အဓိပ္ပါယ်ရှိသောနေ့ရက်များ (လုပ်သားကောလိပ်)

ဘဝတစ်ခုမှာအနှစ်သာရမရှိပဲ လျှောက်လှမ်းရတာဟာ အဓိပ္ပါယ်မဲ့ပြီး အင်မတန်ပျင်းရိငြီးငွေ့ဖွယ် ကောင်းလှပါတယ်။ ကျနော်တို့တွေအဓိပ္ပါယ်မဲ့စွာ ဖြတ်သန်းခဲ့ဘူးသလို အဓိပ္ပါယ်ရှိရှိလည်း ဖြတ်သန်းခဲ့ကြဘူးပါတယ်။ ဘာရည်ရွယ်ချက်မှမထားနိုင်၊ ဘယ်ရောက်လို့ဘယ်ပေါက်မှန်းလည်း မသိပဲနဲ့ ဘဝပင်လည်ကြီးကို ဖြတ်သန်းကူးခပ်နေတာခြင်းဟာ အဓိပ္ပါယ်မဲ့ခြင်းပါပဲ၊ တနည်းအားဖြင့် အနှစ်သာရကင်းမဲ့ခြင်းပါပဲ။

ကျနော်၁ဝတန်းအောင်ပြီးလုပ်သားကောလိပ်မှာ Psychology ကိုရွေးချယ်တက်ခဲ့မိခြင်းဟာ ကျနော်ဘဝရဲ့ထူးခြားတဲ့ပြောင်းလဲမှု့ကြီးတခုပါ။ ၁ဝတန်းမအောင်ခင် ကာလတလျှောက်လုံး အဖေ့ထက်သားတလ ကြီးခွင့်မရတဲ့ဘဝမှာနေ၊ ဆရာဆရာမတွေရဲ့ ခေါက်ရိုးကြိုးနေတဲ့ ပုံစံခွက်ထဲကအတိုင်း နေထိုင်လာခဲ့ရတာပါ။ ၏သည်မရွေး၊ အတွန့်မတက်၊ ပြောတဲ့အတိုင်း လုပ်နိုင်သူတဲ့သူ လူတော်သတ်မှတ်တဲ့ခေတ်ဆိုတော့ အားလုံးက ပုတ်သင်ညိုဘဝကို သာယာနေခဲ့ကြတာ မဟုတ်လား။ တကယ်တော့ ထားရာနေစေရာသွားဘဝဟာ မိမိကိုယ်ပိုင်ဘဝကို ရုပ်သေးရုပ်လို တပါးသူကထိန်းချုပ်ပြီး ကြိုးကိုင်လှုပ်ရှားစေခြင်းပါ။ ကျနော်တို့တွေ အနှစ်သာရမဲ့ အဓိပ္ပါယ်မဲ့ဘဝတွေနဲ့ ဖြတ်သန်းကြီးပြင်းခဲ့ရတာပါ။ လုပ်သားကောလိပ်မှာတော့ အဲ့ဒါတွေရဲ့တခြားတဖက်မှာပါ။ ကျောင်းစစတက်ခြင်းမှာပဲ Fresher Welcome ဆိုပြီးကျောက်တန်းရေလည်ဘုရားကို သွားကြပါတယ်။ ကျနော်တို့ကိုသင်တဲ့ Psychology ဌာနမူး ဆရာဦးကိုလေး