တကယ်တော့ကျနော်ဟာ ကချင်ပြည်နယ်မှာမွေးဖွားလာတဲ့ ရှမ်းလူမျိုးတယောက်ပါ။ တချို့ကမင်းဘာလူမျိုးလဲလို့မေးကြတယ်။
ကျနော်ကတော့ဗမာနဲ့တွေ့ရင်ဗမာလို့ဖြေတယ်၊ ကချင်နဲ့တွေ့ရင်ကချင်လို့ဖြေတယ်၊ ရှမ်းနဲ့တွေ့ရင်ရှမ်းလို့ဖြေတယ်။
တကယ်တော့ မြန်မာအစောပိုင်းသမိုင်းကိုပြန်ကြည့်ရင် မြန်မာနိုင်ငံတွင်းနေထိုင်သူအားလုံးဟာ
တိဘက်-မြန်မာ(Tibeto-Burman) လူမျိုးနွယ်စုကြီးကနေဆင်းသက်လာကြသူကြီးဖြစ်တယ်။
ပြီးမှနေရာဒေသကွဲပြားမှု့ကိုအခြေပြုလို့ ယဉ်ကျေးမှု့တွေကွဲပြား ဘာသာစကားတွေကွဲပြားပြီး
အမျိုးမျိုးပေါ်ထွက်လာတာမဟုတ်လား။ သက်ဦးစံပိုင်ဘုရင်ခေတ်တွေကိုထားတော့ လွတ်လပ်ရေးရပြီး
မြန်မာနိုင်ငံရယ်လို့စတင်ဖြစ်ပေါ်လာတုန်းက ဘယ်လောက်စည်းလုံးပြီး ဘယ်လောက်အထိတိုးတက်တဲ့နိုင်ငံအထိ
ဖြစ်ခဲ့ဘူးသလဲဆိုတာအားလုံးအသိ။ စစ်တပ်ကလက်နက်အားကိုးနဲ့ အာဏာသိမ်းပြီးနောက်ပိုင်းမှသာ
ဘုရင်ရူးတွေက တိုင်းရင်းသားတွေ ခွဲခြားဆက်ဆံ၊ အချင်းချင်းသွေးခွဲ၊ သူတို့အာဏာမြဲအောင်
အမျိုးမျိုး ရုတ်မာပက်စက်ကြနဲ့ အကွဲကွဲအပြဲပြဲဖြစ်ပြီး ငါကမွန်မှမွန် ငါကရခိုင်မှရခိုင်ဆိုပြီး
စိတ်တွေဖြစ်လာခဲ့ကြတာလေ။
ကျနော့်မိဘတွေက ကချင်ပြည်နယ်ရှမ်းရွာလေးတရွာကအခြေပြုပြီး ကျနော်လူ့လောကကိုရောက်လာခဲ့ရတယ်။
ကျနော် လေးနှစ်သားအရွယ်လောက်မှာ ရန်ကုန်ကိုပြောင်းရွေ့ပြီးကြီးပြင်းခဲ့တာကြောင့်ရန်ကုန်သားဗမာတယောက်အနေနဲ့ပဲကျင်လည်ခဲ့တယ်။
ဗမာအသိုင်းအဝိုင်းကြားထဲမှာပဲလေ။ အမေကကချင်ဇာတိဆိုတော့ ကချင်ပြည်နယ်ကအမေ့ဆွေမျိုးမောင်နှမအားလုံး ကချင်ရိုးယာအတိုင်းကချင်ဆိုတဲ့စိတ်နဲ့ပဲနေထိုင်ကြတယ်။
သူတို့တွေရဲ့အသွေးအသားထဲမှာ ကချင်အစားအစာတွေနဲ့ဒေသရဲ့ရာသီတွေက သူတို့ကိုကချင်ဖြစ်စေလိုက်တာလေ။
ကျနော်၆နှစ်သားလောက်မှာ ကချင်ပြည်နယ်ကို မိသားစုလုံးသွားပြီး မောင်နှမသားချင်းတွေအားလုံးရှင်ပြုသွားကြတော့
ကချင်ဒေသရဲ့အလှအပတွေ၊ ရိုးရာတွေကကျနော့်စိတ်အစဉ်ကိုဖမ်းစားခဲ့ဘူးတယ်။ ကချင်ပြည်နယ်က
