နှစ် ၆၀ ပြည့် (၈/၂/၂၄)

     ကျနော်လူသားတစ်ယောက်ဖြစ်တည်လာခဲ့တာနှစ်၆၀ပြည့်လာခဲ့ပါပြီ။  ကျနော်တို့တွေကိုယ်ဖြတ်သန်းခဲ့ရတဲ့အချိန်တွေမှာမိမိရဲ့စိတ်ဆန္ဒတောင်းဆိုမှု့အရ ကိုယ်လိုချင်တာကို တနည်းနည်းနဲ့ရအောင်ယူကြတယ်။ အသက်အပိုင်းအခြားအလိုက်အသိညဏ်ရင့်သန်မှု့ပေါ်မှုတည်ပြီး  လိုအင်ဆန္ဒတွေပြောင်းလဲရင်းမိမိရဲ့ခံယူချက်အတိုင်း အချိန်တွေကုန်ဆုံးစေခဲ့ကြတယ်။ အချို့ကငွေကြေးဥစ္စာပစ္စည်းအတွက်၊ အချို့ကပျော်ရွှင်မှု့အတွက်စသဖြင့်။ သဘာဝအရ ဦးနှောက်နုနယ်ငယ်ရွယ်စဉ် လိုအင်ဆန္ဒတွေကအတ္တတွေကြီးစိုးနေတတ်သော်လည်း ဦးနှောက်ဖွံ့ဖြိုးလာတာနဲ့အမျှ  အတ္တတွေနည်းလာနိုင်သမျှနည်းလာကြရတာလူ့သဘာဝပါ။ အချိန်တန်လို့ အတ္တတွေမနည်းလာနိုင်သေးဘူးဆိုရင်တော့ လူစဉ်မမှီသေးဘူးလို့ပဲယူဆရမှာပါ။ ဘယ်လောက်ပဲဘာသာရေးတွေလုပ်၊ ပညာတွေတက်ပြီး ဘွဲ့တံဆိတ်တွေရ၊ နာမည်တွေကြီးနေပါစေဦး တချို့ကအတ္တတွေကြီးပြီး အမှားအမှန်အကောင်းအဆိုးကိုမခွဲခြားတတ်သေးတဲ့သူတွေက တပုံကြီး။ ကျနော်တို့တွေ ဘယ်လောက်အတ္တကြီးခဲ့ကြသလဲ၊ ကိုယ်ကိုယ်တိုင်အသက်အရွယ်အသိညဏ်အလိုက်အတ္တတွေလျှော့ချနိုင်ခဲ့ရဲ့လား။ အတ္တလောကထဲမှာနေထိုင်ခဲ့ကြတဲ့ကျနော်တို့အမှန်လို့ထင်ခဲ့ကြတဲ့အရာတွေကကော တကယ်မှန်ရဲ့လား။

    ကျနော်တို့ဟာ လူစဉ်မမှီတောရိုင်းတိရစ္ဆာန်တွေလို ကျင့်ကြံနေထိုင်ကြတဲ့ အတ္တလူတွေရဲ့စိုးမိုးမှု့လက်အောက်မှာ တလျောက်လုံး ကြီးပြင်းလာကြရတယ်။ ရဲရဲလှုပ်ရှားလို့မရအောင် အမှောင်ထဲမှာ အသက်ရှင်ခိုင်းပြီး လှုပ်ရှားခွင့်နည်းနည်းပေးရင်ပဲ ကျေးဇူးတွေတင်နေခဲ့ကြရတယ်။ လူမှု့ဘဝအောင်မြင်ဖိုထက် သက်ရှင်နေထိုင်ဖိုတောင်ခက်ခဲ့နေခဲ့ရတဲ့ အဲ့ဒီအချိန်တွေကဖြစ်ချင်တာတွေနဲ့ အလှမ်းဝေးလွန်းနေခဲ့ရတာ အားလုံးအသိ။ အခွင့်အရေးအနည်းငယ်ရအောင် ခေါင်းငုံ့အကြိုက်ဆောင်လုပ်ပေးနေသူတွေကော၊ သတ်နိုင်သမျှဝေးဝေးနေသူတွေကော ကောင်းတာမကောင်းတာ မှားတာမှန်တာသိပ်စဉ်းစားနေလို့မရတော့ပဲ ကိုယ့်အသက်ရှင်နေထိုင်ဖိုအတွက်ကြိုးစားရုန်းကန်ကြရတာ။  