ရှင်သေမင်းနှင့်ပွတ်ကာသီကာ


အမေရိကားမှာ ကျနော်အနှစ်သက်ဆုံးမြို့ဟာ ဖလော်ရီဒါပါ။ ဖလော်ရီဒါဟာ ရန်ကုန်ရာသီဥတုနဲ့ အတော်နည်းစပ်ပါတယ်။ ရန်ကုန်လိုမိုးရွာပြီး နှင်းမကျတာကြောင့် အပူပိုင်းရာသီပင်များစိုက်ပျိုးနိုင်သလို ကျနော့်ကျန်းမာရေးအနေနဲ့လည်း နေထိုင်ဖို့ အသင့်တော်ဆုံးပါ။ တခုပဲမတူတာက ဖလော်ရီဒါမှာ မုန်တိုင်းရှိပါတယ်။ မုန်တိုင်းမကျခင် အကာအကွယ်လုပ်ထားနိုင်ရင်တော့ ဘာအန္တရယ်မှမရှိနိုင်ပါ။ ပြူတင်းပေါက်တွေမှာ safety shelter တပ်ထားတာတို့၊ ခေါင်မိုးကောင်းကောင်းလုပ်ထားတာတို့၊ သစ်ပင်မြင့်မြင့်မထားတာတို့ကို ကြိုတင်လုပ်ထားရပါတယ်။ ကျနော့်အိမ်ကတော့ အားလုံးအဆင်သင့်မို့ မုန်တိုင်းလာရင် အိမ်ထဲမှာစိတ်ချလက်ချနေပြီး အပြင်ကရန်ညိုးသကြီး တိုက်ခိုက်နေတဲ့ မုန်တိုင်းကို ထိုင်ကြည့်နေနိုင်ပါတယ်။ တခုပဲရှိပါတယ်၊ အိမ်နောက်ဖေးကခြံဝင်းထဲမှာ ညောင်ပင်အမျိုးအစား အပင်ကြီးတခု ရှိပါတယ်။ ပင်စည်ရဲ့လုံးပတ်ဟာ လူနှစ်ယောက်လက်တန်းပြီး ချိတ်ဆက်လို့မရနိုင်အောင် ကြီးမားလှပါတယ်။ ညောင်ပင်မျိုးရဲ့သဘာဝအတိုင်း အမြစ်များကလည်း အပင်ခြေရင်းတလျောက် ငိုးတိုးငေါက်တောက် ထွက်နေပါတယ်။ အမြင့်ကလည်းပေ ၄ဝလောက်ရှိပါတယ်။ ကျနော့်အိမ်နဲ့ပေ၅ဝလောက် ဝေးတယ်ဆိုပေမဲ့ အပင်ကခြံစည်းရိုးမှာ ကပ်ပေါက်နေတာကြောင့် နောက်ကအိမ်နဲ့နီးကပ်နေပါတယ်။ နောက်ခြံစည်းရိုးတလျောက် လျှပ်စစ်ကြိုးတန်းကလည်းရှိနေတာကြောင့် အန္တရယ်ပါ။ သစ်ပင်ကြီးကအေးမြတဲ့အရိပ်ကိုပေးစွမ်းနိုင်ပေမဲ့ မုန်တိုင်းကြောင့် ဘေးအိမ်တွေပေါ် ကျိုးကျသွားရင် မကောင်းပါ။ မိမိအဝန်းအဝိုင်းထဲကဟာမို့ မိမိတာဝန် မကင်းပါ။ ဒါကြောင့်အဲ့ဒီအပင်ကို ခုတ်ဖြတ်ချင်နေတာကြာပါပြီ။အပင်ကကြီးလွန်းတော့အတော်အခက်အခဲရှိပါတယ်။ သစ်ပင်ဖြတ်တဲ့သူကိုမေးကြည့်တော့ ၆ထောင်လောက်ကျမယ်လို့ပြောပါတယ်။ အိမ်ရှေ့ကနေ သစ်ပင်ဖြတ်တဲ့ကားဝင်ရမှာကြောင့် ခြံစည်းရိုးနဲ့ ခြံဘေးမှာစိုက်ထားတဲ့ သစ်ပင်တွေကို ရှင်းတာရယ်၊ သစ်ပင်ကဖြတ်ပြီးထွက်လာမဲ့သစ်လုံးပတ်ကြီးတွေကိုသယ်တာရယ်နဲ့ သစ်ပင်အမြစ်ပါ မြေလှန်ပြီးရှင်းထုတ်ပြစ်ရမဲ့ အစအဆုံးကုန်ကျစရိတ်ပါ။ သစ်ပင်တပင်ဖြတ်ဖို့အရေး ငွေ၆ထောင်မပေးချင်ပါ။ ကားဝင်နိုင်အောင် ရှင်းထုတ်ပြစ်ရမဲ့လမ်းတလှောက်မှာလည်း အချိန်ယူပီး ပြုစုစောင့်လျှောက်ထားတဲ့ စပယ်ရုံတန်းနဲ့အတူ ယုဇနပင်၊ မကျည်းပင်၊ ဆူးပုပ်ပင်၊ ကင်မွန်းချင်ရွက်ပင် စတဲ့အပင်မျိုးစုံအပြင် ကိုယ်တိုင်ဖန်တီးထားတဲ့ ငါးအလှကန် koi pond ကလည်းရှိနေတာမို့ နှမျောမိတာအမှန်ပါ။ လူသွားလမ်းကိုလည်း အုပ်ပြားအချပ်လေးတွေနဲ့အစီစီအရီရီ မျက်ခင်းပေါ်မှာဖောက်ပြီး ဖန်တီးထားတာကြောင့် ယောက်ခမတွေကတောင် မင်းခြံက Japanese garden ပဲလို့ ချီးမွန်းခံထားရတာပါ။ ဒါကြောင့် မြန်မာပီပီ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာရင်းတယောက်လို ခင်မင်နေတဲ့ ဘုန်းဘုန်းဦးဇနိတ ကလည်း ဒီလိုအပင်ကြီးမျိုးတွေမှာ ရုပ်ကဆိုးတွေ ဘာတွေရှိနေတတ်တယ်၊ အပင်ကိုဖြတ်ချင်ရင် သူတို့ကိုမေတ္တာပို့ ခွင့်တောင်းပြီးမှ လုပ်ပါလို့ မိန့်တော်မှုဘူးတာကြောင့် ဆရာတော်လုပ်ပေးထားတဲ့ ပရိပ်ရေနဲ့ပတ်ဖြန်းပြီး ဟုတ်သည်ရှိ မဟုတ်သည်ရှိ မေတ္တာပို့ ခွင့်တောင်းလိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ ကျနော်တို့နေတဲ့ West Palm Beach တည့်တည့်ကိုမုန်တိုင်းဖြတ်ပါတယ်။ မုန်တိုင်းဒဏ်ကြောင့် အဲ့ဒီညောင်ပင်အကိုင်း တော်တော်များများ ကြိုးကျကုန်ပါတယ်။ ဘေးအိမ်တွေကိုလဲမထိပဲ ကျနော့်အိမ်နောက်ခြံ ပြည့်ရှံသွားလောက်အောင် အကိုင်းအခက်ကြီးတွေနဲ့ ပြည့်နှက်နေပါတယ်။ မုန်တိုင်းကရွေ့ပြီးသွားနေတာဆိုတော့ ခဏလေးအတွင်းမှာပဲ ပြန်ငြိမ်သွားပါတယ်။ သစ်ပင်ကြီးကကြီးမားလွန်းတာကြောင့် လာစမ်းပါလေ့နောက်တစ်ခေါက် ဆိုတဲ့ ခပ်ထေ့ထေ့အပြုံးနဲ့ ပြန်နေနိုင်လောက်အောင် ကျန်ရှိနေပါသေးတယ်။ အဲ့ဒီကသူငယ်ချင်း မိတ်ဆွေအားလုံး သတင်းကြားကြားခြင်း ရောက်လာပြီး ဝိုင်းကူလုပ်လိုက်ကြတာ ချက်ချင်းကိုရှင်းလင်းသွားပါတယ်။ ကျနော်မတောင်းဆိုပဲ လုပ်ပေးနေကြတဲ့ မြန်မာလူအုပ်ကြီးဟာ အိမ်ခြံအပြည့်ပါ။ ဖလော်ရီဒါမှာနေထိုင်ကြသူတွေ အားလုံးလိုလိုလောက်ဟာ ပိတ်ရက်မရှိ နေ့စဉ်အလုပ်လုပ်ရတဲ့ ဆူရှီလုပ်ငန်း လုပ်ကိုင်နေကြသူချည်းပါ။ ဒါပေမဲ့မြန်မာတွေဟာ မအားလပ်တဲ့ကြားထဲက ပရဟိတလုပ်ငန်းကို တက်ညီလက်ညီ စုပေါင်းလုပ်ကိုင် နေကြသူတွေပါ။ ဘယ်သူအခက်အခဲတွေ့တွေ့ ဝိုင်းဝန်းဖြေရှင်းပေးကြလေ့ရှိကြတဲ့ မြန်မာ့ဖလော်ရီဒါသူ ဖလော်ရီဒါသားအားလုံးရဲ့အလေ့အထလေးဟာ တကယ့်ကို မြတ်နိုးစရာခင်တွယ်စရာပါ။ ဒါကြောင့်လဲ ဇနီးသည်က ဖလော်ရီဒါအိမ်ကိုရောင်းဖို့ ပြောတိုင်းကျနော်ငြင်းဆံခဲ့တာ ဒီအချက်ကြောင့်ပါ။ အခုလိုမိတ်ဆွေကောင်း ဓလေ့ကောင်းတွေ အများကြီးရှိတဲ့ ဖလော်ရီဒါမြေကို အခြေအနေအရ ဝေးကွာနေရပေမဲ့ တချိန်ချိန်မှာပြန်နေနိုင်အောင်လို့ပါ။ မုန်တိုင်းဖြတ်ပြီး နောက်နေ့မှာပဲ ကျနော့်ရဲ့မြန်မာနည်းမြန်မာဟန်ကို အသုံးချဖို့ အခွင့်ကောင်းဆိုတာသုံးသပ်လိုက်မိပါတယ်။ ကျန်ရှိနေတဲ့အပင်ကြီးကိုရှင်းပစ်လိုက်ဖို့ပါ။ ကျနော့်စိတ်ကူးအတိုင်း သစ်ပင်ကိုရှင်းထုတ်ဖို့ မြန်မာတွေကို အကူအညီတောင်းရင်ရမယ်ဆိုတာ သိပေမဲ့ မတောင်းရက်ပါ။ ဒါကြောင့် တစ်ယောက်တည်းလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ အိမ်ကဇနီးသားသမီးတွေ မရှိတဲ့အချိန်ကိုရွေးပြီး သစ်ပင်စတက်ခြင်းအမှု့ကိုပြုပါတယ်။ အောက်ကစိုးရိန်တကြီး ရှိနေတဲ့ သူတွေကနေထွက်ပေါ်လာမဲ့ နောက်ဆံတင်းမှု့ကြောင် ့ ကျနော့်ရဲ့သတိကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ ဘယ်သူမှမသိအောင် လုပ်တာပါ။ ပထမဆုံးခိုင်မြဲတဲ့ ကြိုးတစ်ချောင်းရှာ၊ အစတစ်ဖက်ကို လွှစက်မှာချီ၊ အခြားတစ်ဖက်ကို ခါးမှာချီပြီး သစ်ပင်စတက်ပါတော့တယ်။ ဆရာတော်ဦးဇနိတပြောပြောနေတဲ့ သတိဆိုတာကို ခြေတစ်လှမ်းလှမ်းတိုင်း စက္ကန့်နဲ့အမျှ သတိထားပြီး ခြေတလှမ်းမလှမ်းခင် ကြိုတင်စဉ်းစားပြီးမှ စလှမ်းပါတယ်။ ပထမဦးဆုံးအကိုင်းကို မှီဖို့လှေကားထောင်ပြီး တက်ပါတယ်။ လွှစက်ချီထားတဲ့ကြိုးကို လှမ်းဆွဲနိုင်တဲ့ အခြေအနေမှာ ကြိုးကိုဆွဲပြီး သစ်ပင်မှာချီထားလိုက်ပါတယ်။ အပေါ်ဆုံးအကိုင်းကို အရင် ဖြတ်သင့်တယ်လို့ ဆုံးဖြတ်မိတာမို့ အပေါ်ဆုံးကို ရောက်အောင်တက်ပါတယ်။ အောက်ခြေအကိုင်းကို အရင်ဖြတ်ရင် အပေါ်ပိုင်းဖြတ်တဲ့အခါ မတည်ငြိမ်မှာဆိုးလို့ပါ။ လေကအတော်တိုက်နေသေးတယ်လေ။ သစ်ကိုင်းတစ်ကိုင်းကိုခြေလှမ်းတိုင်း ကိုယ့်ခန္ဓာကိုသူနိုင်ရဲ့လားလို့ ခိုင်မခိုင်စမ်းသပ်ပြီးမှလှမ်းပါတယ်။ ထိပ်ပိုင်းကိုရောက်တော့ လေကြောင့် သစ်ပင်ရိမ်းထိုးလှုပ်ရှားတာနဲ့အတူ လူကလည်းလိုက်ပါရမ်းနေရပါတယ်။ ရပ်ကွက်ထဲမှာရှားရှားပါးပါးရှိတဲ့ အိမ်ရှေ့ကနှစ်ထပ်အိမ်လေးနဲ့အတူ အားလုံးကကိုယ့်အောက်မှာပါ။ အကာအကွယ်မဲ့ လွတ်လွတ်လပ်လပ်ကြီးကို လေတိုက်ခံနေရတာပါ။ လျက်စစ်ကြိုးတန်းကလည်း သစ်ပင်နဲ့ကပ်ရက်ရှိနေတာကြောင့် သတိဆိုတာကိုအသက်ရှုတိုင်း အတော်သတိထားပြီးစတင်ဖြတ်ပါတယ်။ အကိုင်းတစ်ကိုင်းရဲ့အဖျားပိုင်းက အဲ့ဒီလျက်စစ်ကြိုးတန်းအပေါ်နားလောက်မှာရှိနေတာကြောင့် အဲ့ဒီအကိုင်းကို နှစ်ပိုင်းခွဲဖြတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သစ်ကိုင်းရဲ့အလေးချိန်ဖိအားများပြီး လျှပ်စစ်ကြိုး ပြတ်သွားမှာ ဆိုးလို့ပါ။ ဒါနဲ့ အဲ့ဒီအကိုင်းရဲ့အဖျားပိုင်းကိုရောက်နိုင်သလောက်သွားပြီး ဖြတ်ပါတယ်။ သို့သော် သစ်ကိုင်းပြတ်တာနဲ့အတူလျှပ်စစ်ကြိုးကလည်း ဝုန်းကနဲ့ ပေါက်ကွဲမြည်ဟီးသံနှင့်ပြတ်တောက်သွားပါတယ်။ ကျယ်လောင်တဲ့အသံကြောင့်ဘေးအိမ်တွေထွက်ကြည့်တာမမြင်အောင်အကိုင်းကြားမှာအသာလေးငြိမ်ကုပ်နေလိုက်ရပါသေးတယ်။ ဒါနဲ့ ကျနော့်ရဲ့မြန်မာ့နည်းမြန်မာ့ဟန်ကိုရပ်သင့်ပြီလို့သုံးသပ်ပြီးပြန်ဆင်းခဲ့ပါတယ်။ အကိုင်းတွေလဲသိပ်မကျန်တော့ပါ။ အဲ့ဒီမှာမှပြဿနာကစတာပါ။ အဆင်းမှာ တချို့အကိုင်းတွေပေါ်မှာ တင်ကျန်နေတဲ့ ဖြတ်ထားတဲ့ အကိုင်းတွေကိုခက်ခက်ခဲခဲရှင်းထုတ်ရပါသေးတယ်။ ဒီတိုင်းထားလို့မဖြစ်ပါ လူတစ်ယောက်ယောက်သစ်ပင်အောက်ကိုရောက်လာတဲ့အချိန်နဲ့အဲ့ဒီသစ်ကိုင်းပြတ်ပြုတ်ကျတဲ့အချိန်တိုက်ဆိုင်နေရင် လူကိုထိနိုင်ပါတယ်။ ဒါကြောင့်ဖြတ်သင့်တာကို ထပ်ဖြတ်ရင်း ရှင်းထုတ်ပစ်ရပါတယ်။ ပြတ်ပြီးသား အပိုင်းတွေက ညီညီညာညာကလည်းမရှိ အလှမ်းကလည်း ဝေးနေတာကြောင့် အတော်အခက်အခဲ တွေ့ရပါတယ်။ နေကလည်း အတော်စောင်းနေပြီ ဖြစ်တာကြောင့် မြန်မြန်ပြီးဖို့ စိတ်ကစောနေမိပါတယ်။ နောက်ဆုံးအကိုင်းတစ်ခုက မဖြတ်ရသေးတဲ့ အကိုင်းတစ်ခုမှာ တင်နေပါတယ်။ အဲ့ဒီမဖြတ်ရသေးတဲ့အကိုင်းကို