ကိုယ်တိုင် ဂီတာယူလာပြီး ဦးဆောင်ဖျော်ဖြေပါတယ်။ ဆရာကဂီတကိုမြတ်နိုးသူပါ။ သူကိုယ်တိုင်သီချင်းရေး၊ သူကိုယ်တိုင်သံစဉ်ရှာပြီး ဘဝကိုကြည်နူးစွာဖြတ်သန်းနေသူပါ။ ဖော်ရွေတဲ့ဆရာတစ်ယောက်ဖြစ်တာနဲ့အတူ အဲ့ဒီပွဲမှာ သူကိုယ်တိုင်စပ်လာတဲ့ မိတ်ဆက်သီချင်းနဲ့ တစ်ယောက်ချင်းကို မိတ်ဆက်ပါတော့တယ်။ အားလုံးကဝိုင်းကြီးပတ်ပတ်ထိုင်၊ ဆရာကအလည်ကနေ လှည့်လည်ဂီတာတီးဆိုရင်း တစ်ယောက်ခြင်းရဲ့ရှေ့မှာဒူးကွေးထိုင်ချလိုက်ပြီး  “ ---နာမယ် - ဘယ်လို - ခေါ်ပါ - သလဲ” ဆိုပြီးသီချင်းသံစဉ်နဲ့မေးပါတယ်။ ကျနော်တို့ကသံစဉ်အတိုင်း “မောင်- သက် - လွင်” လို့ဆိုပြီးမိတ်ဖွဲ့ရပါတယ်။ ဆရာကတစ်ဆက်တည်း “လာ ာ ာ- - -လာလာလာ- လာ့လာ- လာ ာ- လ-လာ” လို့ ဆက်ဆိုပြီးတစ်ခြားကျောင်းသားတစ်ယောက်ခြင်းစီကိုဆက်သွားရင်းအားလုံးကုန်သည့်အထိမမောနိုင်မပန်းနိုင်ဖျော်ဖြေပါတယ်။ ဆရာဦးစိန်လွင်ဆိုရင်လည်း “မင်းတို့တွေ ဟိုဖက်ကိုမသွားမိစေနဲ့နော် အဲ့ဒီမှာထန်းရည်ဆိုင်ရှိတယ်” ဆိုပြီးသတိပေးတော့၊ အားလုံးက “ဟေး- ကျေးဇူးပဲဆရာ” ဆိုပြီး အဲ့ဒီနေရာကို  ချက်ချင်းပြေးသွားကြတာကို ဆရာက “ဒီကောင်တွေ ခက်တော့တာပဲ”ဟု ပြုံးပြုံးကြီးကြည့်ရင်း ပြောဆိုခဲ့တာတွေဟာ ကျနော်တို့အတွက် ရင်းနှီး နွေးထွေးစွာကြိုဆိုခြင်းနဲ့ အတူ တန်းတူအသိအမှတ်ပြုခြင်း ရဲ့သင်္ကေတတွေပါ။ (အဲ့ဒီထန်းရည်ကလည်း ဘယ်လောက်သောက်သောက်မမူးပဲ ဆီးသာခဏခဏ သွားနေရလို့ ဆရာကကျန်းမာရေးနဲ့ညီညွတ်အောင် ဝမ်းရှင်းခိုင်းတာကိုး ဆိုပြီးပြောဆိုရီမောကြပါသေးတယ်)