ဒီတော့ ကိုယ်ကိုယ်တိုင်က ဘာတွေဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိတော့ပဲ ရည်ရွယ်ချက်တွေပျောက်၊ မှန်ကန်တဲ့အသိတွေပျောက်နဲ့ရယ်။ ကျနော်တို့တွေလိမ်လည်လှည့်ဖျားပြီးလုပ်ကိုင်မှဒါမှမဟုတ်မသိအောင်လုပ်မှ ကိုယ်လုပ်ချင်တာလုပ်ခွင့်ရနိုင်တဲ့အခြေအနေရှိတဲ့အတွက်တဦးနဲ့တဦးလှည့်ဖျားမှု့သံသယာနဲ့ကျင်လည်ကြရတော့တယ်။ ကျနော် ကိုယ်လိုချင်တာအတွက် မိဘတွေနဲ့လူကြီးတွေကိုလိမ်ခဲ့ဘူးတယ်။ ဒီအခြေအနေဟာစိုးရိမ်ကြောက်ကျမှု့ကနေပေါက်ဖွားလာတဲ့အကျင့်ပါပဲ။

    ကလေးဘဝအရွယ်ဖြစ်သင့်တာက ကလေးဆန်ဆန်လွတ်လပ်ပေါ့ပါးဆော့ကစားခွင့်ရကြရမှာမဟုတ်လား။ ကျနော့်ငယ်ဘဝကတော့ ကလေးပီပီနေထိုင်ခွင့်သိပ်မရခဲ့၊ အိမ်မှာသီချင်းငြီးဆိုခဲ့တုန်းကအဖေရဲ့အော်ငေါက်ခံခဲ့ရဘူးတယ်၊ ထမင်းစားရင်ထမင်းစေ့တစ်စေ့အောက်ကျလို့မရ အသံမထွက်ရ။ ဘာပစ္စည်းတစ်ခုမှကြမ်းပြင်မှာချထားလို့မရ၊ မနက်၉နာရီနဲ့ညနေ၅နာရီဆို အိမ်မှာထမင်းစားဖိုအဆင်သင့်ရှိနေရမယ်၊ ည၉နာရီထက်နောက်ကျအိမ်ပြန်လို့မရ၊ အရာရာအဖေ့မျက်နာကြည့်ပြီးနေထိုင်ရတယ်။ တစ်ခုခုမှားယွင်းတာနဲ့ကြီးမားစွာအပြစ်ပေးခံရတယ်၊ အိမ်ထဲမှာပြေးမယ်ခုန်မယ်ဆိုအော်ငေါက်ခံရတယ်၊ နည်းနည်းလေးမှလှုပ်ရှားလို့မရ၊ စကားတောင်အသံကျယ်ကျယ်မပြောရဲ၊ ကျောင်းမှာဆိုလည်းဘာထူးလဲ ပြန်စောဒကတက်နိုင်ခွင့်မရှိ ခိုင်းတာလုပ် ခေါင်းငုံ့နေယုံပဲ။ လူကြီးရှေ့ခေါင်းငုံ့ရှောက်၊ ပြောစကားနားထောင်တယ်ဆိုရင် လိမ်မာတယ်ယဉ်ကျေးတယ်ဆိုပြီးချီးကျူးခံရတယ်။ ဒီလိုယဉ်ကျေးမှု့တွေနဲ့ ကျနော်တို့ကိုဘောင်ခတ်ထားခဲ့ကြတယ်။ လူကြီးတွေရဲ့ဖိနှိပ်တားဆီးမှုတွေအောက်မှာပဲ ကြောက်ရွံ့စိုးရိမ်စိတ်တွေနဲ့ ဘဝကိုကြီးပြင်းလာခဲ့ရတယ်။ အဲ့ဒီတော့ ကိုယ်ဘာပဲလိုချင်လိုချင် အောင့်အီးနေရတဲ့ဘဝ၊ ဒါကြောင့်လည်းအရှက်အကြောက်ကြီးပြီး၊ မအူမလည်ပုံစံဖြစ်နေခဲ့ရတာ။ ကျနော်ငယ်စဉ်ကအားကစားမှာအလွန်ဝါတနာပါပြီး ပြိုင်ပွဲတိုင်းအနိုင်ရလေ့ရှိခဲ့ပါတယ်။ အထက်တန်းကျောင်းမှာဘော့လုံးကန်တယ်၊ ရပ်ကွက်တွေကျောင်းတွေမှာအပြေးပြိုင်တယ်၊ အောင်ဆန်းကွင်းမှာဂျူဒိုဆော့တယ်၊ စစ်တပ်ထဲမှာလက်ဝေ့ထိုးတယ် အစုံပါပဲ။ သိုသော်လည်း လုပ်နိုင်တဲ့အခွင့်အရေး နည်းပါးလွန်းတာကြောင့် ဘာမှမဖြစ်ထွန်းခဲ့။ အသက်အရွယ်အနည်းငယ်ရလာတော့ ကိုယ့်ကိုကိုယ်ဘာဖြစ်ချင်လို့ဖြစ်ချင်မှန်းမသိတော့ပဲ၊ ယုံကြည်မှု့မဲ့သူ၊ ရည်ရွယ်ချက်မဲ့သူတယောက် ဖြစ်လို့ဖြစ်မှန်းမသိဖြစ်လာခဲ့ရပါတယ်။ ကမ်းမမြင်လမ်းမမြင်ပင်လယ်ပြင်မှာ ရည်ရွယ်ချက်ပန်းတိုင်မဲ့ အသက်ရှင်နေထိုင်ရေးအတွက်ပဲ ကူးခတ်နေရသလို။

     မြန်မာ့နိုင်ငံမှာ လူကြီးတွေဟာ ယဉ်ကျေးမှု့ကိုအကြောင်းပြု၊ မြန်မာ့နည်းမြန်မာ့ဟန်ကိုအကြောင်းပြုပြီး အမြဲမပြတ်ပြောဆိုကျင့်သုံးနေကြတာတွေ့ကြရတယ်။ မြန်မာ့ယဉ်ကျေးမှု့နဲ့မကိုက်ညီဘူး တို့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့လုပ်ရမယ်တို့ ပြောဆိုလုပ်ကိုင်နေကြတဲ့လူကြီးတွေ ကိုစဉ်းစားသုံးသပ်ကြည့်ရင် ငြိမ်ဝပ်ပိပြားရေးအတွက် အမိန့်နာခံရေးအတွက်သာအသုံးပြုနေတာတွေ့ကြရတယ်။ ရပ်ကွက်ထဲမှာပဲကြည့်ကြည့် အလုပ်ထဲမှာပဲကြည့်ကြည့် လူကြီးကိုပြန်ပြောရင်လူကြီးစကားနားမထောင်ရင်ရိုင်းတယ်ဆိုတဲ့သတ်မှတ်ချက်နဲ့ ပြောဆိုလုပ်ပိုင်ခွင့်တွေကို တားဆီးထားကြတာပါ။  လူငယ်တွေကိုနေရာဖယ်မပေးချင်ကြသလို ကလေးတွေကို ကလေးပီပီဆော့ကစားခွင့်၊ စာသင်ခွင့်တွေ လူကြီးတွေက လစ်လှူရှု့ခဲ့ကြတယ်။ ကျနော် ၅နှစ်သားအရွယ်လောက်က ကချင်ပြည်နယ်ကို ရထားနဲ့သွားခဲ့တုန်းက ရထားဘူတာတိုင်းမှာလိုလို စာသင်ရမဲ့ကလေးငယ်တွေ အလုအယက်အော်ဟစ်တိုးဝှေ့ပြီးဈေးရောင်းနေကြတာ။ ကျနော်အသက် ၂၄နှစ် မှာအဲ့ဒီလမ်းအတိုင်းထပ်သွားတော့ အဲ့ဒီမြင်ကွင်းကအရင်အတိုင်းမပြောင်းလဲ။ ကလေးငယ်တွေဈေးရောင်းနေကြရဆဲ။ ရထားခဏအရပ်မှာဝယ်သူရအောင် အလုအယက်အော်ဟစ်တိုးဝှေ့နေကြဆဲ။  အချိန် အနှစ်၂၀ လောက် ကွာခြားတဲ့ အဲ့ဒီခရီးနှစ်ခုမှာ ပြောင်းလဲသွားတာတခုတော့ရှိတယ်။ အဲ့တာကရထားလမ်းဘေးတလျောက်ပေါက်နေကြတဲ့ကျွန်းတောကြီးတွေ ဟင်းလင်းပြင်ဖြစ်သွားတာပါပဲ။ ငယ်စဉ်အတ္တတွေကြီးစိုးတဲ့အတိုင်း လူကြီးဖြစ်တော့လည်းလူစဉ်မမှီအတ္တတွေကြီးစိုးကြရခြင်းရဲ့သက်သေတရားခံပါပဲ။