ပြတ်လိုက်ရင် အကိုင်းနှစ်ခုလုံးကျသွားနိုင်တာမို့ အောက်ကအကိုင်းကို ဘေးအကိုင်းကနေ လှမ်းဖြတ်ပါတယ်။ မပြတ်ခင်အချိန်လေးမှာပဲအဲ့ဒီအကိုင်းကကြိုးကျပါတယ်။ သူတို့ရဲ့အရှိန်က ကျနော်နင်းထားတဲ့ အကိုင်းကို လှုပ်ခါလိုက်စေပါတယ်။ လေးလံလှတဲ့လွှစက်ကိုင်ပြီး ခပ်လှမ်းလှမ်းကိုလှမ်းဖြတ်နေရတဲ့ အနေအထားနဲ့ အကိုင်းလှုပ်ခါမှု့ကြောင့် ကျနော်ခြေလှန်း ပျက်ပြီး ပြုတ်ကျပါတယ်။ ကျနော်ချက်ခြင်းပဲ ကျနော်ကိုင်ထားတဲ့ လွှစက်ကို ကိုယ်နဲ့ဝေးရာကို အရင်ပစ်လွှတ်လိုက်ပါတယ်။ ကိုယ့်ကိုယ်ကိုပြန်မဖြတ်မိစေဖို့ပါ။ ပြီးတော့ ကိုယ်ကျမဲ့အောက်မှာ ထောင်နေတဲ့ သစ်ကိုင်းတွေနဲ့ မထိမိအောင် ကျလာတဲ့စက္ကန့်တိုင်းကို သတိထားပြီး ခြေထောက်နဲ့ကျအောင်လုပ်ယူပါတယ်။အဓိကခေါင်းကိုမထိအောင်ပါ။ ကံကောင်းထောက်မစွာပဲ ရှုပ်ပွနေတဲ့သစ်ကိုင်းတွေကြားထဲက မြေပြင်ပေါ်ကိုကျပါတယ်။ ပြုတ်ကျတာ ၁၅ပေလောက်တော့ ရှိနိုင်ပါတယ်။ အောက်ရောက်ရောက်ခြင်း အရင်ဆုံးငါဘယ်ကိုထိသွားလဲ စမ်းသပ်မိပါတယ်။ ရုပ်ရှင်တွေထဲကလို သေပြီးသားလူရဲ့ဝိဉာဏ်က ငါများဖြစ်နေသလားဆိုတဲ့ ကြောင်တောင်တောင် အတွေးဝင်လာပြီး ကိုယ့်ကိုကိုယ် ဆွဲဆိတ်ကြည့်မိတော့ နာသေးသကိုး ဆိုပြီးပြုံးမိပါသေးတယ်။ သတိရဲ့တန်ဘိုးရှိပုံကို လက်တွေ့ကျကျ သိရှိလိုက်ရခြင်းပါပဲ။ နောက်နေ့ကျမှ သစ်ကိုင်းတွေကို ထပ်ဖြတ်ပြီး အိမ်ရှေ့သယ်နိုင်သလောက်သယ်ပါတယ်။ နောက်ဆုံးမဖြတ်နိုင်မသယ်နိုင်တော့မှ လူငှားပြီးလုပ်တာ ၃၀၀ ပဲကျပါတယ်။ သစ်ငုတ်တိုကနေ အပင်ထပ်ထွက်လာမှာ ဆိုးတာကြောင့် Home depot ကနေဆေးဝယ်ပြီး အမြစ်ဖြတ် သတ်ပစ် လိုက်ပါတော့တယ်။ လျက်စစ်ဌာနကလည်း မုန်တိုင်းအချိန်မှာဖြစ်တာမို့ ဘေးအိမ်ကကျနော်တို့လုပ်တာလို့ တိုင်သော်လည်း ချက်ခြင်းပဲ  သူ့ဟာသူလာပြင်သွားပါတယ်။ ဒီလိုစွန့်စားမှု့ကြောင့် ကျနော့်ကို အကြည့်မျိုးစုံနဲ့ ကြည့်ကြတဲ့ သူတွေကိုတော့ ပြုံးပြုံးလေးနဲ့ပဲ တုန့်ပြန်လိုက်ပါတယ်။ အဲ့ဒီအကြည့်ထဲမှာတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ အပြည့်အဝပါနေတယ်ဆိုတာ ကိုယ်ကိုယ်တိုင်ပဲ သိနိုင်ပါတော့တယ်။          ။

No comments:

Post a Comment