အဖိုးမဖြတ်နိုင်လှတဲ့ ကြီးမားကျယ်ပြောလှတဲ့ ကျွန်းတောကြီးတွေ စတဲ့တောတောင်တွေရဲ့အလှအပနဲ့ ဒေသခံလူတွေရဲ့လူမျိုးမခြားရိုးသားလွန်းလှတဲ့ဓလေ့စရိုက်တွေကကျနော့်ကို မေ့မရအောင်ဆွဲဆောင်လွန်းလှတယ်။
ပြီးတော့ ကျနော်အသက်၂၀ကျော်လောက်မှာ ကချင်ပြည်နယ်မှာနေထိုင်တဲ့ ဆွေမျိုးတွေစီကို ထပ်ရောက်တော့ ကျနော်ဟာကချင်ဒေသရဲ့နေထိုင်မှု့ဓလေ့တွေ
ရိုးရာအစားအသောက်တွေနဲ့ သွေးချင်းစီးဆင်းနေတဲ့မောင်နှမသားချင်းသူတွေထဲကတယောက်ပါလားဆိုတာနားလည်လာတယ်။
အဲ့ဒီမှာရှမ်းအစားအစာတော်တော်များများကိုကချင်ရိုးရာအစားအစာလိုစားသောက်နေတာတွေ့ခဲ့ရတယ်။
ဒါကြောင့်ရှမ်းအစားအစာတွေမြင်ရင်ခုံမင်သလို၊ ကချင်အက ကချင်အလှတွေမြင်ရင် ကျနော်အင်မတန်နှစ်သက်လွမ်းမောမိတယ်။
ကျနော့်အမေကကချင်ပြည်နယ်မှာမွေးပေမဲ့အဖေကတော့ရှမ်းပြည်နယ်နန်းခမ်းမြို့မှာမွေးဖွားခဲ့တာပါ။
အဖေကလျှို့ဝှက်လွန်းပြီး ကျနော်တို့နဲ့လက်ပွန်းတတည်းမနေတဲ့သူဆိုတော့ အဖေ့ရဲ့နောက်ကြောင်းကိုတိတိကျကျမသိရ။
သူ့အကြောင်းလည်းမပြောဘူးသလို ရှမ်းပြည်လည်းတခါမှခေါ်မသွားဘူး။ သူကိုယ်တိုင်လည်း သူ့အမျိုးတွေနဲ့ဆက်သွယ်တာမရှိ။
တခါတလေအဖေ့အမျိုးတွေထဲကတယောက်တလေအိမ်ကိုလာကြလို့တွေ့ဘူးတာကလွဲရင် သူဘယ်လိုလူမျိုးကဆင်းသက်လာသလဲဆိုတာမသိရ။
အထက်လူအလိုကျ လက်ညိုးထောင်ခေါင်းငြိမ့်လုပ်မှ အရိုးအရင်းလောက်ကိုက်ခွင့်ရတဲ့ ခေတ်ကာလမှာ အားလုံးကိုဆန့်ကျင်တက်တဲ့ သူ့အပြုအမူ၊ ဒဲ့ဒိုးအပြောအဆို၊ ကြီးမားလွန်းတဲ့မာနနဲ့ ပညာအဆင့်အတန်းကိုကြည့်ပြီးတော့ပဲ
ကိုယ့်ဟာကိုခန့်မှန်းရတာပါ။ ကျနော်တို့မောင်နှမတွေရှမ်းနဲ့နီးစပ်တာဆိုလို့ ရှမ်းနာမည်ကိုယ်စီကိုယ်ငှမည့်ထားတယ်ဆိုတာလောက်ပဲသိပါတယ်။
အဖေမည့်ပေးထားတာတော့ဖြစ်ဟန်မတူ။ ကျနော် ကြီးပြင်းလာရတဲ့အသိုင်းအဝိုင်းကလည်းရှမ်းဆိုလို့တယောက်မှမတွေ့ရ၊
ဗမာတွေကြားထဲမှာပဲ ကြီးပြင်းလာတော့ ကိုယ်ကရှမ်းသွေးဆိုတာခပ်မေ့မေ့ရယ်။ အဲ့ဒီအချိန်တုန်းက
ရှမ်းအဆိုတော်တွေဖြစ်တဲ့ ဆိုင်းထီးဆိုင်တို့ ဆိုင်းဆိုင်မောတို့ခေတ်စားတဲ့ကာလဆိုတော့
သူတို့ရဲ့ ရိုးသားပွင့်လင်းတတ်တဲ့သီချင်းသံစဉ်တွေ သူတို့ဖော်ကျူးထားတဲ့ စွဲမက်ဖွယ်ရိုးရာဓလေ့တွေ လောက်နဲ့ပဲ ကိုယ်တိုင်ရှမ်းဆိုတဲ့ဂုဏ်ကိုနှစ်သက်ကျေနပ်ဘူးတာလောက်ပဲရှိတာပါ။