ကျနော် အသက်လေးအနည်းငယ်ရလာတော့ မွန်းကြပ်လွန်းတဲ့အသိုင်းအဝိုင်းကထွက်ဖိုပဲစိတ်ကူးရှိတော့တယ် ။ ၈တန်းအောင်တော့ တောင်ငူစိုက်ပျိုးရေးသင်တန်းတက်ဖိုသွားဖြေတယ်၊ တက်ခွင့်မရခဲ့။ နောက်ဆုံး ၁၀တန်းကျကျခြင်း စစ်ထဲဝင်ခဲ့တယ်။ ဝင်တုန်းကတော့ဝင်ရလွယ်တဲ့ ခြေလျင်တိုက်ခိုက်ရေးထဲဝင်ခဲ့တာပဲ၊ ဒါပေမဲ့ မင်္ဂလာဒုံ စစ်သားစုဆောင်းရေးကစစ်သားတစ်ယောက်က ဒီထဲဝင်ရင်မင်းသေလိမ့်မယ်ဆိုပြီး ကမ္ဘာ့အေးကာကွယ်ရေးပစ္စည်းစက်ရုံကိုဝင်ဖို ဆက်သွယ်ပေးတယ်။ အရက်တစ်လုံးပေးရင်ရပြီဆိုလို့ သူဆက်သွယ်ပေးတဲ့အရာခံဗိုလ်တယောက်ကိုအရက်တစ်လုံးနဲ့ကပစ မှာနေခွင့်ရသွားတယ်။ စနေတနင်္ဂနွေအလုပ်ပိတ်ရင်တောင်အိမ်ကိုသိပ်ပြန်လေ့မရှိတော့ပဲ လုပ်သားကောလိပ်ကသူငယ်ချင်းတွနဲ့ပဲအချိန်ဖြုန်းတယ်။ နောက်ဆုံးလုပ်သားကောလိပ်ကသူငယ်ချင်းတွေနဲ့ပဲ ကျနော်တို့ကျရောက်နေတဲ့အမှောင်ဘဝလွတ်မြောက်အောင် လက်တွဲလုပ်ဆောင်ခဲ့ကြတယ်။

    အသက်၃၀လောက်မှာ လူလူချင်းတန်ဘိုးထားတဲ့နိုင်ငံကိုရောက်လာတော့ ကျနော်ဒီကလူကြီးနဲ့လူငယ်ဆက်ဆံရေးကိုအတော်အံ့သြခဲ့ရတယ်။ သူတို့တွေရဲ့ တယောက်နဲ့တယောက်နဲ့ သူငယ်ချင်းလိုဆက်ဆံမှု့ တွေက ပထမတော့ကျနော်တို့မြန်မာတွေရဲ့ယဉ်ကျေးမှု့တွေနဲ့ မကိုက်ညီသလိုမြင်လိုက်မိတယ်။ သူတို့ရဲ့ပြောရဲဆိုရဲ လုပ်ကိုင်ရဲတာတွေကကျနော်တို့နဲ့အလွန်ကွာခြားနေတာတွေ့လိုက်ရတယ်။ ကျနော်တို့ရဲ့ အားနာတက်မှု့ နဲ့လူကြီးတွေကိုအရိုအသေပေးလွန်းမှု့တွေကြီးစိုးလွန်းတဲ့မြန်မာယဉ်ကျေးမှု့တွေမှာပဲကြီးပြင်းလာရတဲ့ကျနော် သူတို့နဲ့ယှဉ်လိုက်တော့ အရာရာနောက်ကျနေခဲ့ရတယ်။ ကျင်းမြောင်းလှတဲ့အမှောင်ဘဝကနေအလင်းဘဝရောက်တော့ အဆုံးမရှိကျယ်ပြောလှတဲ့ကောင်းကင်ကြီးကိုတွေ့လိုက်ရသလို ငါတို့ဦးနှောက်တွေကို ဘယ်လောက်အထိအရောင်ဆိုးချုပ်ကိုင်ထားကြသလဲဆိုတာနားလည်လာခဲ့ရပါတယ်။ ပထမတော့နေသားမကျ၊ စိတ်အနှောင့်အယှက်အဖြစ်ဆုံးနဲ့ အခက်အခဲဆုံးကျော်ဖြတ်ရတာတဲ့တခုက တသက်လုံးအကျင့်ပါခဲ့တဲ့ အားနာမှု့နဲ့ စိုးရိမ်ကြောင့်ကျမှု့အကျင့်ပါပဲ။ အဲ့ဒီအကျင့်ကက ကျနော့်ရဲ့နေရာသစ်မှာ အံမဝင်ဂွင်မကျ အဖုအထစ်တွေဖြစ်နေခဲ့ရပါတယ်။ မကြိုက်တာမလုပ်ချင်တာဆို No ဆိုတဲ့ငြင်းပယ်ခြင်းကိုသုံးနိုင်ဖိုအတော်ကိုကျင့်ယူခဲ့ရပါတယ်။ အားနာခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေအလျှင်းမရှိတဲ့ ဒီနေရာမှာ ကျနော်ခံဘက်ကများပါတယ်။ အချိန်အတော်ကြာအောင်ပြုပြင်ယူရပါတယ်။  အဖွဲ့အစည်းတွေထဲကျနော်ဝင်တယ်၊ လူရှေ့သူရှေ့စကားပြောတတ်အောင် ကျင့်ယူတယ်။ အားနာမှု့နဲ့စိုးရိမ်မှု့ကိုသတ်နိုင်သလောက်ရအောင်ဖျောက်ရပါတယ်။

    ဒီရောက်ရောက်ခြင်း မြန်မာပြည်မှာမပြီးဆုံးနိုင်ခဲ့တဲ့ကျောင်းကိုပဲဦးစားပေးပြီးစတက်ပါတယ်။ ကျောင်းစတက်နေတုန်းမှာပဲ တနှစ်လောက်အတွင်းမှာကျနော့်အမျိုးသမီးနဲ့ရုတ်တရက်အိမ်ထောင်ကျသွားခဲ့တယ်။ အတ္တကြီးလွန်းပြီးစဉ်းစားညဏ်နည်းလွန်းတဲ့သူ့အကိုကြောင့်ကျောင်းမပြီးခင်ယူဖြစ်ခဲ့ကြတယ်လို့ပဲပြောရမယ်။ စိမ့်စိမ့်မိသားစုရဲ့ရိုက်ခတ်မှု့နဲ့အမှုအကျင့်ဓလေ့စရိုက်ကွာခြားမှု့ကကျနော်တို့အိမ်ထောင်ရေးကိုအကြီးအကျယ်ဂရက်ရိုက်စေခဲ့တယ်။ ဒီအခက်အခဲကို၁၀နှစ်ကျော်လောက် ကျော်ဖြတ်ပြီးပြေလည်မှု့ကိုဖန်တီးယူခဲ့ကြရတယ်။ တာတောင် ယောက်ဖဖြစ်သူနဲ့လုံးဝအဆင်မပြေသေး။ ညီမကိုယူခဲ့တုန်းကလည်း အဝတ်တထည်ကိုယ်တခုနဲ့ယူခဲ့သလို ခွဲခွာရင်လည်းအဝတ်တထည်ကိုယ်တခုနဲ့ပဲခွဲခွာရမယ်ဆိုတာသူနားမလည်။ အတ္တတွေကြီးနေဆဲ၊ မာနတွေကြီးနေဆဲ၊ အလင်းနိုင်ငံမှာအမှောင်ကျနေဆဲ။ ကျနော့်အိမ်ထောင်ရေးမှာအနည်းဆုံးပညာတက်တယောက်တော့ရှိမှဖြစ်မယ်ဆိုတဲ့ခံယူချက်နဲ့ စိမ့်စိမ့်ကိုပဲကျောင်းပြီးအောင်တက်စေခဲ့ပြီး စားဝတ်နေရေးအတွက်ကျနော်အလုပ်လုပ်ရင်း လေ့လာချင်တဲ့ဘာသာရပ်တွေကို အတိုခြုံးနည်းနဲ့လေ့လာလို့ရတဲ့ deploma တို့ certificate တို့ကိုပဲလေ့လာသင်ယူခဲ့ပါတယ်။ ငယ်ငယ်ကအားကစားမှာမျိုးစုံမှာ လုပ်ခဲ့မိပြီး