ABSDF နှင့်ကျနော်

ABSDF နှင့်ကျနော်

          ၈လေးလုံးအရေးအခင်းမှာ ကျောင်းသားများတောခိုတော့ ကျနော်တို့လုပ်သားကောလိပ်လည်းတောခိုလာခဲ့ကြပါတယ်။ ကျနော်တို့လုပ်သားကော်လိပ်အဖွဲ့လေးဆယ်နီးပါးလောက်ဟာဘုရား၃ဆူကိုဦးတည်ပြီး မွန်ရွာကရင်ရွာတွေကို ဒုက္ခအမျိုးမျိုးနဲ့ ကွေ့ဖြတ်ကျော်လွှားလာလိုက်ကြတာ ဘုရား၃ဆူရွာကို တလနီးပါးလောက်ကြာမှ ခြေချနိုင်ခဲ့ပါတယ်၊ အမှန်တကယ်ဆို၄ရက်နဲ့ရောက်နိုင်တဲ့ခရီးပါ၊ လူမသိအောင် လာရတာဆိုတော့ ညအချိန်ကိုမှရွေးရပါတယ်၊ စစ်တပ်မလိုက်လာနိုင်တဲ့ နယ်မြေအထိ ပြေးတဲ့အခါပြေး ပုန်းတဲ့အခါပုန်းနဲ့ တကဲ့ကိုစိတ်လှုပ်ရှားစရာ စွန့်စားမှု့ရဲ့အစပါ၊ ခါးလောက်မြှုပ်အောင်ရေကြီးနေတဲ့ တောလမ်းတလျောက်် မှောင်မှောင်မဲမဲ လျှောက်ခဲ့ရတာတွေ၊ ရေစီးသန်လွန်းတဲ့ဆင်သေချောင်းကို ကြိုးတန်းပြီး ခက်ခက်ခဲခဲ ကျော်ပြတ်ရတာတွေ၊ ဟာလာဟင်းလင်းတောထဲ ပုဆိုးခြုံအိပ်ရတာတွေ အစုံအစုံပါပဲ၊ လက်နက်ကိုင် တော်လှန်ရေးခရီးလမ်းအစရဲ့ ဒုက္ခခဲလေးတွေ စတင်မြည်းစမ်း ကြည့်ခြင်းပါပဲ၊ အားလုံးကဘယ်လောက်ပဲဒုက္ခရောက်ရောက် တကယ့်ကိုတက်တတ်ကြွကြွရယ်၊ မွန်ရွာတရွာမှာကျနော်တို့ ကိုထွန်းအောင်ကျော်တို့အဖွဲ့နဲ့တွေ့ပြီး အတူခရီးဆက်ခဲ့ကြပါတယ်၊ တရွာဝင်တရွာထွက်နဲ့ခရီးဆက်လာရင်းလူအုပ်ကြီး တိုးပွားလာလိုက်တာ ဘုရား၃ဆူရောက်လာတော့ ထောင်နဲ့ချီသော လူအုပ်ကြီးဖြစ်နေပါပြီ၊ ဘုရား၃ဆူရောက်တော့ ကရင်တော်လှန်ရေး တပ်မတော်နဲ့ မွန်တော်လှန်ရေး တပ်မတော်တို့ နယ်မြေကိစ္စအငြင်းပွားစစ်ဖြစ်ပြီးကာစမို့ တရွာလုံးပျက်စီးနေပါတယ်၊ ရွာထဲမှာဘယ်သူမှ မနေတော့ပါ၊ နေစရာအိမ်လည်းတအိမ်မှမကျန်တော့ပါ၊ မိုင်းလည်းမရှင်းရသေး၊ ကျနော်တို့လုပ်သားအုပ်စုက မီးတဝက်လောင်ထားတဲ့ဘုန်းကြီးကျောင်းပေါ်နေရာယူလိုက်ကြပါတယ် စစ်ဖြစ်ထားတဲ့ကာလဖြစ်တာကြောင့် ကေအန်ယူအကူအညီနဲ့ရောက်လာတာဆိုသော်လည်း ဆားနှင့်ဆန်တာထောက်ပံ့နိုင်ပါတယ်၊  ဒါကြောင့် မိုင်းမရှင်းရသေးတဲ့ရွာပျက်ထဲဝင်၊ မိုင်းမကြောက်ဘာမကြောက် သံတိုသံစတွေကောက် ထိုင်းဘက်ကမ်းကရွာကိုသွားရောင်း၊ ရှည်လျားလေးလံလှတဲ့ကြိမ်တွေထမ်းပို့တဲ့အလုပ်လုပ်၊ တခါတရံတောထဲမျှစ်ချိုး သစ်ဥသစ်ဖုရှာ စတဲ့ကြုံရာအလုပ်ကိုဝိုင်းဝန်းလုပ်ကိုင်ကြရပါတယ်၊ တကယ့်ကိုတက်ညီလက်ညီပါ၊ ကောင်းကောင်းအမှတ်ရစရာတခုကတော့ အဲ့ဒီလိုရှာဖွေရတဲ့ပိုက်ဆံနဲ့စုပေါင်းပြီးဘုန်းကြီးဆွမ်းကပ်ကြခြင်းပါ၊ စစ်ဒဏ်ကြောင့်တဝက်တပျက်မီးလောင်ပျက်စီးထားတဲ့ ဘုန်းကြီးကျောင်းပျက်ထဲမှာပါ၊ ကျနော်က ၃လက်မလောက်ရှိတဲ့ ဘုရားရုပ်ထုတော်ကို မီးလောင်ကြွမ်းပြီး လဲကျနေတဲ့ သစ်သားကြားတွေထဲကနေ တွေ့ရှိလို့ဆေးကျောသန့်စင်ပြီး အဲ့ဒီပွဲမှာ လှူလိုက်ပါတယ်၊ မီးလောင်ထားတဲ့ ဒဏ်ကြောင့် တခြမ်းတော့ မဲနေပါတယ်၊ အဲ့ဒီအလှူပွဲမှာ ဝမ်းနဲလို့လား ဝမ်းသာလို့လားမသိ ကျနော်အပါအဝင်  တော်တော်များများ မျက်ရည်ကျကြပါတယ်။

ဒီလိုနဲ့ အဲ့ဒီရွာနားကတောထဲမှာသစ်တောကို ကျောင်းသားတွေကိုယ်တိုင် ခုတ်ထွင်ရှင်းလင်း ကိုယ်တိုင်တဲအိမ်ဆောက်လုပ်ပြီး ကေအင်န်ယူနယ်မြေအတွင်း တတ်တတ်မှတ်မှတ် နေရာတခု ရယူခဲ့ကြပါတယ်၊ မြန်မာတနိုင်ငံလုံးရှိ နယ်အသီးသီးကတောခိုလာကြတဲ့ ကျောင်းသားတွေစုပေါင်းပြီး ABSDF (All Burma Students Democratic front) ကျောင်းသား တပ်မတော်ပေါ်ပေါက်လာတော့ ကျနော်တို့ဘုရားသုံးဆူရှိတပ်ရင်းကို တပ်ရင်း၁၀၁ အဖြစ်သတ်မှတ်ခဲ့ကြပါတယ်၊ အဲ့ဒီမှာကျနော်က စစ်သင်တန်းအတွက် PT ဆရာအဖြစ် တာဝန်ယူခဲ့ရပါတယ်၊ ဘုရား၃ဆူကို ဗကသမှ ကိုဝင်းမိုးဦးဆောင်တဲ့အဖွဲ့ ရောက်ရှိလာပြီးနောက်ပိုင်း သူတို့အဖွဲ့ကို မနက်ပိုင်းအပြေးလေ့ကျင့်ပေးရပါတယ်၊ သူတို့အဖွဲ့ဟာ ကိုင်တွယ်ရအခက်ဆုံးအဖွဲ့ပါ၊ မဟုတ်မခံဇက်ဇက်ကျဲအဖွဲ့ပါ၊ ဆရာ၃ ၄ယောက်ပြောင်းလဲကိုင်တွယ်ခဲ့ရပါတယ်၊ နောက်ဆုံးကျနော့်အလှည့်ရောက်လာပါတော့တယ်၊ ခပ်ကြမ်းကြမ်းဆရာကိုင်ရင်ပြဿနာတက်လွန်းလို့ ခပ်အေးအေးနေတဲ့ကျနော်ကိုကိုင်ခိုင်းဟန်တူပါတယ်၊ အစပိုင်းမှာတော့တော်တော်ကိုင်ရခက်ပါတယ်၊ ကျနော်က မဆလခေတ်စစ်တပ်မှာနေခဲ့ဘူးတော့အကျင့်ပါနေကြအတိုင်း မဆလစစ်သံနဲ့အော်ပြီးအမိန်ပေးတဲ့အခါ ပြေးနေရင်း လိုင်းထဲကနေ မဆလအသံနဲ့မအော်ပါနဲ့တို့ဘာတို့လှမ်းအော်ပါတယ်၊ လက်မြှောက်ပြီးပြေးပါဆို