ဗမာအစားအစာ၊ ဗမာအသိုင်းအဝိုင်းတွေနဲ့ကြီးပြင်းလာရတဲ့ကျနော်ဟာ ဗမာထဲကဗမာပါ။ ကိုယ်တိုင်လည်း
ငါဘာလူမျိုးအသိအကျလည်းဆိုတာ စစ်စစ်နှိုက်နှိုက်မတွေးတောမစဉ်းစားဘူးခဲ့။ တာကြောင့် တချို့
ဘာလူမျိုးလဲလို့မေးရင်ခတ်လွယ်လွယ်ဗမာလို့ပဲဖြေတက်ပါတယ်။ အကြောင်းသိတဲ့
ပြောမနာဆိုမနာသူငယ်ချင်းတချို့ကတော့ မင်းကဗမာမဟုတ်ပါဘူး လအော့လအယ်ပါလို့ပြောလေ့ရှိကြတယ်။
ကျနော်စိတ်မဆိုး၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ယဉ်ကျေးသိမ်မွေ့တဲ့ဗမာနိုင်ငံမှာ
လူလာဖြစ်ခွင့်ရတာကျေနပ်တယ်။
88မှာ
ကျနော်မွန်ပြည်နယ်ကတောရွာလေးတွေတော်တော်များမှာနေထိုင်ခဲ့ဘူးတယ်။ မွန်ရွာလေးတွေရောက်တိုင်း
ကျနော်တို့ကိုဗမာတွေဆိုပြီး ခွဲခြားဆက်ဆံတာမတွေ့ဘူးခဲ့၊ ယဉ်ကျေးဖော်ရွေလွန်းပြီး မရှိရှိတာချကျွေးခဲ့ကြတာချည်းပဲ။
လူမျိုးကြီးစိတ်ဝင်နေတယ်လို့ ပြည်တွင်းမှာ ကြားခဲ့ဘူးတာတွေနဲ့တခြားစီ၊ ဒီလိုပဲ ကရင်ပြည်နယ်
မှာအခြေချတော့လည်း ရိုးသားပွင့်လင်းလွန်းလှတဲ့ အမှုအကျင့်တွေနဲ့ အားလုံးကိုညီအကိုမောင်နှမအရင်းတွေလို
ဆက်ဆံကြတာ။ ဒီလိုပါပဲ တခြားတိုင်းရင်းဒေသတွေမှာနေထိုင်ကြတဲ့ ချင်းတွေရခိုင်တွေစတဲ့တိုင်းရင်းသားအားလုံး
ဖြူဆင်ပြီး ချစ်ချစ်ခင်နေထိုင်ချင်ကြတယ်ဆိုတာသံသယရှိစရာမလို။ ဒါတောင်စစ်ပွဲတွေခုထိကြာရှည်အောင်ရှိနေတာ
အတော့ကိုခံပျင်းစရာ။ ဘုံရန်သူကိုတော်လှန်ယုံတင်မက
တိုင်းရင်းသားအချင်းချင်းလည်းတိုက်ကြခိုက်ကြနဲ့ အချိန်တွေကုန်ပြီး နိုင်ငံတိုးတက်အောင်လုပ်ဖို့ထက်
ပြည်တွင်းစစ်ပျောက်ကွယ်ဖို့ အသည်းအသန်လုပ်နေရတာခုထိ။ ကျနော်အရင်က တိုင်းရင်းသားတွေစုစည်းပြီး ကွဲပြားအောင်လုပ်နေတဲ့ဘုံရန်သူကို
တိုက်ခိုက်ပါတော့လားဆိုပြီး တွေးခဲ့ဘူးပါတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆွေစဉ်မျိုးဆက်ဦးနှောက်ကိုခြစား
ရှိသမျအချိန်ကို မိမိဘဝအသက်ရှင်ရေးအတွက်ပဲရုန်းကန်ဖို့
ရတဲ့ဘဝမှာနေရတာဆိုတော့ စည်းလုံးမှု့တွေ၊ လူလူခြင်းတန်ဘိုးထားနိုင်မှု့တွေနဲ့ အလှမ်းဝေးနေရတာပါပဲ။
