွက် ကျနော်လုပ်နိုင်တာတခုက အဖေနေရာမှာနေပြီး ကျနော်တို့တမ်းတခဲ့ကြတဲ့ အဖေ့မေတ္တာကို အဖေ့ကိုယ်စား လုပ်ပေးပို့ပါ။ ကျနော်ယုံကြည်ပါတယ်၊ ကျနော့်လုပ်ရပ်အတွက် အဖေတမလွန်ဘဝမှာ ကြည်နူးနေမယ် ဆိုတာပါ။ 
    အဖေရောက်ရာဘုံဘဝမှာပျော်ရွှင်နိုင်ပါစေ။ Happy Father's day အဖေ။    ။

No comments:

Post a Comment