လူလတ်ပိုင်းအရွယ်ရောက်တော့လည်းတခုထဲကို ကျွမ်းကျင်အောင်ပြည့်စုံအောင်မလေ့လာမိပဲ၊ အနားမှာတွေ့ကြုံလာတာမှန်သမျှ မျိုးစုံအောင်သင်ယူခဲ့မိပါတယ်။ Computer, Networking, Plumbing, Gardening, Cooking, Electronic, Solar System စုံလို့ပါပဲ။  နောက်ပိုင်းအသက်အရွယ်ပိုရလာလေ တခုထဲကိုအာရုံစူးစိုက်လုပ်ချင်လာစိတ်ပေါ်လာလေ ဖြစ်ပြီး Gardening တခုကိုပဲရွေးချယ်လိုက်တော့တယ်။ အပေါင်းအသင်းနဲ့ပတ်သတ်ရင်လည်း ငယ်ငယ်ကအပေါင်းအသင်းမက်သလောက် အသက်အရွယ်ရလာလေ အပေါင်းအသင်းတွေကိုစစ်ထုတ်ပေါင်းသင်းမိလာလေဖြစ်ခဲ့တယ်။ ဘယ်သူကရိုးသားစွာပေါင်းတယ်၊ ဘယ်သူကတခုခုလိုချင်လို့ပေါင်းတယ်ဆိုတာနားလည်လာတယ်။ တချို့ဆိုရင်တွေ့တာနဲ့နှိပ်ကွတ်ထားလိုက်မှဆိုတဲ့အတွေးနဲ့ ဖိနှိပ်တာတွေ အထင်သေးဆက်ဆံတာတွေတွေ့ခဲ့ရဘူးတယ်။ နောက်တော့မှတာအချိုးပြောင်းသွားကြတာ။ အဲ့လိုလူမျိုးတွေကများသောအားဖြင့် ပညာမဲ့တဲ့သူတွေမှာတွေ့ရတတ်တယ်။ သူတို့ရဲ့ဘဝတွေမှာလည်း ပညာမဲ့သူတွေအတွေးအခေါ်မဲ့သူတွေရဲ့လားရာလမ်းအတိုင်းပြဿနာတွေကိုပိုမိုရင်ဆိုင်ရပြီး ထိန်းမနိုင်သိမ်းမရဖြစ်တာတွေ့တတ်ကြရတယ်။ ကျနော့်ကိုဖိနှိပ်ခဲ့ဘူးတဲ့လူတတစ်ယောက်ဆိုရင်ကိုယ့်ကိုယ်ကိုသတ်သေဖိုတောင်ကြံတယ်လို့ကြားရတယ်။ တကယ်တမ်းကြတော့ ကျနော်တို့ဟာကိုယ်ကိုယ်ကို စီရင်ချက်ချရမှာ၊ သူများကို ထိမ်းချုပ်လို့မရ၊ ကျန်းမာရေးလူမှု့ရေး အားလုံးဟာကိုယ့်လုပ်ကိုင်မှု့ပေါ်မှာပဲမှုတည်နေတာပါ။ ကျနော်တို့တွေကိုယ့်လမ်းကိုလျှောက်ကြရမှာ။ တချိန်မှာအားလုံးသေဆုံးခြင်းနဲ့ရင်ဆိုင်ကြရမှာ။ အချိန်မတိုင်သေးခင် အရင်းနှီးဆုံးသူတွေကအစ ကိုယ့်မျက်စိရှေ့တွင်ဆုံးပါးကုန်ကြတာတွေ၊  တချို့ကျန်းမာရေးချို့တည့်ပြီး ခက်ခက်ခဲဘဝကိုကျော်ဖြတ်နေကြတာတွေတွေ့နေရတော့ ငယ်ငယ်ကလိုငွေကျေးချမ်းသာလိုတဲ့ဆန္ဒတွေထက် ကျန်းမာတဲ့ဘဝနဲ့စိတ်ချမ်းသာမှု့သာအလိုအပ်ဆုံးလို့ လက်ခံယူဆလာခဲ့တယ်။ ဘယ်လောက်ပဲကိုယ့်အတွက် အမြတ်အစွန်းရနေပါစေအုံး ကိုယ့်ကိုစိတ်ဒုက္ခပေးမဲ့သူကိုဖယ်ကျင်လာတတ်ပြီး စိတ်ကျန်းမာကိုယ်ကျန်းမာတဲ့လမ်းကိုပဲကျနော်ရွေးတော့တယ်။