တဖြေ;ဖြေ:နဲ့တော့
ပွင့်လင်းရာသီရောက်လာခဲ့ပါပြီ။ ကျနော်တို့တွေ သားစဉ်မြေးဆက်အကွဲကွဲအပြဲပြဲနဲ့ စစ်အာဏာရှင်တွေပျိုးထောင်ခဲ့တဲ့တယောက်ကိုတယောက်
မလိုမုန်းထားစိတ်ဓာတ်တွေ ဆက်လက်ရှိနေကြအုံးမှာလား။ ကျနော်တို့တွေအချိန်တွေ များစွာကုန်လွန်ခဲ့ပေမဲ့
ဆုတ်ရုတ်ခြင်းတွေနဲ့ပဲ ဖြတ်သန်းခဲ့ကြရတယ်။ ကျနော်တို့အားလုံးဟာဗမာပြည်မှာမွေးတာဗမာပါ။
မြန်မာနဲ့ဗမာကိုရှုပ်ထွေး စေခဲ့တာက လူမျိုးကြီးဝါဒကိုအသက်ဝင်အောင် အာဏာရစစ်တပ်အုပ်ချုပ်တဲ့
တော်လှန်ရေးကောင်စီ တပါတီစနစ်ခေတ် မှာ ဘုရင်ရူးနေဝင်ကဦးဆောင်ခဲ့ပြီးး (Burma) ဗမာ နိုင်ငံကိုမြန်မာနိုင်ငံဆိုပြီး
ပြောင်းလဲခဲ့တာကစတာပါ။ ဒါကြောင့် မြန်မာနဲ့ဗမာကိုလည်းခွဲခြားပြီးငြင်းခုံနေစရာလိုမည်မထင်။
ကျနော့်အဖေ ရှမ်းပဲဖြစ်ဖြစ် ကျနော့်အမေ ကချင်ပဲဖြစ်ဖြစ် ကျနော်ဟာဗမာပါ။ ။
မြန်မာနဲ့ဗမာကွဲပြားပုံကို
ရှင်းလင်းစွာသိရှိရန်သမိုင်းဆရာများရေးသားထားသော သမိုင်းမှန်အချက်အလက်များကို wikipedia
မှကူးယူပြီးအောက်မှာဖော်ပြလိုက်ပါတယ်။
(“တိုင်းရင်းသား အားလုံးဖြစ်သည့် မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း၊ ပအို့ဝ်၊
ကရင်၊ ကချင်၊ ချင်း အစရှိတဲ့ သူတွေနဲ့ နိုင်ငံခြားကနေ လာရောက် အခြေချ နေထိုင်သူ
တရုတ်၊ အိန္ဒိယ စတဲ့ လူမျိုးစုံ ပူးပေါင်း ပါဝင်ခဲ့သည့် ကိုလိုနီ ကျွန်ဘဝ
လွတ်မြောက်ရေး ကြိုးပမ်းမှုခေတ်မှာ သခင် ဘသောင်း (၁၉၀၂ –
၁၉၈၀) ဦးဆောင်တဲ့ လူမျိုးစုံ ပါဝင်တဲ့ သခင်ကြီးတွေရဲ့ “ဒို့ဗမာ အစည်းအရုံး” က တနိုင်လုံးမှာ ရှိသည့် လူမျိုး အသီးသီးရဲ့
အမျိုးသားရေးစိတ် နိုးကြားလာစေဖို့ နှိုးဆော်ရာမှာ ဒီနိုင်ငံဟာ “မြန်မာ” နိုင်ငံမဟုတ်၊ “မြန်မာ”
တမျိုးတည်း မပိုင်၊ “မြန်မာ” အပါအဝင် တိုင်းရင်းသား အားလုံးနဲ့ လူနည်းစု လူမျိုးစုများ ပိုင်တဲ့ နိုင်ငံဖြစ်တဲ့
အတွက် “ဗမာ” နိုင်ငံ လို့သာ
ခေါ်ဆိုရမယ် ဆိုပြီး “ဒို့ဗမာ အစည်းအရုံး ကြေညာစာတမ်း”
မှာ အတိအလင်း ရေးသား ဖော်ပြခဲ့သည်။ အဖွဲ့အစည်း နာမည်ကိုလည်း
