မြန်မာပြည်ဟာတကယ်တော့ ကျနော်တို့ကိုရသတွေမျိုးစုံအောင်ပေးနိုင်စွမ်းတယ်။ ကြောက်စရာ၊ ရင်ခုန်စရာ၊ ဝမ်းနဲစရာ ဝမ်းသာစရာ၊ အဖြေရှာမရတဲ့ပြဿနာပေါင်းများစွာ စတဲ့စတဲ့ရသတွေကို ဟိုးငယ်စဉ်ကတည်းကစလို့ ကြီးပြင်းသေဆုံးချိန်အထိ လူတိုင်းကိုရရှိစေပါတယ်။ ဖိနပ်မပါထီးမပါ လမ်းတကာလှည့်ဈေးရောင်းနေကြတဲ့ကလေးတွေ၊ ကားဂိတ်တွေရထားဘူတာတွေမှာ အတင်းလုရက်ဈေးရောင်းနေကြတဲ့ကလေးတွေ၊ ဟိုနားဒီနားလုယက်မှု့တွေ၊ ဈေးတွေရပ်ကွက်တွေထဲကအော်ဟစ်ဆူညံသံတွေ၊ ရုပ်ရှင်ရုံတို့၊ ဘတ်စ်ကားတို့မှာလုယက်တိုးဝှေ့ရတဲ့အမောတွေ အစုံအစုံပါပဲ။ ပြီးတော့အမှောင်ဘဝတွေကြားရုန်းကန်လှုပ်ရှားကြရတဲ့ထိပ်လန့်တုန်လှုပ်ဖွယ် အထွတ်အထိပ်ရသတွေအပြင် ခိုးကြောင်ခိုးဝတ်လုပ်ရတဲ့ဟာတွေ၊ ရန်ပွဲတွေေ၊ တစ်အိမ်နဲ့တစ်အိမ်နဲ့ကြားလူတစ်ယောက်သွားဖို့တောင်လမ်းမရှိတဲ့ ကျူးကျော်ရပ်ကွက်တွေထဲကပြဿနာမျိုးစုံတွေ၊ အဲ့ဒီအစုံအစုံသော ရသမျိုးစုံတွေကိုပေးနိုင်စွမ်းတဲ့မြန်မာပြည်ကိုတကယ်ပဲလွမ်းမိပါတယ်။
ကျနော်ငယ်စဉ်က မြန်မာပြည်ရဲ့
မြို့တော်ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့ စမ်းချောင်းကအစိုးရအမှု့ထမ်းတွေတာနေခွင့်ရှိတဲ့ ဝေဠုဝန်တိုက်ခန်းမှာနေခဲ့ရတယ်။
တိုက်ခန်းအစုရဲ့ဘေးကပ်ရက်မှာပဲ ကျူးကျော်ရက်ကွက်က ကျနော်တို့နဲ့တရက်ကွက်ထဲလို ရှိနေတယ်။
လမ်းကလေးတခုပဲခြားပါတယ်။ အဲ့ဒီကျူးကျော်ရပ်ကွက်က ကျနော်တို့တိုက်ခန်းစုထက်တောင်ကျယ်နေတယ်။
အဲ့ဒီကျူးကျော်ရပ်ကွက်ရဲ့ အခြားတစ်ဘက်မှာ အင်မတန်ကျယ်လွန်းလှတဲ့ကျန်တောသင်းချိုင်း
ဆိုတာရှိတယ်။ အဲ့ဒီကျန်တောသင်းချိုင်းထဲမှာလဲတဖြည်းဖြည်းနဲ့ နေစရာမရှိတဲ့လူတွေခိုနားရင်းနဲ့
ကျနော်တို့ဘေးကကျူးကျော်ရပ်ကွက်ထက်ကျယ်တဲ့ ကျူးကျော်ရပ်ကွက်ထပ်ပေါ်လာပါတယ်။ အဲ့ဒီထဲမှာဒုစရိုက်မျိုးစုံရှိတာကြောင့်