လက်ချပြီးပြေးတယ်၊ လက်ချဆိုလက်မြှောက်တယ် အဲ့လိုကန့်လန့်လူစားမျိုးတွေပါ၊ အားလုံးတော့မဟုတ်ပါ၊ တချို့ကတော့ ကန့်လန့်လုပ်သူတွေအတွက် အားနာနေဟန်ရှိပါတယ်၊ အဲ့ဒီအကြောင်းကို ကျနော်ဘယ်သူမှမပြောဖြစ်ပါ၊ ဒါပေမဲ့ PT လေ့ကျင့်ချိန်မှာ ကိုဝင်းမိုးနဲ့ရွာထဲက  PT ပြေးရာလမ်းဘေးရှိ လက်ဘက်ရည်ဆိုင်မှာ စကားပြောရင်း အဲ့ဒီအကြောင်းကို ဆွေးနွေးဖြစ်ပါတယ်၊ ကိုဝင်းမိုးကတော့ သဘောထားပြည့်ဝသူတယောက်ပါ၊ ဒါနဲ့ပဲ အဲ့ဒီလက်ဘက်ရည်ဆိုင်ဟာ ကျနော်တို့ရဲ့PT ပြီးဆုံးရာနေရာဖြစ်သွားပြီး နောက်ပိုင်းတော့ကျနော်နဲ့ အတော်လေးအဆင်ပြေသွားပါတယ်၊ မှတ်မှတ်ရရ အဲ့ဒီအုပ်စုထဲက ကိုကျော်တင့်ဆိုသူက ကျနော်ကိုသူ့ညီရင်းတယောက်လို အရမ်းကိုခင်မင်လာပါတယ်၊ သူကအရပ်ရှည်ရှည်အသားမဲမဲ နှခမ်းမွေးနဲ့ရုပ်ရှင်ထဲကလူကြမ်းပုံပါ၊ တရုတ်ကွန်ဖူးကိုလဲအင်မတန်နှစ်သက်ပြီး ခပ်မိုက်မိုက်ပုံစံနေထိုင်သူပါ၊ တခါတခါကွန်ဖူး သိုင်းကွက်များ လုပ်ပြလေ့ရှိပြီးပေါင်းသင်းဆက်ဆံရေးကောင်းတာကြောင့်ခင်မင်သူများအတော်များပြားလှပါတယ်၊ သူ့ရဲ့ကျေးဇူးကြောင့်လဲသူတို့အုပ်စုနဲ့  အဆင်ပြေလာတာပါပါတယ်၊ ဒါပေမဲ့သူတို့အဖွဲ့ဟာတပ်ရင်းထဲမှာတော့ အတိုက်အခံအဖွဲ့ တခုလိုဖြစ်နေခဲ့ပါတယ်၊ အဓိကကတော့ ဆရာအဖွဲ့နဲ့ပြဿနာတွေ တက်လာခဲ့ခြင်းပါ၊ ဆရာတချို့ရဲ့မှားရွင်းတဲ့   လုပ်ရပ်တွေကြောင့်လဲပါပါတယ်၊ ဆရာတချို့က နီးစပ်ရာခင်မင်ရာတွေဆီကနေ ကျည်ဆံတချို့  ရကြပါတယ်၊ သူတို့ကကိုယ့်ဟာကိုယ်ရတာပဲဆိုပြီး လိုရာသုံးပါတယ်၊ ရောင်းပြီးအရက်သောက်ကြပါတယ်၊ ပြဿနာရှာချင်တဲ့သူတွေနဲ့တွေ့တော့ တပ်ရင်းကျည်ဆံတွေ ခိုးရောင်းတယ်ဆိုပြီး ပြဿနာတက်တော့တာပါပဲ၊ ဆရာဆောင်ကိုညဖက် ဓားတွေတုတ်တွေကိုင်ပြီး ခဲတွေနဲ့ဝိုင်းပစ်ကြတဲ့အထိဖြစ်လာပါတယ်၊ အဲ့ဒီအချိန်မှာကျနော်ကအိပ်ပျော်နေတာပါ၊ အိပ်ရာကိုခဲကျလို့ လန့်နိုးပြီး ဘာမသိညာမသိအပြင်ကိုထွက်ကြည့်မိပါတယ်၊ လူအရောက်၂ဝလောက် တဲကို တုတ်တွေဓားတွေနဲ့ ဝိုင်းထားကြတာ မှောင်မှောင်မဲမဲသစ်ပင်ကြားတွေမှာ တွေ့ရပါတယ်၊ ကျနော်ထွက်လာတာကို အဲ့ဒီထဲကကိုကျော်တင့်က လှမ်းမြင်ပြီး “ဟေ့ကောင်တွေ - အဲ့ဒါ ငါ့ညီသူ့ကိုမထိနဲ့” ဆို ပြီးလှမ်းအော်ပါတယ်၊ ကျနော်လဲချက်ခြင်း အဆောင်ထဲ ပြန်ဝင်ရပါတယ်၊ ကံကောင်းလို့ဘာမှ မဖြစ်တာပါ၊ အဲ့ဒီအချိန်သေနတ်မရှိကြသေးပါ၊ ဆရာတွေမှာလဲလက်ကြီးဗလာသက်သက်ရယ်၊ ဆရာတွေက ဘာမှပြန်မလုပ်ပြန်မပြောတော့ သူတို့ဟာသူတို့ ပြန်နောက်ဆုတ်သွားကြပါတယ်၊ နောက်နေ့ချက်ချင်းပဲ ကေအင်န်ယူဆီက အကူအညီတောင်းပြီးဆရာဆောင်မှာသေနတ်ဆောင်ထားရပါတယ်၊ ဒါဟာ နယ်မြေတခုထဲမှာ နောက်ပိုင်း တပ်ရင်း၁၀၁ ကနေ (၁၀၁၊ ၁၀၂) ဆိုပြီးနှစ်ပိုင်း ကွဲသွားကြခြင်းပြဿနာရဲ့ အခြေခံအကြောင်းရင်းတခုလို့မြင်မိပါတယ်၊

တပ်ရင်းမှာနေစဉ်တရက် ဗဟိုမှစစ်ရေးတာဝန်ခံကိုထွန်းဦးနဲ့ ကိုအောင်ကြည်ဦးတို့မှ ဆွေးနွေးလာပါတယ်၊ လုပ်သားကောလိပ်အဖွဲ့တချို့ကို မြန်မာပြည်လျှို့ဝှက်ပြန်ပြီး သီးသန့်မြေအောက်တော်လှန်ရေးလုပ်ဖို့ပါ၊ ပြည်တွင်းမှာလဲခိုင်မာတဲ့ မြေအောက်တော်လှန်ရေး လုပ်သားကောလိပ်ရှိနေပြီးသားဆိုတော့ လုပ်သားကောလိပ်ကို တာဝန်ပေးခြင်းဖြစ်တန်ရာပါတယ်၊ အဲ့ဒီအဖွဲ့မှာကျနော်ရယ် အောင်နိုင်ရယ် အထုပ်ကြီးခေါ်ကိုသက်နိုင်ရယ် ဆရာနေလင်းနဲ့မခိုင်ရယ်ပါ၊ ဒီအချိန်မှာလုပ်သားကောလိပ်ရဲ့အခြေအနေဟာ စည်းကမ်းရှိတယ် ညီညွတ်တယ်ဆိုပြီး နာမည်ရနေတဲ့အချိန်ပါ၊ ဗဟိုမှာကိုမောင်မောင်ကြီးက တပ်ရေးဗိုလ်ကြီးအဆင့်လောက်မှာရှိနေပြီး ကိုအောင်သိန်းကရုံးတာဝန်ခံပါ၊ ကျနော်တို့ကိစ္စကို သူတို့လဲသိသင့်သလောက်သိပါတယ်၊ မြန်မာပြည်မလွှတ်ခင်ကျနော်တို့ကို လူခွဲပြီးသင်တန်းများ တက်ခိုင်းပါတယ်၊ ပထမအဆင့်အနေနဲ့ ဒညတမှာဖောက်ခွဲရေးသင်တန်းတက်ရပါတယ်၊ အဲ့ဒီမှာကျနော်ရယ်အောင်နိုင်ရယ်အတူတူတက်ရပါတယ်၊ ကောင်းကောင်းစားကောင်းကောင်းနေရပါတယ်၊ ဒါပေမဲ့သင်တန်းမှာစာတွေ့တာသင်ပြီး လက်တွေ့ပေးမလုပ်တာကြောင့် ဖောက်ခွဲရေးအကြောင်းကောင်းကောင်းမမှတ်မိတော့ပေမဲ့ သင်တန်းနားကတောထဲမှာ မျောက်တွေကိုအမဲလိုက်တာတွေ သစ်ခွရှာတာတွေတော့ ကောင်းကောင်းမှတ်မိပါသေးတယ်၊ အဲ့ဒီမှာမြွေသားတို့ မျောက်သားတို့ သမင်သားတို့ သားကောင်တော်တော်များများစားခဲ့ဘူးပါတယ်၊ မျောက်ဖမ်းရတာအလွယ်ဆုံးပါ၊ ကားပေါ်ကတောင်ဆင်းဖို့ မလိုပါ၊ မျောက်မျက်နာကိုစလိုက်မီးနဲ့ တည့်တည့်ထိုးပြီးပစ်ရုံပါပဲ၊ သင်တန်းပြီးတော့ ဝမ်ခစခန်းမှာ အထူးသင်တန်းသွားတက်ရပါတယ်၊ ကေအမ်ယူကသင်တန်းပေးတာပါ၊ အတော်ကြမ်းတဲ့သင်တန်းလို့ ပြောရမှာပါ၊ ပေ၃ဝမြင့်ပြီးအရှည်ပေရဝလောက်ရှိတဲ့ကြိုးတန်းကိုဘာမှအကူမပါပဲတက်ပြီးကူးဖြတ်ရပါတယ်၊ အောက်ကလည်းဘာမှအခံမရှိတဲ့မြေမာပါ၊ ကျရင်တော့သေဖို့ပါပဲ၊ မကျအောင်သတိထားပြီး အတော်ကြာအောင် ကူးယူရပါတယ်၊ အောက်ပြန်အဆင်းမှာတော့ ကြိုးတန်းပေါ်မှာတောင့်ခံထားရတဲ့ဒဏ်ကြောင့် ဒူးများတောင့်တင်းနေပြီး တော်တော်နဲ့ လမ်းလျှောက်လို့မရပါ၊ အခက်အခဲပြေးတဲ့နေရာမှာလည်း ရုပ်ရှင်ထဲကကွန်မန်ဒိုသင်တန်းအတိုင်း သံဆူးကြိုးအောက်ဝင်ရတာတို့ တိုင်တွေအမြင့်တွေပေါ်ဟိုကျော်သည်ကျော် ဟိုတက်သည်တက် အစုံ လုပ်ရပါတယ်၊ သတ်မှတ်ထားတဲ့အချိန်အတိုင်း မရောက်ရင်ပြန်လုပ်ရပါတယ်၊ သင်တန်းသားကြားထဲကို လေ့ကျင့်ရေးဗုံးတွေ ပစ်ထည့်တာတို့လည်းလုပ်ပါတယ်၊ အဲ့ဒါကိုရအောင်ရှောင်ရတာပါ၊ လူမသေနိုင်စေပေမဲ့ လူကိုတည့်တည့်ထိရင်တော့ ထိခိုက်ဒဏ်ရာရစေပါတယ်။ ကြယ်လောင်တဲ့မြည်ဟီးသံနဲ့အတူမီးမှုန်မီးပွားများပါထွက်တာကြောင့် ထိပ်လန့်ဖွယ်ပါ၊ ကျနော့်နားဘယ်အချိန်ကျလာမလဲလို့ရင်တထိတ်ထိတ်နဲ့ အမြဲသတိရှိနေရပါတယ်။ ကျနော်တို့အဖွဲ့ရဲ့ သင်တန်းဆရာက ငယ်ငယ်ပုပု ကရင်ဆရာလေးပါ၊ သင်တန်းလဲပြီးရော ကျနော်တို့ကိုသင်တန်းမှာပြောမှားဆိုမှားရှိရင်ခွင့်လွတ်ပါဆိုပြီး အားလုံးရှေ့ကနေ ထိုင်ရှစ်ခိုးပါတယ်၊ ဘယ်လောက်အထိရိုးသားလဲဆိုတာပါ၊ သင်တန်းပြီးသွားတော့ ဘယ်ဆက်သွားရမှန်းမသိပဲ အဲ့ဒီဝမ်ခရွာမှာသောင်တင်နေပါတော့တယ်၊ အဲ့ဒီမှာအငယ်လေးရယ် ကျနော်ရယ် ကိုအောင်ကြည်ဦးရယ် ၃ယောက်ဆုံဖြစ်ပါတယ်၊ ကျနော်တို့ အထက်ကအမိန်ကိုစောင့်ရင်း တခါတလေ ကိုအောင်ကြည်ဦးဘယ်က အလကား ရ ထားမှန်းမသိတဲ့ ဂီတာစုတ်ကလေး တီးကြတာတို့ ရွာထဲကကရင်မလေးတွေကို သွားသွားငမ်းကြတာတို့ အတူတူလုပ်ကြပါတယ်၊ အတော်လှတဲ့ အကဆရာမလေးတယောက်ကိုတောင် evergreen လို့ကိုယ့်ဟာကိုနာမည်ပေးပြီး သူအကသင်တာကို သွားသွားရစ်ကြတာ မှတ်မိပါသေးတယ်၊ သူ့ရဲ့နှစ်လိုဖွယ်အပြုံးနဲ့ကဟန်ကိုမြင်ရတာအေးချမ်းလွန်းလို့လေ၊ ဟိုကတော့ကျနော်တို့ကို ဖုတ်လေတဲ့ငပိရှိတယ်လို့တောင်သိပုံမရပါ၊ ဒီလိုနဲ့ တရက်ကျနော် ငှက်ဖျားတက်ပြီးသတိလစ်ပါတယ်၊ ပြန်သတိရတဲ့အချိန်မှာဘာမှချက်ချင်းမမှတ်မိပါ၊ ဘယ်ရောက်လို့ဘာဖြစ်နေမှန်းကိုမသိပါ၊ မြန်မာပြည်မှာလား တောထဲမှာလား ဆိုတာတောင်မသိတော့ပါ၊ကိုယ်နဲ့အနီးဆုံးလူတွေရဲ့နာမည်ကိုတောင်မမှတ်မိနိုင်တော့ပါ၊ ကိုယ့်ရဲ့မောင်နှမသားချင်းတွေကဘယ်သူတွေလဲ၊ ဘယ်လိုလို့တောထဲရောက်လာသလဲဆိုတာချက်ချင်းမမှတ်မိပါ၊ နောက်မှ တဖြည်းဖြည်း ပြန်စဉ်းစားယူရပါတယ်၊ ကျနော်ဖျားနေစဉ်၊ အတော်ချောတဲ့ကုလားဆင် ကောင်မလေးတယောက် လာလာပြုစုပေးပါတယ်၊ သူကနာမည်ကြီးပါ၊ ရှုတ်ရှုတ်ရှက်ရှက်ဆိုပြီး နာမည်ကြီးနေတာပါ၊ ညအချိန်မတော်ကောင်လေးတွေနဲ့ ဟိုချိန်းတွေ့ဒီချိန်းတွေ့လုပ်တတ်လို့ပါ၊ ၊ အဲ့ဒီအချိန်က ကျနော့်စိတ်ထဲမှာ သူလာတာ ကျေနပ်မိပေမဲ့ သူများတွေတမျိုးမြင်တော့မှာပဲဲဆိုပြီး အတော်စိုးရိမ်စိတ်ရှိခဲ့ရပါတယ်၊ နောက်ပိုင်း သူပျောက်သွားပါတယ်၊ မြန်မာပြည်ကိုပြန်ပို့လိုက်တယ်လို့ ကြားရပါတယ်၊ ကျနော်လည်းဆရာမစင်သီရာမောင်ဆေးခန်းမှာငှက်ဖျားကုရင်းတရက်ထူးထူးဆန်းဆန်းအိမ်မက်တခုမက်ပါတယ်။ အိမ်မက်ထဲမှာကျနော်ကမြူမှုန်လေးတခုအနေနဲ့ပါ။ ကျနော့်ကိုလူအုပ်ကြီးကဒုတ်တွေနဲ့ဝိုင်းရိုက်ကြပါတယ်။ ကျနော်ခန္ဓာကိုယ်ကအမှုန်အမွှားတခုလိုဖြစ်နေတော့ကျနော့်ကိုမထိပါ။ သူတို့ရိုက်လေလေအပေါ်ကိုဝေ့ဝိုက်ပြီးရောက်သွားလေလေပါ။ နောက်ဆုံးတော့သူတို့ရိုက်တဲ့လေအရှိန်ကြောင့် ကျနော့်ခန္ဓာကိုယ်အမှုန်လေးဟာအဲ့ဒီလူအုပ်ကြီးနဲ့ဝေးသထက်ဝေးတဲ့အထက်အမြင့်ဆီရောက်သွားပါတော့တယ်၊ ထူးဆန်းတဲ့အိမ်မက်မှန်းသိပေမဲ့ဘာကိုမှမစဉ်းစားမတွေးတောမိခဲ့ပါ။ ဒီလိုနဲ့တရက် ဝမ်ခစခန်းကို အစိုးရစစ်တပ်မှ ထိုးစစ်ဆင်လာပါတယ်၊ ဝမ်ခစခန်းဟာ ရန်သူထိုးစစ်ဆင်ဖို့အင်မတန်ခက်ခဲတဲ့နေရာပါ၊ ရန်သူလာမဲ့ လမ်းဘက်မှာ တောင်နှစ်လုံးကသဘာဝကာပြီးသားပါ၊ တောင်တွေရဲ့အပေါ်မှာစစ်တပ်အစောင့်များချထားလေ့ရှိပါတယ်။ အဲ့ဒီမှာတိုက်ပွဲဖြစ်တာပါ။ တခါ ရှေ့တန်းတနေရာကို ညနေပိုင်း ရိတ်ခါ သွားပို့ပေးရပါတယ်၊ ကံကောင်းတော့ တိုက်ပွဲခဏနားနေတဲ့အချိန်နဲ့ သွားကြုံနေပါတယ်၊ ဟိုဘက်ဒီဘက်နီးနီးလေးပါ၊ တောင်ပေါ်ကနေအောက်ကိုလှမ်းကြည့်ရင်လှုပ်လှုပ် လှုပ်လှုပ်နဲ့မြင်နေရပါတယ်၊ ရန်သူတက်လာရင် ဂတုတ်ကျင်းထဲကနေချိန်ပြီးထိုင်ပစ်နေယုံပါ၊ ဒီလိုလူသတ်ကွင်းဖြစ်အောင် ဖန်တည်းပြီးဝမ်ခစခန်းကို တည်ထောင်ထားတာပါ၊ ဒီလိုအခြေအနေမျိုးကို အစိုးရစစ်တပ်က လူအင်အား နဲ့လက်နက်အင်အားအဆမတန်သုံးကာ ရအောင်တိုက်စစ်ဆင်ပြီး ပထမတောင်ကိုသိမ်းလိုက်ပါတယ်၊ ဝမ်ခရွာနဲ့ တောင်တစ်တောင်တော့ ခြားနေပါသေးတယ်၊ ဟိုဖက်အခြမ်းမှ ခြားနေတဲ့တောင်ကို ကျော်ပြီး နှေ့စဉ်ရက်ဆက် လက်နက်ကြီးနဲ့ လှမ်းထုပါတယ်၊ ဝမ်ခရွာကတောင်ဘေးမှာရှိတာကြောင့် လက်နက်ကြီးကျည်ဆံက ရွာကို ကျော်ပြီးမှကျပါတယ်၊ ရွာထဲကနေလှမ်းကြည့်ရင် မိုးပေါ်ပျံနေတဲ့ လက်နက်ကြီးကျည်ဆံတွေကို တွေ့နေရပါတယ်၊ ကျနော်တို့သင်တန်းသားများကိုတော့ အတွေ့အကြုံမရှိသေးလို့ဆိုပြီးမတိုက်ခိုင်းပါ၊ ဒါကြောင့်ကျနော်ရယ် ကိုအောင်ကြည်ဦးရယ် အငယ်လေးရယ် ၃ယောက်သား ရွာကိုကျော်သွားနေတဲ့ အမြှောက်ဆံများကို ဂတုတ်ကျင်းထဲမှကြည့်ပြီး ဂီတာတီးလိုက်သီချင်းဆိုလိုက်နဲ့ အချိန်ဖြုန်းပါတယ်၊ ရွာသားတွေကတော့ အကုန်ပြောင်းရွှေ့ကုန်ကြပါပြီ၊ အစိုးရစစ်တပ်ကလည်း ကျန်နေတဲ့တောင်ကို ထပ်သိမ်းဖို့ကြိုးစားနေပါတယ်၊ ဒုတိယမြောက်လူသတ်ကွင်းကို မိုက်ရူးရဲစွာ ကျော်ဖြတ်ဖို့ကြိုးစားခြင်းပါ၊ သူတို့ဖက်မှစစ်သားများ သောက်သောက်လဲသေကြေကြသော်လည်း မိုက်ရူးရဲစွာအသေခံတက်လာကြပါတယ်၊ နောက်ဆုံးအားလုံးဆုတ်ပေးဖို့ ရက်တတ်မှတ်လိုက်တာသိရပါတယ်၊ ကရင်စစ်သားများက “ဒီကောင်တွေ လူတွေမဟုတ်ဘူး သူတို့ကိုသတ်ရလွန်းလို့ ငါတို့လက်တွေ မကွေးနိုင်တော့ဘူး ဆုတ်တာပဲကောင်းတယ်”လို့ ပြောပါတယ်၊ ကျနော်ကတော့ဘယ်သွားရမှန်းမသိလို့ နောက်ဆုံးအုပ်စုနဲ့မှဆုတ်ဖြစ်ပါတယ်၊ ဆုတ်တဲ့လမ်းကြောင်းကိုလည်းလက်နက်ကြီးနဲ့လှမ်းထုလို့ ပြေးရပါသေးတယ်။