    ကျနော်တို့တွေဘဝတလျောက်ဖြတ်သန်းလာချိန် ကိုယ့်ရဲ့လိုအင်ဆန္ဒတွေဟာအချိန်နဲ့အမျှပြောင်းလဲလာခဲ့ကြတယ်။ အတ္တတွေများလွန်းတဲ့ ကလေးဘဝလုပ်ဆောင်မှု့တွေမမှန်ခဲ့မိပေမယ့် အမှားအမှန်ခွဲခြားလာနိုင်တဲ့ လူငယ်ပိုင်းရောက်တော့ ကျနော်တို့လိုအပ်တဲ့ လွတ်လပ်မှု့၊ ညီမျှမှု့၊ တရားမျှတမှု့၊ လူလူခြင်း စာနာမှု့တွေကိုရအောင် ယူခဲ့ကြတယ်။  လူသားတယောက်ဖြစ်ပါရဲ့ လူလိုသူလိုမနေရတဲ့ဘဝတွေအတွက် ကျနော်တို့ရဲ့လိုအပ်ချက်တွေကို ရအောင်မယူကြဘူးဆိုရင် လူဖြစ်ရှုံးတာပဲမဟုတ်လား။ ကိုယ်တယောက်တည်းအတွက်ပဲရအောင်ယူကြမယ်ဆိုရင်ကောတရားပါအုံးမလား၊ လူသားဆန်နိုင်ပါအုံးမလား။ ကျနော်တို့ ဘဝတသက်တာလုံးမရရှိခဲ့ကြသေးတဲ့သူတွေလိုအပ်မှု့တွေအတွက် ကျနော်တို့ဆက်လက်လုပ်ဆောင်ရအုံးမှာပဲ။ ကျနော်တို့မြန်မာပြည်အတွက်လူကိုလူချင်းသိပြီး အခွင့်အရေးခြင်းတန်းတူခံစားအောင်လုပ်ပေးနိုင်တဲ့ အုပ်ချုပ်သူပေါ်ထွန်းလာအောင် ့လူသားဆန်တဲ့ မြန်မာနိုင်ငံသားတယောက်အနေနဲ့ သတ်နိုင်တဲ့ဘက်ကအားဖြည့်ပါဝင်ရအုံးမှာပဲ။ တချိန်ကကျနော်တို့တွေ ကိုယ်လိုချင်တဲ့ အခြေအနေရောက်အောင် ကိုယ်တိုင်ပါဝင် တည်ဆောက်ခဲ့ကြတယ်။ မပြီးဆုံးသေးပဲ ကျနော်တို့ ရပ်နားလိုက်လို့မဖြစ်ပါ။ ကျနော်တို့မျော်လင့်ထားတဲ့ ဆန္ဒတွေပြည့်ဝလာအောင် ဆက်လက်လုပ်ဆောင်ရအုံးမှာပါ။ မျော်လင့်ထားတဲ့ပန်းတိုင်ရောက်လာရင်ကျနော်တို့ကိုယ်တိုင်ကိုယ်တည်ထောင်ခဲ့တဲ့မြေပေါ်မှာအနားယူကြရအုံးမှာ။ သူငယ်ချင်းတွေနဲ့ရှေးဟောင်းနှောင်းဖြစ်တွေပြောကြရင်းဘဝကိုကုန်ဆုံးရမှာပါ။  ဒါကြောင့် မြန်မာပြည်လွတ်မြောက်ရေးအတွက်ဆက်လက်ကြိုးပမ်းနေတဲ့ ကျနော်တို့ယုံကြည်မျော်လင့်နိုင်တဲ့အစိုးရထံမှာ ထောက်ပို့တပ်သားအဖြစ်ကျနော်လစဉ်တာဝန်ယူတယ်၊ ပရောဂျက်တွေလာတိုင်း သတ်နိုင်သလောက်ပါဝင်ဖြည့်ဆည်းတယ်။ ပြီးတော့ကိုယ်ဖြစ်ချင်တဲ့ဆန္ဒအတိုင်း ပေါ်ထွန်းလာမယ့်အနာဂတ်ပြည်ထောင်စုမြေပေါ်နေထိုင်နိုင်အောင် ဘန့်အကောက်ဖွင့်၊ အိမ်ဝယ်သင့်တာဝယ်စုသင့်တာစုပြီး မျော်လင့်ထားတဲ့အနာဂတ်အတွက်လုပ်နိုင်တဲ့ခုချိန်မှာ ရသလောက်ကြိုးစားလုပ်ဆောင်ထားရတယ်။ ဒါဟာကျနော့်ဘဝတလျောက်လုံး လိုအပ်ခဲ့တဲ့လိုအင်ဆန္ဒနဲ့ယုံကြည်ချက်အတိုင်း လက်တွေ့လုပ်ဆောင်ထားခြင်းပါပဲ။ ကိုယ့်အတွက်အတ္တလို့ပဲပြောရင်တောင် မျှတတဲ့အတ္တလို့တော့ယုံကြည်မိပါတယ်။ ကျနော်တို့ရဲ့မျော်မှန်းချက်ကကြီးမားတော့  လွယ်လွယ်နဲ့တော့မရနိုင်ပါ။ Confucius ကပြောပါတယ် “When it is obvious that goals can’t be reached, don’t adjust the goals, but adjust the action steps.” တဲ့။ ကျနော်တို့ရည်မှန်းချက်ကမဖြစ်နိုင်ဘူးလို့ မယူဆလိုက်ပါနဲ့ ကျနော်တို့ အောင်မြင်အောင်မလုပ်နိုင်ခဲ့တဲ့ ခြေလှမ်းတွေကိုပြင်သင့်တာတွေပြင်ပြီး ဝိုင်းဝန်းအားစိုက်တွန်းလိုက်ကြရအောင်ပါ။ မျော်မှန်းချက်ကိုရောက်ကိုရောက်ရမှာပါ။ ဒီတခါအောင်ကိုအောင်ရမှာပါ။        

(စာကြွင်း)။        ။(၈၈ကျောင်းသားဆိုတဲ့ အသိတခုထဲနဲ့ မိသားစုအရင်းတဖွယ်ပြုစုစောင့်ရှောက်ပေးတဲ့ မမသော်(ကွယ်လွန်)နဲ့ ကိုကြီး(ကိုခင်မောင်ရွှေ)တို့မိသားစု၊ ညီအကိုအရင်းလိုအနီးကပ်အမြဲကူညီဖေးမပေးတဲ့ကိုလတ်(ကွယ်လွန်)၊ ပြီးတော့ကျနော်တို့လိုအပ်ချက်တွေကို ဘဝတွေပေးဆပ်ပြီးအတူတိုက်ယူခဲ့ကြတဲ့လုပ်သားကောလိပ်အဖွဲ့၊ နဲ့ မြန်မာပြည်သားတွေအတွက်အတူလုပ်ဆောင်ခဲ့ကြသော “သင်သေသွားသော်သင်ဖွားသောမြေသင်တို့မြေသည် အခြေတိုးမြင့်ကျန်ကောင်းသင့်၏” ဆိုတဲ့ဆောင်ပုဒ်ကိုင်ဆောင်ထားတဲ့ပြည်သူ့ဂုဏ်ရည်(ဖလော်ရီဒါ)၊ တိုင်းရင်းသားမျိုးနွယ်စုများအသင်း၊ သာသနာရေးအတွက်စုပေါင်းလုပ်ဆောင်ကြတဲ့ဖလော်ရီဒါမိသားစုဝင်များနဲ့ တထောင့်တနေရာကဝိုင်းဝန်းကူညီလုပ်ဆောင်ပေးကြသူများ အားလုံးအားလုံး ဒီနှစ်၆၀ပြည့်သက်တန်းမှာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။ကျနော်တို့အားလုံးကျနော်တို့ရဲ့ဆန္ဒဖြစ်တဲ့ကျနော်တို့ရဲ့လိုအပ်ချက်ကိုမရောက်ရောက်အောင်သွားကြမယ်။)

No comments:

Post a Comment