ဖလော်ဆော်ဖီဆရာဦးအောင်မြင့်စိုးဆိုရင်လည်း သူဖွင့်ထားတဲ့ကျူရှင်ကို ပိုက်ဆံမပေးနိုင်လဲရှိသလောက်ပဲပေး ဆိုပြီး လာတက်ဖို့ အမြဲတိုက်တွန်းနေတတ်သူပါ။ သူကလည်းဟာသများနဲ့ရောနောသင်တတ်သူမို့ သူ့ရဲ့စာသင်ခန်းဆိုရင်လည်းအမြဲပြည့်လျှံနေတတ်ပါတယ်။ ကျနော်တို့အတန်းကိုသင်ကြားသော ဆရာဦးကိုလေး၊ ဆရာဦးမောင်မောင်၊ ဆရာဦးစိန်လွင်၊ ဆရာဦးအောင်မြင့်စိုး စတဲ့စတဲ့ ဆရာတွေအားလုံး ပညာသင်ရခြင်းကြောင့်စိတ်ညစ်စေရခြင်းမျိုးမရှိစေရပဲ၊ ပညာကိုစိတ်လိုလက်ရသင်ချင်စိတ်ရှိအောင် ဦးဆောင်လမ်းပြခဲ့ကြသူကြီးပါ။  စာသင်ခန်းထဲကျတော့လည်း အရင်ခေါက်ရိုးကျိုးသင်နေတဲ့ အလေ့အထအတိုင်းမဟုတ်ပဲ ဆွေးနွေးခန်းတစ်ခုတဖွယ် အပြန်ပြန်အလှန်လှန်ဆွေးနွေးတိုင်ပင် ပြောဆိုကြတာပါ။ စာသင်ချိန်တိုင်း တဝါးဝါးတဟားဟားနဲ့မို့ ဘေးလူတွေကတောင် လာလာနားထောင်ကြရတဲ့အထိပါ။ လုပ်သားကောလိပ်က ဆိုက်ကိုကလပ် ဆိုရင် တကယ့်ကိုနာမည်ကြီးပြီး လူတိုင်းစိတ်ဝင်စားတဲ့ အတန်းဖြစ်ခဲ့ပါတယ်။ စာမေးပွဲဖြေဆိုမယ်ဆိုရင်လည်း ဆရာတွေက ၏သည်မရွေးဖြေဆိုတာကိုမကြိုက်ပါ။ မိမိအိုင်ဒီယာနဲ့ပြင်ပဗဟုတုတတွေကော ရောနောဖြေဆိုဖို့ အမြဲတိုက်တွန်းတတ်သူတွေပါ။ ဆရာဦးကိုလေးဆိုရင် သူ့အိမ်ကစာအုပ်တွေကိုလာဖတ်ကြဖို့ ပြောနေကြပါ။ ဒါကြောင့်လည်း ကျောင်းပိတ်ရက် အားတယ်ဆိုရင် ကျနော်တို့သူငယ်ချင်းတွေ မင်္ဂလာဒုံမှာရှိတဲ့ ဆရာ့အိမ်ကို သွားရောက်လည်ပတ်ပြီး ပျော်ပျော်ကြီးဒုက္ခပေးကြတဲ့အထိပါ။ ဘိုတစ်ထောင်နဲ့ မင်္ဂလာဒုံကောလိပ်ပေါင်းစုံ မာရသွန်ပြေးပွဲမှာတုန်းကလည်း အတန်းထဲက ယောက်ကျားလေး အားလုံးလိုလိုလောက် ဝင်ပြိုင်တော့ ဆရာကလက်ဘက်ရည်ဆိုင်ခေါ်သွားပြီး အားလုံးကိုမညီးမညူကျွေးမွေးတာ၊ စနေနေ့တိုင်းမိန်းထဲမှာပြုလုပ်တဲ့ ဆိုက်ကိုပလက်တီကယ်ဆိုရင်လည်း တော်တော်နဲ့အိမ်မပြန်ချင််ကြသေးပဲ အချိန်ဆွဲပြီးရှုပ်ကြတာ စတဲ့စတဲ့ ကျနော်တို့ပေးတဲ့ဒုက္ခတွေကို ဆရာများကလည်း ကျေကျေနပ်နပ်ကြီး ခံယူကြတာပါ။၊ ကျနော်ပြောချင်တာက လုပ်သားကောလိပ်ဟာ ဆိုးရိမ်ကြောင့်ကျစိတ်တွေနဲ့ မွန်းကြပ်စွာသင်ယူလာခဲ့ရတဲ့ ပုံစံခွက်ထဲကအတိုင်း ရှိမနေပဲ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်နိုင်တဲ့နေရာပါ။  ကျောင်းသားနဲ့ဆရာသသားထဲ ရင်းရင်းနှီးနှီး ပျော်ပျော်ပါးပါး ပညာသင်ယူနိုင်ပြီး မိဘရင်းချာလိုကျင့်သုံးနေထိုင်သူ ဆရာများရှိတဲ့ ကျနော်တို့ရဲ့ အမိတက္ကသိုလ်စစ်စစ်ပါ။ ဒါကြောင့် အနစ်သာရပြည့်ပြည့် အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းခဲ့ရတဲ့နေ့ရက်တွေအဖြစ် သတ်မှတ်ပြောဆိုရခြင်းပါ။ နောက်ဆုံး ကျနော်တို့ကို တသက်တာလုံးရုပ်သေးရုပ်လို ကြိုးကိုင်ချယ်လှယ် အုပ်ချုပ်လာခဲ့တဲ့ စစ်အာဏာရှင်ကို တော်လှန်ကြတာတောင် ဆရာကောကျောင်းသားပါ ညီညာစွာလက်တွဲပြီး တိုက်ထုတ်ခဲ့ကြတာပါ။ ကျနော့်ဘဝအတွက် ဘယ်တော့မှမေ့မပျောက်နိုင်တဲ့ ကျနော့်ရဲ့ဘဝတူ၊ ခံစားချက်တူ၊ သူငယ်ချင်းတွေတွေ့ဆုံရာနေရာ၊ ပြီးတော့ ငယ်ရွယ်သူတိုင်းတွေ့ကြုံခံစားရနိုင်တဲ့ နှလုံးသားရှင်သန်ဖူးပွင့်ရာနေရာလည်း ဒီလုပ်သားကောလိပ်မှာ ဖြစ်တည်ခဲ့ပါတယ်။


