တမ်းတမ်းတတပုံရိပ်များ (ပုံရိပ်၂)

ပုံရိပ်၂

ကျနော်မှာငယ်စဉ်က သူငယ်တန်းကနေ အထက်တန်းအထိ တတန်းတည်းအတူတူနေလာခဲ့တဲ့ ဝင်းဇော်ဦးနဲ့နိုင်ဝင်းကိုဆိုသူ ကစားဖော်စာကျက်ဖော် ငယ်သူငယ်ချင်း၂ယောက်ရှိခဲ့ဘူးပါတယ်။  ကျနော်တို့က အိမ်ချင်းကလည်းနီးတော့ ဘယ်သွားသွားဘာလုပ်လုပ် အတူတူရယ်။ ဝင်းဇော်ဦးကတော့ စာကိုသာ စိတ်ဝင်စားသူဖြစ်ပြီး အခြားကျန်တာရှုပ်ရှုပ်ရှက်ရှက်သိပ်မလုပ်တတ်။ သူကရင်းနှီးတဲ့ ယောက်ကျားလေးသူငယ်ချင်းဆိုလို့ ကျနော်တို့၂ယောက်သာရှိပြီး မိန်းခလေးများနဲ့သာ ရင်းရင်းနှီးနှီးနေထိုင်တက်သူပါ။ သူကအတန်းထဲမှာလည်း အမြဲတမ်း အဆင့်၁၂၃နေရာကိုယူနေတတ်သူဖြစ်ပြီး နိုင်ဝင်းကိုနဲ့ကျနော်ကတော့ အားကစားနဲ့ အခြား ရှုပ်ရှုပ်ရှက်ရှက်လုပ်ရတာကို အလွန်ဝါသနာပါပြီးစာလုပ်စာကျက်ဖို့သိပ်အချိန်ပေးလိုသူတွေမဟုတ်။ ဒါကြောင့်လည်း ရပ်ကွက်ထဲက ဆောင်းရာသီအားကစားပြိုင်ပွဲတွေဆို အမြဲတန်းနိုင်နေကြဖြစ်ပြီး ကျောင်းပေါင်းစုံဘောလုံးပွဲအတွက် ကျနော်တို့ကျောင်းလက်ရွေးစင်အဖြစ် ကျနော်တို့နှစ်ယောက်စလုံး အရွေးခံခဲ့ရပါတယ်။ ဒါပေမဲ့ ဝင်းဇော်ဦးက စာလုပ်ဖို့ဦးဆောင်ခေါ်ရင်ကျနော်တို့ကမငြင်းသလို ကျနော်တို့ပေါက်တတ်ကရလုပ်ရင်လည်း သူ့ကကန့်လန့်ကန့်လန့်ပါနေကြပါ။ မှတ်မိပါသေးတယ်၊ ကျနော်တို့၈တန်းအောင်ပြီး နွေရာသီကျောင်းပိတ်ချိန်မှာ နိုင်ဝင်းကိုက ပန်းချီသင်တန်းတက်ချင်တယ်ဆိုလို့ ကျနော်တို့၃ယောက်သား ပန်းချီသင်တန်းအတူတူသွားတက်ကြပါတယ်။ သင်တန်းက ကြည့်မြင်တိုင်က RC 2 ထဲမှာပါ။ ကျနော်တို့အိမ်က စမ်းချောင်းဝေလုဝန်ဆိုတော့ တခါတခါလမ်းလျှောက်သွားကြပါတယ်။ တရက်ကျနော်တို့ပန်းချီသင်တန်းက လမ်းရှောက်အပြန် ကြည့်မြင်တိုင်ဘူတာနားကနေ ရထားလမ်းအတိုင်း လျှောက်လာကြပါတယ်။ ကြည့်မြင်တိုင်ဘူတာက ရထားတွဲတွေနားခိုရာ ရှန်တိန်လုပ်ရာနေရာဆိုတော့ ရထားတွဲတွေနဲ့ရှုပ်ရှက်ခတ်နေတတ်ပါတယ်။ဘူတာနားမှာရထားတွဲတွေဟိုရွှေ့ဒီရွှေ့လုပ်နေတာတွေ့တော့ ကျနော်နဲ့နိုင်ဝင်းကိုကလိုက်ပြီးတွယ်စီးကြပါတယ်။ အဲ့ဒီအချိန်မှာရထားရုံးတာဝန်ရှိသူတွေကကျနော်တို့ကို မင်းတို့ရထားတွဲထဲကပစ္စည်းခိုးမလို့မဟုတ်လားဆိုပြီး လိုက်ဖမ်းပါတယ်။ ကျနော်တို့လည်းကြောက်ကြောက်နဲ့ ထွက်ပြေးတော့လွတ်သွားပေမဲ့ ဝင်းဇော်ဦးကမပြေးတော့သူ့ကိုမိသွားပြီးဖမ်းထားပါတယ်။ ကျနော်တို့လွယ်အိပ်တွေလည်းကျန်ခဲ့ပါတယ်။ ဒါနဲ့ဝင်းဇော်ဦးမိဘတွေသွားအကြောင်းကြားပြီး ပြန်ခေါ်ယူခဲ့ရပါတယ်။ အဲ့ဒီနေ့ကစပြီးပန်းချီသင်တန်းလည်းမတက်ရတော့ပါ။

