တမ်းတမ်းတတပုံရိပ်များ


ကျနော်က ကချင်ပြည်နယ်မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့ပေမဲ့ ၃ နှစ်သားလောက်မှာ ရန်ကုန်ကို ပြောင်းရွှေ့ခဲ့တာကြောင့်အဲ့ဒီမြို့ကို ပုံပြန်ဖော်လို့မရတော့ပေမဲ့ ကျောင်းနေခါစအရွယ်လောက်မှာ အမေရဲ့ဇာတိဖြစ်တဲ့မိုးညင်းမြို့ကို ရှင်သွားပြုတဲ့ပုံရိပ်တွေကိုတော့ အသဲထဲစွဲနေအောင်မှတ်မိနေပါတယ်။ ကျနော်တို့ညီအကိုမောင်နှမတသိုက် တရွေ့ရွေ့သွားနေတဲ့ အဝေးပြေးရထားပြူတင်းပေါက်ကနေအပြင်ကိုအငမ်းမရတိုးခွေ့ကြည့်ကြရင်းလိုက်ပါလာခဲ့ပါတယ်။ တောင်တွေချောက်ကဗားတွေ တောအုပ်ကြီးတွေကိုရင်အထူးအဆန်းတဖွယ်ငေးမောကြည့်ပြီး တယောက်နဲ့တယောက်အပြိုင်အဆိုင်လက်ညိုးထိုးပြသကြ၊ ငြင်းကြခုံကြတာဆူလို့ညံလို့။ ကျွန်းသစ်တောလို သစ်တောတန်းရှည်ကြီးတွေတွေ့ရင်အဖိုးတန်မှန်းမသိပေမဲ့ (မည့်)မောင်နှမအချင်းချင်း ငါတွေ့တဲ့ပင်စည်လုံးကပိုကြီးတယ်ဆိုပြီးပြကြကြွားကြရတာ မမောနိုင်မပမ်းနိုင်။
မိုးညှင်းမြို့မှာတောဓလေ့အတိုင်း ရှင်ပြုကြတာအတော်ကို စည်ကားသိုက်မြိုက်လှပါတယ်။ ရွာလုံးကျွတ်စုပေါင်းရှင်ပြုကြတာပါ။ ရှင်လောင်းပေါင်း ၅ဝလောက်ရှိမယ်ထင်ပါတယ်။ ရှင်လောင်းထဲမှာ ကျနော်ကအငယ်ဆုံးပါ။ ကျနော့်ကိုတော့ အဲ့ဒီရွာကဒေါ်အေးတင်တို့မိသားစုက တာဝန်ယူရှင်ပြုပေးပါတယ်။ ရှင်မပြုခင် တပတ်လောက်အလိုမှာကတည်းက အဲ့ဒီအိမ်မှာ သွားနေရပါတယ်။ သူတို့မှာ ကျနော့်ထက်၂နှစ်ခြားစီလောက်ငယ်တဲ့ သမီးနှစ်ယောက်နဲ့ သားတယောက်ရှိကြပါတယ်။ ကျနော့်ရဲ့ကစားဖော်တွေပေါ့။ သူတို့ကကျနော့်ကို ကိုကိုလို့ခေါ်ကြပြီး ကျန်သူတွေကတော့ ကျနော့်ကိုဖိုးသားလို့ချစ်စနိုး ခေါ်ကြပါတယ်။ ကျနော့်ကိုအားလုံးက သားအရင်းတယောက်လို ဝိုင်းချစ်ကြပါတယ်။ ရှင်ပြုတော့ တခြားသူများက ရှေးခေတ်နန်းတွင်းမင်းညီမင်းသားအဝတ်အစားများ ဆင်မြန်းကြပေမဲ့ ကျနော်ကိုတော့ ထူးထူးခြားခြား အခြားသူများနဲ့မတူပဲ ရှေးခေတ် ဘုရင် အဝတ်တန်ဇာပလာများ ဆင်မြန်းပေးပါတယ်။ ဘုရင်တစ်ဦးတည်းသာဝတ်ရတဲ့ အဖြူရောင် ဥသျှောင်ကိုခေါင်းပေါ်တင်လို့ ပန်းနွယ်ပန်းခတ်တွေပါတဲ့ ရွှေစလွယ်တွေ နဲ့ပေါ့။ ကျနော်က အငယ်ကလည်းအငယ်ဆုံး၊ ပုံကလည်းထူးထူးခြားခြားဘုရင်ပုံဆိုတော့ ကျနော့်ကိုအားလုံးကချစ်ကြပြီး ဟိုလူကဝိုင်းချီဒီလူကဝိုင်းချီနဲ့ပါ။ ရှင်လောင်းလှည့်တော့ ရှင်လောင်းထိုင်ဖို့ ထိုင်ခုံတွေကို တဘက်တချက်စီမှာ ဝါးလုံးနှစ်လုံးတတ်၊ ထိုင်ခုံမှာမင်းမြောက်တန်စာတွေဆင်ပြီး လူ၄ယောက်ကဝိုင်းမကာ ရွာရိုးတလျှောက်ပတ်ကြပါတော့တယ်။ များပြားလှတဲ့ရှင်လောင်းလိုင်းနဲ့ ကွမ်းတောင်ကိုင်ဆွမ်းတော်ကိုင် လူအုပ်တန်းကြီးဟာ မြိုးညင်းမြို့ တမြို့လုံးကို ပြည့်နက်သွားစေခဲ့ပါတယ်။ လမ်းတရှောက် အိုးစည်ဗုံပေါင်းတီးခတ်သံတွေနဲ့အတူ ထိုင်ခုံပေါ်မှာ လှုပ်လိလှုပ်လဲ့နဲ့ လူတကာခေါင်းပေါ်ကနေသွားနေရတော့ ကျနော်တို့ရှင်လောင်းတွေမှာ ပျော်ရွှင်ခြင်းများနှင့်အတူ ရင်တုန်ပန်းတုန်ပေါ့။ နောက်ဆုံး မိုးညင်းမြို့ကတခုတည်းသာရှိတဲ့ ဘုန်းကြီးကျောင်းမှာရှင်ပြုပွဲကိုအဆုံးသတ်ပြီး ကိုရင်ဝတ်ကြပါတယ်။

ထူးထူးခြားခြားအမှတ်ရစရာတခုအနေနဲ့ ဘုန်းကြီးကျောင်းဆောင်မှာ ကိုရင်ဘဝနဲ့ညအိပ်တော့ အိမ်မက်တခုမက်ပါတယ်။ အဆောင်မှာကိုရင်တွေက များလွန်းတော့ တန်းစီပြီးအိပ်ရပါတယ်။ အိမ်မက်ထဲမှာ ကျနော်က အိမ်သာအရမ်းသွားချင်ပြီး အိမ်သာကိုထရှာပါတယ်။ အဲ့ဒီအချိန်မှာ ကျောင်းက ကိုရင်တပါးနဲ့တွေ့ပြီး အဲ့ဒီထောင့်မှာပါလို့ အဆောင်ရဲ့အတွင်းထောင့် တနေရာကိုလက်ညိုးထိုးပြီပြောပါတယ်။ အဲ့ဒီနေရာမှာ အပေါက်တပေါက်ရှိနေပါတယ်။ ကျနော်လည်း ကိုရင်ပြောတဲ့အတိုင်း အဲ့ဒီမှာပဲကစ္စပြီးလိုက်ပါတယ်။ ဒါဟာအိမ်မက်ထဲမှာဖြစ်ပျက်နေတာပါ။ မနက်ရောက်တော့ အဲ့ဒီနေရာမှာ မစင်ပုံတပုံရှိနေပါတယ်။ အိမ်မက်ထဲကအတိုင်း အပေါက်တော့မရှိပါ။ ကျနော့်ကိုအဲ့ဒီနေရာမှာပါဖို့ပြောတဲ့ကိုရင်ကိုလဲရှာမတွေ့ပါ။ ကျနော့်မှာလဲတကယ်ပဲ မစင်တချို့ပေကျန်နေတာကြောင့် အတွေးသိပ်မရှိတတ်သေးတဲ့အရွယ်ဆိုတော့ ကိုယ့်ကိုကိုယ်စဝေစဝါဖြစ်ရင်း မစင်ကို ရေဆေးသိမ်းလိုက်ပါတယ်။ ဒါနဲ့ပဲရှင်ပြုပွဲပြီးလို့ပြန်ဖို့အချိန်ရောက်တော့ ဒေါ်အေးတင်တို့မိသားစုက ကျနော့်ကိုအရွယ်ရောက်ရင်ပြန်လာခဲ့ဖို့မှာလိုက်ပါတယ်။ ကလေးအရွယ်မှာ ခပ်ဝေးဝေးခရီးသွားတာဒီတခါတာရှိဘူးတာမို့ မိုးညင်းမြို့ရဲ့ ချစ်စရာဓလေ့လေးတွေကို ဘာမှသိပ်မသိတက်သေးတဲ့ကလေးအရွယ်ဖြစ်ပေမယ့် ရင်ထဲမှာမှတ်မှတ်ရရကိုမှတ်မိသိရှိနေတာပါ။