နောက်တခုချန်ထားလို့မဖြစ်တဲ့သူကတော့ ဆုံးပါးသွားပြီဖြစ်တဲ့ ကျနော်တို့သူငယ်ချင်း ကိုအောင်ကြည်ဦးပါ။ သူက အတန်းထဲမှာ အမေးအမြန်းထူပြီး ဒဿနိကဆန်ဆန် အပြောဆုံးပါ။ ပေါက်ပေါက်ရှာရှာမေးပြီး ဒဿနိကဆန်ဆန်ပြောလွန်းလို့ သူ့ကို ရှေးတုန်းကဒဿနိက ဗေဒပညာရှင်တစ်ယောက် နာမည်အတိုင်း ကျနော်တို့က အတိုကောက် ဆိုးဖစ်လို့ ခေါ်ကြပါတယ်။ သူက အတန်းထဲမှာဖျော်ဖြေရေးတာမက အပြင်မှာခင်မင်တဲ့ကျနော်တို့ကို လိုက်ကြပ်နေကြပါ။ ဆိုင်မှာသူကျွေးမလိုလိုနဲ့ အကြောင်းတစ်ခုခုပြပြီးလစ်ပြေးတာတို့၊ မဟုတ်တန်းစကားပြောပြီး ချွန်တုန်းလုပ်တာတို့အလွန်ဝါသနာပါသူပါ။ မှတ်မိပါသေးတယ်။ သူ ကောင်မလေးတွေခေါ်လာပြီး “ကိုသက် လဘက်ရည်ဆိုင်သွားရအောင်” ဆိုပြီး လာခေါ်လို့ လိုက်သွားမိတာငါးပါးမှောက်တော့မလို့၊ “ကျနော့်မှာပိုက်ဆံသိပ်မပါဘူးနော်” လို့ကပ်ပြောတာတောင် “လာစမ်းပါ” ဆိုပြီး ပါသွားမိတယ်။ နောက်တော့သူလည်း အတန်းထဲမှာဘာကျန်ခဲ့လို့ဆိုလား သွားယူလိုက်အုံးမယ်ဆိုပြီး ပြန်ပေါ်မလာတော့။ ကျနော်လည်းကြံရာမရဖြစ်ပြီး “ကိုအောင်ကြည်ဦးကိုလိုက်ကြည့်လိုက်အုန်းမယ်” ဆိုပြီးအတင်းထွက်လာခဲ့တယ်။ “နင်လဲပြန်လာမနေပါနဲ့” ဆိုပြီး ဝိုင်းဟားကြလို့ မကြားချင်ယောင်ဆောင်ပြီး လစ်လာခဲ့ရတယ်။ နောက်မှသိရတာက သူတို့တွေတိုင်ပင်ပြီး ကျနော့်ကိုလာကြပ်ကြကြောင်းပြောပြီး ခွက်ထိုးခွက်လန်ရီတော့တာပါပဲ။

သူ့ကြောင့်လည်း ကျနော်တို့တကယ့်ကို ပြောမနာဆိုမနာ ရင်ချင်းကပ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဖြစ်ခဲ့ရတယ်ဆိုရင် မှားမည်မထင်ပါ။ နောက်ဆုံးအသက်ခြင်းထပ်၍ စစ်အာဏာရှင်ကို တော်လှန်တဲ့အထိ စိတ်တူကိုယ်တူလက်တွဲခဲ့ကြတာပါ။ သူကပေါက်တတ်ကရ ပြောတတ်တော်လည်း တကယ့်စေသနာမှန်နှင့် အလုပ်လုပ်တတ်သူမို့ လုပ်သားကောလိပ်သမဂ္ဂထောင်တော့ အားလုံးကယုံကြည်စိတ်ချစွာ သူ့ကို ဥက္ကဌအဖြစ် တင်မြှောက်ခဲ့ကြတာပါ။  စစ်အာဏာရှင်တွေကို ဖြုတ်ချဖို့ဆန္ဒပြတော့လည်း လုပ်သားကော်လိပ်အဖွဲ့ကို သူပဲရဲရဲဝင့်ဝင့်ဦးဆောင်ခဲ့တာပါ။ အစာငတ်ခံဆန္ဒပြတာတွေ မြေအောက်တော်လှန်ရေးဖွဲ့စည်းတာတွေ စစ်တပ်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တာတွေအားလုံး သူပဲဦးစီးလုပ်ကိုင်ခဲ့တာပါ။ တရက် ကျနော့်ကို မြေအောက်တော်လှန်ရေးအဖွဲ့မှာပါဖို့ ကျနော့်ကိုလှို့ဝှက်အစည်းအဝေးကို ခေါ်သွားပြီးမိတ်ဆက်ပေးပါတယ်။ ကျနော်က စစ်တပ်ကဆိုတာကိုတော့ လျှို့ဝှက်ထားခဲ့ပါတယ်။ အဲ့ဒီထဲမှာ ဘယ်သူတွေပါဝင်လည်းတော့ မမှတ်မိတော့ပါ။ အားလုံး၆ယောက် ရယောက်လောက်တော့ရှိပါတယ်။ ကျနော်ကလူစိမ်းဆိုတော့ အားလုံးကကျနော့်ကို မယုံသင်ကာမျက်လုံးများနဲ့ ကြည့်ကြပြီး အမေးအမြန်းထူနေတာကြောင့် ကျနော်က စိတ်မရှည်တော့ပဲ စစ်တပ်ကဆိုတာကို ပြောမိတော့မလို့ ဖြစ်နေတုန်းမှာပဲ ကိုအောင်ကြည်ကချက်ချင်းတားပြီး “သူ့ကိုယုံတယ်ဆိုရင် ကျနော့ကိုလည်းယုံဖို့” ပြောပြီး ကျနော်စကားမလွန်ဖို့ တားခဲ့ပါသေးတယ်။ နောက်ပိုင်းအဲ့ဒီထဲက မြေအောက်တော်လှန်ရေးဥက္ကဌဖြစ်လာသူ ကိုသိန်းစိုး (နာမည်အသိအကျမမှတ်မိတော့ပါ) နဲ့အတူ လက်တွဲလုပ်ကိုင် ခဲ့ရပါတယ်။ ကပစစစ်တပ်ထဲက စစ်သားတစ်ချို့ကို သွားခေါ်ထုတ်တုန်းကလည်း တကယ့်ကို အသက်လု စွန့်စားခဲ့ရပါတယ်။ ကျနော်တို့လူပျိုဆောင်ကထွက်ပြီး