အဲ့ဒီထဲကိုတော့ကျနော်တို့မသွားရဲ။ ကျနော်တို့တိုက်ခန်းရဲ့အခြား အနောက်ဘက်ကကပ်ရက်အခြမ်းမှာတော့
ဟံသာဝတီရထားဘူတာရှိပါတယ်။ ဘူတာနဲ့ရထားလမ်းတလျောက်လူတရက်ကျော်ကျော်လောက်တာရှိတဲ့ဝါးပင်တွေနဲ့ခြံစည်းရိုးပြုလုပ်ပြီးဝေဠုဝန်တိုက်ခန်းကိုကာရံထားပါတယ်။
ကျနော်တို့ကျောင်းသွားရင် ထွက်ပေါက်လုပ်ထားတဲ့ဝါးရုံဘေးကတဆင့် အဲ့ဒီရထားလမ်းကိုဖြတ်ပြီးအခြားလမ်းတဘက်မှာရှိတဲ့
ကျောင်းကိုလမ်းလျှောက်သွားရပါတယ်။ ကျောင်းနားမှာ ကားဂိတ်မျိုးစုံကလည်းရှိနေတာကြောင့်
အဲ့ဒီတစ်ဝိုက်က ဈေးဆိုင်တွေ လူတွေအမြဲရှုပ်နေတဲ့နေရာပါ။ ရထားလမ်းဘေးမှာကျောင်းရှိနေတာတောင်
ရထားလမ်းကိုဖြတ်ကျော်ကူးတဲ့လမ်းမရှိ၊ ရထားလာရင် တားတဲ့ဂိတ်မရှိ။ ကျနော်သူငယ်တန်းကနေ၁၀တန်းအထိ
အဲ့ဒီရထားလမ်းကနေတံတားမရှိအတားမရှိ ဒီပုံစံအတိုင်းနေ့စဉ်ဖြတ်ကူးပြီးကျောင်းသွားနေကြ၊
တခါတလေ ရထားလမ်းဖြတ်ကူးစဉ် ဘယ်ဘက်ကလာတဲ့ရထားနဲ့ညာဘက်ကလာတဲ့ရထားနှစ်စင်းရဲ့ကြားမှာ ကြုံခဲ့ရတဲ့အခါများဆို
ရင်တထိတ်ထိတ်နဲ့ ရထားကျော်သွားတဲ့အထိ စောင့်နေရတဲ့အခါတွေရှိခဲ့ဘူးပါတယ်။ အဲ့ဒီရထားလမ်းမှာတစ်နှစ်တယောက်အနည်းဆုံးရထားတိုက်ခံရပြီးသေဆုံးတာကြောင့် တစ်နှစ်တစ်ယောက်လူစားတယ်ဆိုပြီးပြောစမှတ်ပြုကြပါတယ်။ ရထားဘူတာမှာဆိုရင်လည်း တစ်ပတ်ကို၂ခါ၃ခါလောက် လုယက်မှု့ဖြစ်နေကြပါ။ လုယက်တဲ့သူတွေက ပစ္စည်းလုပြီးပြီဆိုတာနဲ့
ကျနော်တို့တိုက်ခန်းကြားဖြတ်လမ်းလေးကနေပြီး သင်းချိုင်းကုန်းထဲဝင်ပြေးလေ့ရှိပါတယ်။
သင်းချိုင်းကုန်းထဲဝင်ရောက်တာနဲ့ဘယ်သူမှဆက်မလိုက်ရဲတော့။ အဲ့ဒီထဲမှာလူသတ်သမားတွေပဲရှိသလိုလို
သူခိုးပစ္စည်းလက်ခံတဲ့လူမိုက်တွေပဲနေထိုင်ကြသလို သိထားတာကြောင့် ဘယ်သူမှအထဲအထိဆက်မလိုက်ရဲ။
ရှိမရှိတော့တကယ်မသိ။ ကျနော်တို့ကတော့ အနူရောဂါရနေသူတွေ အဲ့ဒီထဲကထွက်လာပြီးတောင်းရမ်းစားသောက်လေ့ရှိတာကိုတွေ့နေရလေ့ရှိပါတယ်။
တရက်တော့အဲ့ဒီအထဲမှာအကြီးအကျယ် မီးလောင်မှု့ဖြစ်ပါတယ်။ မီးငြိမ်းမည့်သူမရှိ၊ ကယ်သူမရှိ၊
ကူသူမရှိပါ၊ သင်းချိုင်းအပေါက်ဝကနေမီးသတ်ကားတချို့နဲ့စောင့်ပိတ်ရပ်ပြီးလမ်းကို
တားထားလိုက်ရုံပဲလုပ်ပါတယ်။ အထဲမှာပဲလောင်ကျွမ်းစေပြီးကျနော်တို့နေတဲ့ဘက်ကိုမကူးအောင်ပေါ့။
နောက်ပိုင်းတော့ သင်းချိုင်းကုန်းထဲကလူတွေ ခိုကိုးရာမဲ့ပြီး ကျနော်တို့နေတဲ့အိမ်ယာနဲ့
သင်းချိုင်းရဲ့ကြားက ကျန်တောလမ်းဘေးတလျောက် ဖြစ်သလိုနေထိုင်နေကြတာကိုတွေ့ရပါတော့တယ်။
ဝေဠုဝန်တိုက်ခန်းရဲ့တစ်ရပ်ကွက်ကျော်လောက်မှာ မနက်ပိုင်းရောင်းလေ့ရှိတဲ့ ဦးရွှေမန်ဈေးလို့ အမည်ရတဲ့လမ်းဘေး
ဈေးလေးရှိပါတယ်။ ကျနော်တို့ရပ်ကွက်ကလူတွေအဲ့ဒီမှာသွားဝယ်နေကြ။
အဲ့ဒီဈေးကိုသွားရင် ကျနော်တို့တိုက်ဘက်ခြမ်းက လူတွေက ကျူးကျော်ရပ်ကွက်ဘေးက လမ်းကလေးအတိုင်း
သွားရပါတယ်။ အဲ့ဒီလမ်းကသွားရင် ချီးမိုင်းမနင်းမိအောင် သိုင်းကွက်နင်းပြီး ရှောင်ရှားသွားရပါတယ်။
မနက်စောစောစီးစီးကျူးကျော်ရပ်ကွက်ထဲက ကလေးတွေ သူတို့ရဲ့မစင်လာပြီး စွန့်နေကြလေ။ ဈေးရောက်တော့လည်း
လမ်းဘေးမှာဘန်းလေးတွေခင်းပြီး ယင်ကောင်တလောင်းလောင်းနဲ့ ရောင်းနေကြတဲ့ ဈေးသည်တွေဆီကဝယ်ရတာ။
၉နာရီလောက်ဆိုဈေးကမရှိတော့၊ ဒါပေမဲ့ ယင်ကောင်တလောင်းလောင်းအုံနေတဲ့ သားစိမ်းငါးစိမ်းသွေးကွက်တွေနဲ့ အမှိုက်တချို့ကတော့နဲ့စဉ်ကျန်ရှိနေဆဲ။ ရှင်းလင်းသူမရှိ။
ကျနော်လူလားမြောက်အသက်အရွယ်ကြီးရင့်လာတဲ့အထိ ဒီပုံစံအတိုင်းမပြောင်းလဲ၊ ချီးမိုင်းကိုဖြတ်သွားနေရဆဲ၊ ယင်တလောင်းလောင်းအစာကိုစားနေရဆဲ၊ ဈေးကလည်းမြင်နေကြအတိုင်းရှိနေကြအတိုင်း။
ဝေဠုဝန်တိုက်ခန်းက
ဆောက်ခါစကအင်မတန်သန့်ရှင်းပြီး၊ ရန်ကုန်မြို့ရဲ့တမြို့လုံးရဲ့ပထမဦးဆုံးစုပေါင်းစံပြတိုက်ခန်းအဖြစ်တည်ရှိနေခဲ့တာပါ။