ဒီလိုနဲ့ အရွယ်ယောက်လို့ အလုပ်လုပ်ရင်းလုပ်သားကောလိပ်တက်နေချိန် ကျနော့်အသက် ၂၃နှစ် အရွယ် ၈၈အရေးအခင်းမကျရောက်ခင်အချိန်လောက်မှာ အမေနဲ့ကျနော်နှစ်ယောက်တည်း မိုးညင်းမြို့ကို ဒုတိယအကြိမ်ခြေချဖြစ်ပါတယ်။ ဒီတခါမိုးညင်းမြို့ကိုသွားတာတော့ အရင်လိုလှုပ်လိလှုပ်လဲ့ရထားနဲ့မဟုတ်တော့ပဲ အမြန်ရထားနဲ့သွားပါတယ်။ လယ်ကွင်းပြင်ကြီးတွေ မြို့တွေကိုဖြတ်သွားရင် ဒါကဘယ်လိုနေရာ၊ အရင်ကဘာတွေရှိခဲ့တာ၊ အခုဘယ်လိုပြောင်းလဲသွားတာ၊ ဆိုပြီးအမေကရှင်းပြပါတယ်။ တောင်အတတ်ချောက်ကဗားကြီးဘေးကနေသွားရတဲ့အခါအမေက “အစကဒီနေရာမှာရထားအပေါ်ကိုမတက်နိုင်လို့ နောက်ထပ်ရထားခေါင်းတွဲတစီးကိုအချိန်အကြာကြီးစောင့်ခဲ့ရတာ” စသဖြင့်ပေါ့။ အမေပြောမှအရင်က မဆုံးနိုင်တဲ့ သစ်တောအုပ်ကြီးတွေမှာ ပြားအုံကြီးတွေတည်ကပ်နေတာတွေ့ရင် သူ့ထက်ငါအရင် လက်ညိုးထိုးပြီး ညီအကိုအချင်းချင်းအပြိုင်အဆိုင်ကြွားခဲ့ကြတာတွေ ပြန်သတိရနေမိပါတော့တယ်။ အရင်တချိန်က ရထားလမ်းတလျောက် ဟိုဘက်ဒီဘက် ကပ်ပြီးပေါက်နေတဲ့ ကြီးမားကြယ်ပြောလွန်းတဲ့ ကျွန်းပင်တောကြီးတွေ၊ တောတောင်စိမ့်စမ်း နွယ်ပန်းသစ်ပင်တွေ အုပ်စုလိုက်ဟိုဒီပြန်ဝဲနေကြတဲ့ကျေးငှက်သာရကာတွေလည်းမတွေ့ရတော့။ ငယ်ငယ်ကလို လက်ညိုးထိုးစရာပျားအုံမဆိုထားနဲ့ ပြားအုံတွယ်နေနိုင်ဖို့သစ်ပင်ကောင်းကောင်းကိုမတွေ့ရတော့။ ငယ်စဉ်ကတကြိမ်တခါတာမြင်တွေ့ခဲ့ရဘူးပေမဲ့ ကျနော်တကယ်ပဲ လွမ်းလွမ်းဆွေးဆွေးကြီးကို တမ်းတသတိရနေမိပါတယ်။ အရင်တုန်းကရထားလမ်းတလျောက် စိမ်းလန်းစိုပြေနေတဲ့ တောအုပ်တွေကြားထဲမှာ ရွာတွေမြို့တွေကို မြင်တွေ့ခဲ့ဘူးပေမဲ့ ဒီတခါတော့ မြို့တွေရွာတွေဟာနွေခေါင်ခေါင်မှာအကာအကွယ်မဲ့နေတဲ့ သဲကဏ္ဍာရထဲ ရောက်နေရသလို။ မိုးညင်းမြို့ကိုရောက်တော့ အမေ့ရဲ့တဦးတည်းသောအမဖြစ်တဲ့ အမေကြည်တို့အိမ်မှာတည်းပါတယ်။ သူတို့ကမောင်နှမတွေသိုက်သိုက်ဝန်းဝန်းနဲ့ ပျော်ပျော်ပါးပါးနေထိုင်ကြရသူတွေဖြစ်တယ်။ သူတို့မှာ သမီးမိန်းခလေး၆ယောက်နဲ့ သားယောက်ကျားလေးနှစ်ယောက် အားလုံးမိသားစု ၁ဝယောက် ခြေတံရှည်အိမ်ကြီးမှာ စုပေါင်းနေထိုင်ကြတယ်။ ကျနော် တမ်းတမ်းတတမှန်းဆခဲ့ဘူးတဲ့ နွေးထွေးဖော်ရွေမှု့တွေ ကျင်နာယုယမှု့တွေ ပြည့်ဆုံလှတဲ့ မိသားစုမျိုးကိုအဲ့ဒီမှာတွေ့ခဲ့ရပါတယ်။ မနက်မိုးလင်းတယ်ဆိုရင်ပဲမြူနှင်းတွေဝေနေတဲ့ကြားထဲမှာ သားသမီးတွေခြံရံလို့ ခြေတန်ရှည်အိမ်အောက်မှာ ခေါ်ပုတ်ထောင်းကြပါတယ်။ လုံးပတ်၁ပေကျော်လောက်ရှိမဲ့ သစ်လုံးရှည်ကြီးကို တဖက်ကထောင်းတံတခုကိုတပ်ထားပြီး အခြားတဖက်မှာ လူနင်းပြီးထောင်းလို့ရအောင် လက်ကိုင်တန်းတွေဘာတွေနဲ့ အသေအချာ စည်မံထားတာပါ။ တယောက်ကလက်ကိုင်တန်းဖက်ကနေ စည်းချက်ကျကျနင်းပြီး အခြားတယောက်ကထောင်းနေတဲ့တွင်းထဲကို လက်နဲ့နှိုက်ပြီကောက်ညှင်းကိုလှန်ပြီးနယ်ပေးရပါတယ်။” ဒုတ်ကလဲ့ ဒုတ်ကလဲ့” ဆိုတဲ့စည်းချက်သံနဲ့အတူ တဖက်ကစည်းချက်ညီညီ တချက်ခြင်း ခြေတဖက်တင်ပြီး နင်းတဲ့ဟန်နဲ့ မောင်းတံအကြွမှာလက်နဲ့နှိုက်ပြီးနှယ်တဲ့အမှုအရာဟာ ကြည့်လို့ပင်ကောင်းသေးတော့။ ကျနော်ကလုပ်မယ်ဆိုတော့လည်း ထိခိုက်မိမှာဆိုးလို့ ပေးမလုပ်။ အဲ့ဒီကရတဲ့ကောက်ညင်းတွေကိုမီးလင်းဖိုကြီးထဲမှာ မီးကင်ပြီး ကောက်ညှင်းအချပ်ကဖောင်းကြွလာတော့မှ ပူပူနွေးနွေးထုတ်စားကြရပါတော့တယ်။ စားပြီးတော့ အခြားခြံတခြံမှာစိုက်ထားတဲ့စပယ်ပန်းတွေကိုကျနော်တို့မောင်နှမတွေ သွားခူးကြပါတယ်။ ခူးလာတဲ့စပယ်ပန်းတွေကိုအိမ်မှာကြိုးနဲ့တီပြီး မုန့်ဖိုးလိုချင်တဲ့သူတွေက စျေးမှာသွားရောင်းကြပါတယ်။ ကိုယ်ရောင်းကိုယ်ယူပေါ့။ ချစ်စရာအလွန်ကောင်းတဲ့ ဓလေ့လေးတွေမွေးဖွားပေးထားတဲ့ ဦးကြီးနဲ့အမေကြည်တို့လိုမိသားစုမျိုး ကျနော်အဲ့ဒီကစပြီးတမ်းတခဲ့မိတယ်။ ကျနော်သွားတဲ့အချိန်ကကျောင်းကလဲ ပိတ်ထားတဲ့အချိန်ဆိုတော့ မောင်နှမတွေနေ့တိုင်းတစုတစည်းနဲ့ပေါ့။ မိုးညင်းမြို့နဲ့မြစ်ကြီးနားမြို့ကို ရထားအခေါက်ခေါက်အခါခါ အလကားရလို့ ကျနော်တို့မောင်နှမတွေ လိုက်စီးကြတာလဲမမောနိုင်၊ ကျနော့်ကို ရန်ကုန်မြို့ကြီးကလာတဲ့ရန်ကုန်သားဆိုပြီး လာမိတ်ဆက်ကြ လာမေးကြတဲ့သူတွေကလဲမနဲ၊