ဗိုလ်တစ်ထောင်ကျောင်းကိုပြောင်းဖို့ အထုပ်အပိုးပြင်နေတုန်း တပ်ရင်းအရာခံဗိုလ်သိသွားပြီး လိုက်လာလို့ ကျနော်နဲ့အတူအခြား ၄ယောက်သာ ထွက်ပြေးလာနိုင်ခဲ့ပါတယ်။ ကျနော်တို့လည်း အဆောင်ဘေးက အုပ်တံတိုင်းကိုကျော် အင်းယားကန်စပ်ကနေ ရပ်ကွက်ထဲကို ဝင်ပြေးရပါတယ်။ရပ်ကွက်ထဲကြတော့ “မင်းတို့ဘယ်သူတွေလဲ-မပြေးနဲ့” ဆိုပြီးဓားတွေနဲ့ခုတ်ကြတော့မလို မနဲရှင်းပြရပါသေးတယ်။ အဲ့ဒီအချိန်က ဥပဒေစိုးမိုးမှု့မရှိတော့တာမို့  ကိုယ့်ရပ်ကွက်ကို ကိုယ့်ဟာကို အုပ်ချုပ်နေရတဲ့ အချိန်ဖြစ်ပါတယ်။ ဒီလိုစွန့်စားမှု့တွေရဲ့ရလဒ်ကြောင့်လည်း ကပစ စစ်သား၃ထောင်ကျော် ဆန္ဒပြကြပြီး အဲ့ဒီနေ့မှာပဲ ဗိုလ်တစ်ထောင်ကျောင်းမှာ အဲ့ဒီဆန္ဒပြ ကပစစစ်သားများကို သတင်းထောက်များတွေ့ဆုံပေးပြီး သီတင်းစာရှင်းလင်းပွဲ လုပ်နိုင်ခဲ့ပါတယ်။ တကယ့်သမိုင်းမှတ်တန်းဝင် တစ်ခုအဖြစ်အသိအမှတ်ပြုရမှာပါ။ အဲ့ဒီ စစ်သားတွေတပ်ရင်းပြန်သွားတဲ့အခါမှာတော့ ကျနော်ရယ် မြန်မာစာကမြတ်ခိုင်ခေါ်မြင့်စိုးနဲ့အတူ ကိုအောင်နိုင်တို့ တပ်ရင်းမပြန်တော့ပဲ သက်ဆုံးတိုင်စစ်အာဏာရှင်ကို တော်လှန်ရန်ဆုံးဖြတ်ကြပြီး လုပ်သားကောလိပ် ဗိုလ်တစ်ထောင်ကျောင်းမှာ ကျောင်းသားများနဲ့အတူ နေလိုက်ပါတော့တယ်။ စက်တင်ဘာ ၁၈ရက်နေ့မှာ စစ်တပ်ကအာဏာသိမ်းတော့ ကျောင်းမှာနေလို့ မရတော့တာကြောင့် လူခွဲ၍ပုန်းလျှိုနေခဲ့ကြရပါတယ်။ နောက်ဆုံးမော်လမြိုင်မှာစုရပ် သတ်မှတ်ပြီး ဘုရား၃ဆူကို ဦးတည်ထွက်ခွာလာခဲ့ကြပါတယ်။ ကျနော်တို့အဖွဲ့မှာတော့ ကျနော်ရယ်၊ တင်ဦးရယ်၊ ဖလော်ကျော်စိုးရယ်၊ ကိုအေးကျော်ရယ်ပါ။  ကျနော်တို့၂၁ရက်နေ့မှာ ရန်ကုန်ဘူတာကြီးရှေ့ကားဂိတ်ကနေ အမိမြေနဲ့အမိကျောင်းတော်ကိုနုတ်ဆက်ထွက်ခွာလာခဲ့ရပါတော့တယ်။ ဒါဟာ ကျနော်တို့မျိုးဆက်သစ်တွေ အားလုံးအတွက် အနှစ်သာရပြည့်ဝပြီးအဓိပ္ပါယ်ရှိတဲ့ နေ့ရက်တွေကို ထာဝစဉ်ပိုင်ဆိုင်စေဖို့ပါ။  ။