          ဝင်းဇော်ဦးမှာသူနဲ့အင်မတန်ရင်းနှီးတဲ့ အိမ်နီးချင်းကပ်အတန်းဖော် မိန်းကလေးတယောက်ရှိပါတယ်။ သူ့မှာလည်းကျနော်တို့လို တတွဲတွဲသွားလာနေတဲ့သူချင်းနောက်၂ယောက်ရှိကြပါတယ်။ သူတို့၃ယောက်လုံးကရုပ်ရည်အင်မတန်ချောမောလှပသူတွေဖြစ်ကြပြီး အဲ့ဒီအထဲကတယောက်ကို ကျနော်ကကြိတ်ကြိုက်နေတာပါ။ တရက်ကျနော်တို့၃ယောက် စာအတူတူလုပ်နေရင်း   အဲ့ဒီမိန်းကလေး၃ယောက်နဲ့ပတ်သက်ပြီး ဟိုတယောက်ကဘယ်လိုတော်တာဘယ်လောက်လှတာ စသဖြင့်ကိုလိုရာ ဆွဲတွေးပြီး ပြောဆိုကြပါတယ်။ နောက်ဆုံး သူတို့နဲ့ရီးစားတွေဖြစ်ဖို့ မဲနှိုက်ပြီးလူရွေးကြပါတယ်။ ကိုကြိုက်တဲ့တယောက်ကိုမကျမခြင်း၊ ဟိုဟာလိုတယ်ဒီဟာလိုတယ်လို့ကြံဖန်အငြင်းပွားနေတာနဲ့ လိုရင်းမရောက်ပဲ မဲကအဆုံးအဖြတ်မပေးနိုင်ခဲ့ပါ။ ဒါပေမဲ့ နောက်ဆုံးတော့ ကျနော်နဲ့နိုင်ဝင်းကိုကဘယ်သူ့ကို ကြိုက်နေတယ်ဆိုတဲ့ အဖြေကိုတော့ အားလုံးသိရှိလိုက်ရပါတယ်။ အဲ့ဒီနောက်ပိုင်း ကျနော်လည်း ပေါ်ပေါ်တင်တင်ပဲ ကိုယ်ကြိုက်နေတဲ့သူကို လိုက်ပါတော့တယ်။ ငယ်ရွယ်တဲ့အချိန် အခြားဟာတွေ သိပ်မစဉ်းစားမိပဲ အရှက်ကြီးတတ်တဲ့ကျနော် ရှက်ရမှန်းမသိ ကြောက်ရမှန်းမသိ လူရှေ့သူရှေ့အတင်းလိုက်နေမိပါတယ်။ မှတ်မိပါသေးတယ်၊ မိုးသည်းသည်းထဲမှာ သူ့လွယ်အိပ်ကိုအတင်းဆွဲပြီး ရည်းစားစာထည့်ပေးခဲ့တာ။ အဲ့ဒီတုန်းက လမ်းပေါ်မှာ ရည်းစားစကား လိုက်ပြောကြတာ စာလိုက်ပေးကြတာတွေ အင်မတန်ခေတ်စားကြတာလေ။ အဲ့ဒီစာက ဝင်းဇော်ဦးဆီကနေတဆင့် ကျနော့်ဆီကို နောက်တခါဆို ဆရာမကိုတိုင်မယ် ဆိုတဲ့ အမှာစကားနဲ့အတူ ပြန်ရောက်လာပါတယ်။ ကျနော့်ကိုမကြိုက်ဘူးဆိုတဲ့သဘောပေါ့လေ။ တရက် ကျနော့်လွယ်အိပ်ထဲမှာ ဘယ်သူထည့်ထားမှန်းမသိတဲ့ သက်ကိုချစ်တယ် ဆိုတဲ့စာရဲ့အောက်မှာ မိ ဆိုတဲ့လက်ရေးဝိုင်းဝိုင်းစာတိုလေးတခုကိုတွေ့ရှိလိုက်ရပါတယ်။ ကျနော်လည်းဘယ်သူ့ကိုမှမပြရဲပဲ တိတ်တဆိတ်လိုက်စုံစမ်းနေမိပါတယ်။ သူငယ်ချင်းတွေကိုပြလိုက်ရင် နာမည်ကြီးသွားမှာစိုးတာကတမျိုး၊ အဲ့ဒီပိုင်ရှင်က ကိုယ့်သူငယ်ချင်းတယောက်ယောက် ကြိုက်နေတဲ့သူဖြစ်နေမှာဆိုးတာကတမျိုးကြောင့် ဘယ်သူ့ကိုမှဖွင့်မပြောဖြစ်ခဲ့ပါ။ ဒါပေမဲ့ သိချင်စိတ်က အရမ်းကိုပြင်းပြနေမိပါတယ်။ ဒါကြောင့်နံရံတချို့မှာ Who is မိ ဆိုတဲ့စာတွေလျှောက်ရေးလိုရေး မိန်းကလေးတွေရဲ့လက်ရေးတွေကို တူမတူလိုက်ပြီးကြည့်လိုကြည့်နဲ့ အတော်အလုပ်ရှုပ်သွားပါတယ်။ အဲ့ဒီတယောက်က ကိုယ်ကြိုက်လို့လိုက်နေတဲ့သူ မဟုတ်တာတော့ သေချာပေါက်သိနေပါတယ်။ အဲ့ဒီနောက်ပိုင်းလွယ်အိပ်ထဲက လက်ရေးပိုင်ရှင်ကိုအားနာလို့လား ဘာကြောင့်မှန်းမသိ ကျနော်ကြိုက်နေတဲ့ကောင်မလေးကိုဆက်မလိုက်ဖြစ်တော့ပါ။ လက်ရေးပိုင်ရှင်ကို သိချင်စိတ်ကတော့ ပိုလို့ပြင်းပြလာခဲ့ပါတယ်။ ဒါပေမဲ့အရိပ်အယောင် လေးတခုတလေမှပင်ပြမလာခဲ့ပဲအချိန်တွေတာကုန်လွန်လာခဲ့ပါတယ်။  ၁ဝတန်းရောက်တော့ မိန်းခလေးတွေနဲ့ ယောက်ကျားလေးတွေကို အတန်းသီးသန့်စီခွဲထုတ်ပြီး ယောက်ကျားလေးတွေကိုလည်းအခြားအတန်းများနဲ့ရောသမမွေပြလိုက်တာ  နှစ်စဉ်နှစ်တိုင်း အတန်းအတူတက်လာတဲ့ ကျနော်တို့သူငယ်ချင်း၃ယောက်လည်း တကွဲတပြားစီဖြစ်သွားရပါတော့တယ်။ အဲ့ဒီအချိန်တုန်းကဘတ်စ်ကားတွေကိုလည်း ယောက်ကျားမိန်းမခွဲပြီးစီးရတဲ့ခတ်ကြောင်ကြောင်ခေတ်တခေတ်ပေါ့။  ၁၀တန်းအောင်စရင်းထွက်တော့ဝင်းဇော်ဦးကဂုန်ထူး၃ခုနဲ့အောင်ပြီး ကျနော်နဲ့နိုင်ဝင်းကိုကကျကျန်ရစ်ခဲ့ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကိုယ့်ဟာကိုယ်ရပ်ချင်တဲ့ကျနော်က ကမ္ဘာအေး ကပစစစ်တပ်ထဲဝင်သွားပြီး နိုင်ဝင်းကိုကမပြေလည်တဲ့သူမိသားစုအတွက်ငွေရှာဖိုကော့သောင်းဘက်ကိုထွက်သွားခဲ့ပါတော့တယ်။ ဒါနဲ့ပဲ၁၀နှစ်ကျော်ကြအတန်းဖော်အဖြစ်နဲ့ကောအိမ်နီးနားခြင်းအဖြစ်နဲ့ကောာ တွဲလာခဲ့တဲ့ သူငယ်ချင်းတွေ ကွဲကွာလာခဲ့တာခုထိတိုင်အောင်ပါ။

No comments:

Post a Comment