ကျနော့်ကိုရှင်ပြုပေးခဲ့တဲ့ ဒေါ်အေးတင်တို့မိသားစုကိုလည်း သွားတွေခဲ့ပါသေးတယ်။ ကလေးအငယ်၂ယောက်က ကျနော်ကိုမမှတ်မိပေမဲ့ အကြီးမလေးကကျနော့်ကိုမှတ်မိပြီး ကျနော့်နားကမခွာတော့ပေ။ သူကအထက်တန်းကျောင်းသူဖြစ်နေပေမဲ့ စကပ်ကလေးနဲ့ ကလေးဆန်ဆန်နေထိုင်တုန်းရယ်။ ကျနော့်ကို သူ့အကိုအရင်းကဲ့သို့ လျှောက်ခေါ်သွားပြီး သူ့သူငယ်ချင်းမိတ်ဆွေများနဲ့ ရန်ကုန်ကသူ့ကိုကိုဆိုပြီး လိုက်မိတ်ဆက်ပေးပါတော့တယ်။ သူကသွက်သွက်လက်လက်လေးဆိုတော့ ငယ်ရွယ်ပေမဲ့အသိအကျွမ်းကများများရယ်။ ကျနော့်မှာသာချာလည်ချာလည်နဲ့ သူခေါ်ရာပါနေရပါတယ်။ တရက်ကျနော် နဲ့သူအပါအဝင်မောင်နှမတွေစုပြီးရုပ်ရှင်သွားကြည့်ကြတော့ကျနော်ကကျနော့်မောင်နှမဝမ်းကွဲတစ်ချို့နဲ့ကပ်ထိုင်ပြီးသူနဲ့အချို့အနောက်ခုံမှာထိုင်ရတော့ ငိုနေလို့သွားချော့ရတာမှတ်မိနေပါသေးတယ်။ကျနော့်မောင်နမဝမ်းကွဲများက သူအဲ့လောက်အထိကလေးဆန်တာကြည့်မရလို့လားမသိ “ကိုလေး သူ့ကိုကြည့်လဲပေါင်းအုံး ကိုလေးကပြန်ရမဲ့လူ တော်နေအပြောခံနေရအုံးမယ်” လို့သတိပေးတားဆီးကြပါသေးတယ်။ ကျနော်ကအလည်လာတဲ့သူဆိုတော့လည်း အချိန်တန်တော့ အိမ်ပြန်ချိန်ရောက်လို့လာခဲ့ပါတယ်။ ဒါတောင်အလုပ်ကခွင့်တလယူခဲ့တာ နောက်ထပ်တလကျော်ကြာအောင် နေဖြစ်လိုက်ပါသေးတယ်။ (အလုပ်ပြန်ရောက်တော့ ခွင့်ကျော်နေခဲ့လို့ အချုပ်တပတ်နေခဲ့ရပါသေးတယ်) ကျနော်ပြန်တော့မယ်ဆိုတော့သူကငိုမဲ့မဲ့ရယ်။ သူရန်ကုန်ကိုရောက်အောင်လာခဲ့မယ်လို့ ကျနော့်ပြောဖြစ်အောင်ပြောလိုက်ပါသေးတယ်။ ကျနော်ပြန်မဲ့နေ့မှာတော့ အားလုံးရထားဘူတာရုံကိုတစုတဝေးကြီးလိုက်ပို့ကြပါတယ်။ ရထားအထွက် သူတို့တန်းစီရပ်နေရာကနေ တန်းထားတဲ့လက်တွေကို ရထားပြူတင်းပေါက်ကတဆင့် ကျနော့်လက်နဲ့ရိုက်ခတ်နှုတ်ဆက်ရင်း တရွေ့ရွေ့ထွက်ခွာလာတဲ့ရထားနောက်ပါခဲ့ရပါတယ်။ ဒါဟာကျနော့်အတွက်မိုးညင်းမြို့ကိုအပြီးတိုင်နူတ်ဆက်ခြင်းဆိုတာ အဲ့ဒီတုန်းကမသိခဲ့ပါ။        ။


No comments:

Post a Comment