(အမိတက္ကသိုလ်လုပ်သားကောလိပ်မှ ဆရာများအားလုံးကို ဤစာစုဖြင့်ဦးညွတ်ကန်တော့ပါသည်)



၁၉၈၈ ခုနှစ်၊ ထိုင်း-မြန်မာ နယ်စပ်ဒေသ (ဘုရားသုံးဆူဒေသရောက်) လုပ်သားများကောလိပ်ကျောင်းသားများ။



1.     အောင်ကြည်ဦး (စိတ်ပညာ - တတိယနှစ်)၊

2.     အောင်ကြည်မြင့် (စိတ်ပညာ - တတိယနှစ်)၊

3.     တင်ဦး (စိတ်ပညာ - တတိယနှစ်)၊

4.     သက်လွင် (စိတ်ပညာ - တတိယနှစ်)၊

5.     အောင်မြင့် (စိတ်ပညာ - စတုတ္ထနှစ်)၊

6.     အေးထွန်းကျော် (စိတ်ပညာ - စတုတ္ထနှစ်)၊

7.     ကျော်စိုး (ဒဿနိက - တတိယနှစ်)၊

8.     အေးကျော် (ဒဿနိက - ဒုတိယနှစ်)၊

9.     အောင်သိန်း (ဒဿနိက - တတိယနှစ်)၊

10.   အောင်လင်းနိုင် (ဒဿနိက - တတိယနှစ်)၊

11.   မောင်မောင်ကြီး (သမိုင်း - ပထမနှစ်)၊

12.   မျိုးအေး (သမိုင်း - ပဥ္စမနှစ်)၊

13.   အောင်ကိုကို (သမိုင်း - စတုတ္ထနှစ်)၊

14.   သက်တင်ဦး (သမိုင်း - တတိယနှစ်)၊

15.   မင်းသူ (ဓါတုဗေဒ - စတုတ္ထနှစ်)၊

16.   အောင်တင်မိုး (ဓါတုဗေဒ - စတုတ္ထနှစ်)၊

17.   သန်းထိုက် (သချင်္ာ)၊

18.   ကျော်လင်း (သချင်္ာ)၊

19.   ခင်ဇော်ထွန်း (သချင်္ာ)၊

20.   ဌေးကို (သချင်္ာ - ပဥ္စမနှစ်)၊

21.   အောင်ဇော်မင်း (သချင်္ာ - ပဥ္စမနှစ်)၊၊

22.   လူကျော် (သချင်္ာ - တတိယနှစ်)၊

23.   ဉာဏ်အောင် (ရုက္ခဗေဒ - တတိယနှစ်)၊

24.   မိုးနိုင် (ရုက္ခဗေဒ - တတိယနှစ်)၊

25.   လှဌေး (ရုက္ခဗေဒ - စတုတ္ထနှစ်)၊

26.   မောင်မောင်ထွန်း (စီးပွားရေး - စတုတ္ထနှစ်)၊

27.   အောင်ဝင်း (စီးပွားရေး - ပဥ္စမနှစ်)၊

28.   ဝင်းနိုင် (စီးပွားရေး - ပထမနှစ်)၊

29.   ဘုန်းတင့် (စီးပွားရေး - နှစ်)၊

30.   ကျော်စိုး (သတ္တဗေဒ - တတိယနှစ်)၊

31.   အောင်ချိုဝင်း (သတ္တဗေဒ - ဒုတိယနှစ်)၊

32.   မြင့်စိုး (ခ) မြတ်ခိုင် (မြန်မာစာ - တတိယနှစ်)၊

33.   ချာလီအေးကျော် (မြန်မာစာ - ပဥ္စမနှစ်)၊

34.   ကျော်ဦး (ရူပဗေဒ - ပဥ္စမနှစ်)၊

35.   အောင်ကိုဦး (ပထဝီ - ပထမနှစ်)၊

36.   အောင်နိုင်

37.   သက်နိုင်၊

38.   မောင်မောင်နိုင်၊

 (ဘုရား၃ဆူရောက်လုပ်သားကောလိပ်စာရင်းကို ကိုမျိုးအေးရဲ့မှတ်တန်းဟောင်းမှကူးယူပါသည်)
           

No comments:

Post a Comment