နောက်ပိုင်းမှသာမပြုပြင်မပြောင်းလဲမှု့ကြောင့် ဆွေးမြှေ့ပြီးမြို့ဟောင်းကြီးလိုလို။
ကျနော်တို့တွေငယ်စဉ် ကကျူးကျော်ရပ်ကွက်က ကလေးတွေ ကိုယ်တီးလုံးချွတ်နဲ့ရွှံ့တွေဗွက်တွေကြား
ဆော့ကစားနေကြတဲ့ကလေးတွေတွေ့ရင် ကိုယ်လည်းအဲ့ဒီလိုလွတ်လွတ်လပ်လပ်ဆော့ချင်စိတ်ဖြစ်နေကြ။
ဒါပေမဲ့သူတို့တွေကသီးသန့်လိုဖြစ်နေတော့ပါဝင်ရောနောကစားကြတာမျိုးတော့မရှိ။ သူတို့ကစားရင်ကိုယ်ကငေးကြည့်၊
ကျနော်တို့ကစားရင်သူတို့ကငေးကြည့်ယုံလောက်သာ။ ပတ်ဝန်းကျင်အနေအထားအရ ခွဲခြားဆက်ဆံခံရသည်လားတော့မသိ။
တကယ်တန်းကြတော့တိုက်အိမ်နဲ့နေသူများလည်း တနေ့စားရဖို့အရေးရုန်းကန်နေရသည်သာ၊ အမြင်သာကောင်းပေမဲ့
နောက်နေ့စားရဖို့အရေး ချွေတာပြီးထွက်ငွေနဲ့ဝင်ငွေမျှတအောင် ကြိုးစားဆောင်ရွက်နေရသူကြီးသာ။
အပြင်အလုပ်ထပ်ဆောင်းလုပ်ဆောင်နေကြသူတွေသာ အနည်းငယ်သက်သာကြတာပါ။ တိုက်ပေါ်နေကြသူတွေလည်း
ကိုယ်ပိုင်တိုက် ကိုယ်ပိုင်ကားဝယ်နိုင်လိုက်ကြတာမျိုးတို့ တခါမှမတွေ့ဘူး။ နေစရာလေးတည်မြဲနေတာလေးကိုပဲ
ဝမ်းသာနေကြရတာ။ ကံကောင်းလှပြီထင်နေကြတာ။
ကျနော်တို့အားလုံး
ဆရာညီမင်းညိုပြောသလို ပိုနေမြဲကျားနေမြဲ ရတဲ့နေရာလေးမှာပဲ
ဖြစ်သလိုရောင်ရဲတင်းတိမ်နေကြတာ။ (ပိုနေမြဲကျားနေမြဲဆိုတဲ့စကားပုံပေါ်ပေါက်လာပုံကိုမသိသေးသူများရှိကသိချင်လျင်ဤလင့်မှာကြည့်နိုင်ပါတယ်။)https://my.wikipedia.org/wiki/%E1%80%95%E1%80%AD%E1%80%AF%E1%80%94%E1%80%B1%E1%80%99%E1%80%BC%E1%80%B2_%E1%80%80%E1%80%BB%E1%80%AC%E1%80%B8%E1%80%94%E1%80%B1%E1%80%99%E1%80%BC%E1%80%B2
ကျနော်တို့တွေအရင်က
အားလုံးသိတဲ့အတိုင်း ရုပ်ရှင်ကြည့်ရင်လည်း ပျော်ပျော်ကြီးတိုးကြိတ်ပြီးကြည့်ကြ၊ ဘတ်စကားစီးရင်လဲအားမနာတမ်းတိုးကျိတ်ပြီးစီးကြ၊