အားလုံးကို ကိုယ်စားပြုနိုင်တဲ့ သဘော “ဒို့ဗမာ အစည်းအရုံး”
လို့သာ ပေးခဲ့ပြီး “ဒို့မြန်မာ အစည်းအရုံး”
လို့ မခေါ်တွင်စေခဲ့ပါ။ ဒါဟာ မြန်မာအပါဝင် တခြား လူမျိုးစုတွေ
မှီတင်းနေထိုင်နေတဲ့ နိုင်ငံရဲ့ နာမည်ကို
သမိုင်း အထောက် အထားနဲ့ ဘာသာဗေဒ သဘောအရလည်း ဆီလျော်ပြီး မြန်မာ လူမျိုးနာမည် အစမူလ
ဖြစ်တဲ့ “မြန်မာ” ကို မသုံးဘဲ
ဆင့်ပွားမူ “ဗမာ” ကိုသာ “ဒို့ဗမာ အစည်းအရုံးကြီး” က သုံးဖို့
ညွှန်းဆိုခဲ့ခြင်းပါ။”
“တိုင်းပြည်ကို ချောက်ထဲ လုံးလုံး ကျစေခဲ့တဲ့
စစ်အာဏာရှင်စနစ် စတင်ကျင့်သုံးတဲ့ ကာလမှာတော့ စစ်အာဏာရှင် အဆက်ဆက်ဟာ လူအများစု
ထောက်ခံမှုကို ရနိုင်ဖို့အတွက် အမျိုးသားရေး စိတ်ဓာတ်ကို အလွဲသုံးစားလုပ်ပြီး
လူမျိုးကြီးဝါဒ အတွေးအခေါ်၊ သဘောတရား တွေကို စိတ်ကြိုက် ဖန်တီးထားသည့် စာပေ၊
ရုပ်ရှင်၊ သမိုင်း၊ ပညာရေးစနစ် စတဲ့ လူထု ဝါဒဖြန့်ချိရေး ကြားခံတွေမှာ အကြီးအကျယ်
သွတ်သွင်းခဲ့သည်။ ဒါကြောင့် တိုင်းရင်းသား ပြဿနာ ပိုမို အမြစ်တွယ်ပြီး ဖြေရှင်းမရ
ဖြစ်ခဲ့မှုနဲ့ အတူ အကျိုးဆက် များစွာထဲက တခုကတော့ နိုင်ငံနဲ့ အများစု ရှိတဲ့
လူမျိုးရဲ့ နာမည်ဟာ မူရင်းနဲ့ ပြောင်းပြန် ဖြစ်ခဲ့ရသည်။ နိုင်ငံကို “မြန်မာ”၊ လူမျိုးကို “ဗမာ”
ဆိုပြီး နိုင်ငံကို “မြန်မာ” လူမျိုးသာ သီးသန့် ကိုယ်စားပြုတဲ့ နာမည် သုံးသလို၊ လူမျိုး နာမည်ကိုလည်း
ဒုတိယမူကွဲ “ဗမာ” အဖြစ်
သတ်မှတ်ခြင်းဖြင့် အမှန်တရားဟာ ပြောင်းပြန်လုပ်၊ လူမျိုးကြီး ဝါဒ ဇာတ်သွင်းခြင်း
ခံခဲ့ရသည်။ ဒါဟာ နိုင်ငံနာမည်နဲ့ လူမျိုးနာမည် မြန်မာလို အခေါ်ရဲ့ “အမှန်” “အမှား” သမိုင်းမှန်ပဲ
ဖြစ်သည်။ နိုင်ငံနာမည် အင်္ဂလိပ်လို အခေါ်ကို “Burma” ကနေ “Myanmar”
လို့ ပြောင်းတာကတော့ ၁၉၈၉ နဝတ စစ်အစိုးရခေတ်မှာ ဖြစ်ခဲ့သည်။”)
မှုရင်းကြည့်ရန်လင့်ကိုဖော်ပြပေးလိုက်ပါတယ်။
https://my.wikipedia.org/wiki/%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%BE%E1%80%84%E1%80%B7%E1%80%BA_%E1%80%97%E1%80%99%E1%80%AC
No comments:
Post a Comment