ဒီလိုနဲ့ နောက်ဆုံးတော့ ဘုရား၃ဆူတပ်ရင်းကို ပြန်ရောက်လာပါတော့တယ်၊ တပ်ရင်းပြန်ရောက်တော့အားလုံးပြောင်းလဲနေပါပြီ၊ တပ်ရင်းတခုကနေတပ်ရင်း၂ခုတို့ကွဲသွားခဲ့ပါပြီ၊ ကျနော်တို့ကိုတာဝန်ပေးလိုက်တဲ့ ကိုထွန်းဦးလည်းဆုံးပါးသွားခဲ့ပါပြီ၊ အရင်ကအတိုက်အခံအဖွဲ့လိုနေလာခဲ့တဲ့ကိုဝင်းမိုးတို့အုပ်စုလည်း နေရာတော်တော်များများကိုရယူထားနိုင်ပါပြီ။ဗဟိုမှာလဲ နေရာရဖို့ အကြီးအကျယ်တိုက်ခိုက်နေချိန်ဖြစ်ပါတယ်၊ ကျနော်တို့အပေါ်တာဝန်ခံနိုင်သူမရှိတော့ပါ၊ သိသူများလဲတာဝန်မယူရဲတော့ပါ၊ မြန်မာပြည်ကပြန်လာသူများအဖြစ် မယုံသင်ကာမျက်လုံးများဖြင့်သာ အကြည့်ခံရပါတော့တယ်၊ ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ ဆိုတဲ့မေးခွန်းမျိုးတောင်မေးသူမရှိတော့ပါ၊ တောစခိုစဉ် လုပ်သားကောလိပ်အဖွဲ့ကိုလမ်းတလှောက်လုံးအပြုံးမပျက်ရလေအောင် ဟာသတွေနဲ့ အမြဲပြောဆိုပြီးဖင်ပုပ်ခေါင်းပုပ်နေလာခဲ့တဲ့ကိုမောင်မောင်ကြီးပင်လျင် ကျနော်တို့အပေါ်ခပ်စိမ်းစိမ်းပါ၊ သူလည်းဗဟိုမှာ တာဝန်ကြီးတဲ့ အလုပ်တခုကိုရထားတော့ ကျနော်တို့ကိုလှဲ့မကြည့်နိုင်တာဖြစ်ပါလိမ့်မယ်၊ ထမင်းစားချိန်ရောက်လျင် စိတ်အညစ်ရဆုံးပါ၊ ကျနော်တို့အတွက် ကိုယ်တာမပါလို့ဆိုပြီး ပြဿနာတက်ရတာ ခဏခဏပါ၊ ဘာတာဝန်မှလဲမပေးတော့ပါ၊ ကိုယ်တိုင်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိတော့ပါ၊ ကိုယ့်ကို တပ်ဖွဲ့ဝင်အဖြစ် အသိအမှတ်မပြုတော့သလိုခံစားလာရပါတယ်၊ မြေအောက်စစ်ဆင်ရေးလုပ်မည့်သူတွေကိုလည်းတပ်ရင်းထဲမှာတစ်ယောက်မှမတွေ့ရတော့ပါ။ ဆရာဆောင်မှာ အတူနေခဲ့တဲ့ ကိုညိုမှိုင်းပင်လျင် သေနပ်ကိုင်ထားတဲ့ သူ့လူ၂ယောက်ကို “ဒီကောင်စစ်ပြေးဒီကောင်ကိုဖမ်းလို့ရတယ်” ဆိုပြီးရွာထဲကလမ်းဘေးပွဲတခုမှာတွေ့လို့ ပြောဆိုခံခဲ့ရတာ မှတ်မိပါသေးတယ်၊ နောက်ဆုံးတော့ အပြင်မှာနေဖို့ ဆုံးဖြတ်ပြီး ကိုယ့်သဘောနဲ့ကိုယ် ထိုင်းဖက်ကမ်းက ဘုရား၃ဆူ အရက်ဘားစားသောက်ဆိုင်တခုမှာ အလုပ်သွားလုပ် နေလိုက်ပါတော့တယ်၊ ဒီလိုနဲ့ ABSDF နဲ့ကျေနော် စာစီးစွာ ကင်းကွာလာခဲ့ရပါတယ်။
အောင်ကိုဦး၊ သက်တင်ဦးတို့နှင့်အတူ


ကရင်ဆရာလေးနှင့်အတူ



No comments:

Post a Comment