တသက်လုံးဒီအတိုင်း။ မြန်မာ့ရုပ်ရှင်တွေကိုလည်းကြည့်လိုက်အုံး၊ နှစ်ပေါင်းများစွာသာရုပ်ရှင်ရိုက်လာကြတယ်၊
ပိုတောင်ဆုတ်ရုတ်လာသေးတယ်၊ အကယ်ဒမီဆုရပါတယ်ဆိုတဲ့ မင်းသားမင်းသမီးတွေ၊ ဒါရိုက်တာတွေကအစ
ပေါကားတွေအနှစ်သာရမဲ့ကားတွေထဲကမထွက်ချင်ကြ။ ကြည့်သူတွေကလည်းအရင်အတိုင်းအားပေးမြဲ။
ဆရာအကြည်တော်ကပြောဘူးပါတယ် “အင်မတန်အသိညဏ်နည်းတဲ့ကလေးတစ်ယောက်တောင် ချထားပေးထားတဲ့ကျင်းထဲက ထွက်နိုင်အောင်ကြိုးစားနိုင်ရင် အသိညဏ်ရှိတဲ့ကျနော်တို့ဘာကြောင့်မထွက်နိုင်ရမှာလဲ၊ စပယ်ရာဆိုတဲ့ကျင်း၊ ဒရိုင်ဘာဆိုတဲ့ကျင်း၊ အများနဲ့မတည့်တဲ့ကျင်း၊ ဘာမှအသုံးမကျတဲ့ကျင်း ဆင်းရဲတွင်းကျတဲ့ကျင်း၊ အရက်သမားဆိုတဲ့ကျင်း၊ ဆေးသမားဆိုတဲ့ကျင်း၊ ကလေးတွေစာမေးပွဲမအောင်ဘူးဆိုတဲ့ကျင်း အဲ့ဒီတွေထဲကဘာဖြစ်လို့မထွက်နိုင်ကြတာလဲ၊ အဖြေကရိုးရှင်းပါတယ်၊ မထွက်ချင်လို့မထွက်တာပဲ၊”
တကယ်ကိုအမှန်ပါပဲ။
မထွက်ချင်လို့မထွက်ကြတာပဲဖြစ်ပါတယ်။ တိုင်းပြည်ကိုအုတ်ချုပ်တဲ့သူကိုယ်တိုင်က ဒီလောဘဆိုတဲ့ကျင်းထဲကမထွက်ချင်၊
နိုင်ငံတကာအလယ်မှာအပယ်ခံဘဝကမထွက်ချင်၊ ကျနော်တို့ပြည်သူတွေကလည်း ရှင်သန်ခွင့်ရနေတဲ့အခြေအနေလေးမှာပဲ
ကျေနပ်ပီတိဖြစ်နေကြရတော့တာပဲလေ။ ကိုယ်ရောက်နေတဲ့ကျင်းထဲကို အစာလေးများချကျွေးလိုက်ရင်ဝမ်းတွေတာလို့၊
ကျေးဇူးတွေတင်လို့။
ကျနော်တို့တွေ
ဆွေစဉ်မျိုးဆက် ဒီကျင်းလေးထဲမှာပဲပျော်မွေ့နေကြတယ်။ ကျေနပ်နေကြတယ်။ ကိုယ့်ထက်နိမ့်ကျသူကိုသာကြည့်ပြီး
ကံကောင်းနေပြီလို့ကိုယူဆနေကြတယ်။ ကမ္ဘာမှာသူများတွေကျနော်တို့နဲ့ဘယ်လောက်တောင်ကွာဟ
တိုးတက်နေတယ်ဆိုတာအားလုံးအသိ။ လူလူချင်းအတူတူ သူတို့တောင်လုပ်နိုင်ရင်ကျနော်တို့အားလုံးဘာလို့မလုပ်နိုင်ရမှာလဲ။
ဘာလို့ ပိုနေမြဲကျားနေမြဲကျင်းထဲကမထွက်နိုင်ရမှာလဲ။ ။
No comments:
Post a Comment